ကမ်းနီရွာသားများက ရန်ကုန်သို့ အကြောင်းကိစ္စမရှိဘဲ ရောက်လေ့မရှိ။ ယင်းရွာလေးတွင် ဘုရားမဖူးရသေးသည့် ရွာသားများမှာ အများအပြားရှိပြီး ပုံစံအမျိုးမျိုးဖြင့် ရိုက်ထားသည့် ဓာတ်ပုံများ၊ ရုပ်ပုံကားချပ်များမှ ရွှေတိဂုံစေတီတော်ကိုသာ ဖူးမြော်ဖူးကြောင်း ကမ်းနီရွာသား ဦးဉာဏ်မြင့်က အသေးစိတ်ပြောပြသည်။
“ရွာမှာ မဖူးရသေးတဲ့လူတွေ အများကြီးရယ်။ တစ်ရွာလုံးနီးပါး ကျွန်တော်ကိုယ်တိုင်လည်း မဖူးရသေးဘူး၊ ရန်ကုန်လည်း မရောက်ဖူးဘူး” ဟု ဦးဉာဏ်မြင့်က ဆိုသည်။
နှစ်ပေါင်း ၂၆၀၀ ကျော် သက်တမ်းရှိသော ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ခွင့်မှာ လက်ရှိအချိန်တွင် မြို့ပြဖွှံဖြိုးမှု၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
ယခုနှစ်ဆန်းပိုင်းအတွင်း ရွှေတိဂုံစေတီတော်ကြီး၏ ကြံ့ခိုင်မှုနှင့် ပတ်သက်၍ ပြည်သူများနှင့် ပညာရှင်များ၏ စိုးရိမ်မှုမှာ မြင့်တက်လာသည်။ အကြောင်းမှာ ဦးထောင်ဘိုအဝိုင်းအနီး ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ စစ်တပ်ပိုင်မြေတွင် တည်ဆောက်မည့် စီမံကိန်းငါးခုကြောင့် ဖြစ်သည်။ ဆောက်လုပ်မည်မြေမှာ တပ်ပိုင်မြေဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန အမည်ပေါက်ဖြစ်သည်။
စီမံကိန်းငါးခုအနက် တစ်ခု၏ အမည်က ဒဂုံစီးတီး ၁။ တာဝန်ယူမည်က Marga Landmark။ စီမံကိန်းတွင် အိမ်ရာအဆောက်အအုံများ၊ ဈေးဝယ်စင်တာများ ပါဝင်မည်ဖြစ်ပြီး အောက်ခြေနှစ်ထပ် အပါအဝင် ၁၂ ထပ် တိုက်နှစ်လုံး၊ ၁၀ ထပ်တိုက် တစ်လုံး၊ အကျယ်က ၂၂ ဧက ဖြစ်သည်။ ယင်းစီမံကိန်းသည် လက်ရှိတွင်လည်း တည်ဆောက်နေပြီး ပြည်သူများက စိတ်ဝင်တစား ရှိကြသည့် စီမံကိန်းလည်း ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် လည်းကောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၄ ခုနှစ် မတ်လ ၁၂ ရက်တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း စီမံကိန်းကို တရားဝင်ခွင့်ပြုခဲ့ကြောင်း Marga Landmark က ယခုနှစ် မေလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ယင်းစီမံကိန်းနှင့် ပတ်သက်၍ ပညာရှင်များ၏ ဝေဖန်ထောက်ပြမှုများ ပေါ်ပေါက်လာပြီး နောက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇန်နဝါရီလ ၂၂ ရက်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်း စီမံကိန်းလုပ်ငန်းများ ရပ်နားရန် ညွှန်ကြားခဲ့သည်။
စီမံကိန်း လုပ်ဆောင်မည့် နေရာသည် ရွှေတိဂုံစေတီတော်၊ မဟာဝိဇယစေတီတော်၊ အလံပြဘုရား စသည့် တန်ခိုးကြီးဘုရားများ၊ ယဉ်ကျေးမှုအမွေအနှစ် ရှိရာများနှင့် နီးကပ်စွာ ရှိသောကြောင့် ရပ်ဆိုင်းရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ထိုပြင် ရွှေတိဂုံစေတီတော် တည်ရှိရာ သိင်္ဂုတ္တရကုန်းတော်နှင့် ဆက်စပ်သော ဝန်းကျင်ရှိ လုပ်ငန်းစီမံချက် Master Plan ရေးဆွဲရေးအတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်အသင်း (Technical Team) ကို ဖွဲ့စည်းရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ မတ်လ ၁၀ ရက်နေ့တွင် အကြောင်းကြားခဲ့သည်။
ယင်းကြောင့်ပင် တတ်သိပညာရှင် ၁၂ ဦး ပါဝင်သော Technical Team ကို ဖွဲ့စည်းခဲ့ပြီး ရွှေတိဂုံစေတီတော် ဝန်းကျင်ရှိ စီမံကိန်းများနှင့် ပတ်သက်၍ ဂရုပြုလိုက်နာရမည့် အချက်ခြောက်ချက်ကို ဖော်ပြခဲ့သည်။
သိဂုင်္တ္တရကုန်းတော်၏ လက်တံ (မြေ) ကို ကြီးမားစွာ မဖြတ်တောက်ရေး၊ မြေကြီးကို ကြီးမားစွာ ဖြတ်တောက်ခြင်း မပြုသောပုံစံဖြင့် စီမံကိန်း လုပ်ဆောင်ရန်၊ သိင်္ဂုတ္တရကုန်းတော်၏ အောက်ခံအမာခံမြေ မထိခိုက်ရေး၊ စီမံကိန်းငါးခုကို တပေါင်းတည်း လွှမ်းခြုံအကောင်အထည်ဖော်ရေး၊ သဘာဝရေဆင်းမြောင်းများ ဆက်လက်ထိန်းသိမ်းထားရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးတို့အတွက် အလေးထားဆောင်ရွက်ရန် ဟူသည့် အချက်ခြောက်ချက် ဖြစ်သည်။
စီမံကိန်းဖော်ဆောင်ရာတွင် တာဝန်ရှိသူများ ခွင့်ပြုချက်ပေးထားသည့်အတိုင်း ဖိဖိစီးစီး လိုက်နာဆောင်ရွက်မည် ဖြစ်ပြီး သိင်္ဂုတ္တရကုန်းတော်၏ အောက်ခံမြေသားနှင့် မြေအောက်ရေအား လုံးဝမထိခိုက်စေဘဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Marga Landmark က ကတိပြုထားသည်။
မေလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော ရွှေတိဂုံ ရေရှည်တည်တံ့ရေး (Save Shwedagon) ဆွေးနွေးပွဲတွင် ဒေါက်တာသန့်မြင့်ဦး၏ စာတမ်းအပါအဝင် မြို့ပြပညာရှင်၊ ဗိသုကာပညာရှင်၊ ရေအရင်းအမြစ် ပညာရှင် အစရှိသည့် ပညာရှင်ကိုးဦးက ၎င်းတို့၏ အမြင်များကို ဖော်ထုတ်ဆွေးနွေးခဲ့ကြသည်။
ပညာရှင်များ၏ ဘုံသဘောတူညီချက်မှာ ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်ကို Public Area (အများပိုင်နေရာ) အဖြစ်သာ ထားရှိပြီး စေတီတော်ကြီး၏ မြင်ကွင်းနှင့် ကြံ့ခိုင်မှုကို ထိခိုက်မည့် မည်သည့်စီမံကိန်းများ တည်ဆောက်မှုကိုမဆို မလုပ်ဆောင်သင့်ကြောင်း ပြောကြားသည်။
ထိုပြင် ရွှေတိဂုံစေတီတော် ဝန်းကျင်ရှိ ဆောက်လုပ်ရေး စီမံကိန်းများသည် မြေအောက်ရေ ထုတ်ယူသုံးစွဲမှု မြင့်မားလာပါက မြေထုနိမ့်ကျသွားနိုင်ကြောင်း အဆိုပါ ပညာရှင်များက ဆိုသည်။
မြန်မာနိုင်ငံတွင် မြေအောက်ရေ သုံးစွဲမှုကြောင့် မြေထုနိမ့်ကျမှု ဖြစ်စဉ်များကို သုတေသနလုပ်ဆောင်ခြင်း မရှိ၍ အတိအကျပြောရန် ခက်သော်လည်း အမေရိကန်နိုင်ငံတွင် ၁၉၂၅ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း မြေထုသည် ၁၁ ပေခန့်၊ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ နှစ်ပေါင်း ၂၂ နှစ်အတွင်း မြေထုသည် ၁၁ ပေခန့် ထပ်မံနိမ့်ကျခဲ့သည့် သာဓကများ ရှိကြောင်း နယ်သာလန်နိုင်ငံ တက္ကသိုလ်မှ ရေအရင်းအမြစ်ဆိုင်ရာ ဒေါက်တာဘွဲ့ ရရှိထားသူ ဒေါ်ခင်နီနီသိန်းက ဆိုသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူကလည်း အစိုးရ၏ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ “နည်းပညာက ပြဿနာ မဟုတ်ဘူး၊ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုမရှိလို့ ပြဿနာ ဖြစ်နေတာ၊ ဥပဒေက ယင်နဲ့ခြင်ပဲ ဖမ်းလို့ရတယ်၊ ဆင်ဖမ်းလို့ မရဘူးလို့ ဥပဒေသမားတစ်ဦးက ပြောဖူးတယ်၊ ကုမ္ပဏီတွေက CSR ဆိုပြီး လုပ်နေပေမယ့် ပတ်ဝန်းကျင် တန်းဖိုးသတ်မှတ်ရတာ တော်တ်ာခက်ပါတယ်၊ အစိုးရဌာနရဲ့ တာဝန်ယူ၊ တာဝန်ခံမှုတွေ လိုအပ်တယ်” ဟု မှတ်ချက်ပြုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇) ဦးခင်လှိုင်ကလည်း အဆိုပါစီမံကိန်းကို ကန့်ကွက်ထားပြီး လမ်းပိတ်ဆို့မှု၊ မြေအောက်ရေဆုံးရှုံးမှုနှင့် သိဂုင်္တ္တရကုန်းတော်ကြီးကို ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ပြောကြားသည်။
စီမံကိန်းသည် တပ်ပိုင်မြေတွင်တည် ဆောက်ခြင်းဖြစ်သောကြောင့် တပ်စည်ပင် ဥပဒေဖြင့် ပိုမိုအကျုံးဝင်ကြောင်း ၎င်းကဆိုသည်။
ထိုပြင် ရန်ကုန်မြို့သို့ဝင်လျှင် ရွှေတိဂုံစေတီတော်ကြီးကို တွေ့မြင်နိုင်ပြီး အိမ်ရာစီမံကိန်းများကြောင့် မြင်ကွင်းကွယ်သွားမှုကို မဖြစ်စေလိုကြောင်း ဗိသုကာပညာရှင် ဒေါ်လှိုင်မော်ဦးက ဆိုသည်။
“ရွှေတိဂုံစေတီတော်အောက်မှာ ရေကြောရှိတယ်လို့တော့ ယောက်ခယ်မ ပြောတာ ကြားဖူးတယ်။ အဲဒါက ပင်လယ်ကို ပေါက်တယ်လို့ ပြောတယ်။ သူက ရဲလေ။ ရွှေတိဂုံဘုရား လုံခြုံရေးစောင့်တုန်းက သိလာတယ်လို့ ပြောတယ်။ ရှိရှိ မရှိရှိ အိမ်ရာစီမံကိန်းတွေနဲ့ ဈေးဝယ်စင်တာတွေ ဒီလောက်ပေါတာကို ဘာလို့ ဒီနေရာမှာမှ ဆောက်ချင်တာလဲ” ဟု မြောက်ဥက္ကလာပ မြို့နယ်နေ အငှားယာဉ်မောင်း ဦးအောင်ဇော်ဦးက မှတ်ချက်ပြုသည်။
စီမံကိန်းနှင့် ပတ်သက်၍ အချို့မှာ အခြေအမြစ်ရှိသော ထင်မြင်ချက်များနှင့် စွပ်စွဲချက်များကို ပြုလုပ်လျက်ရှိပြီး ယင်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေးအမြတ်ထုတ်မှု၊ စီးပွားရေး အမြတ်ထုတ်မှုများ ရှိနိုင်သည်ဟု တွေးတောမိကြောင်း Maga Landmark က မေလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုပြင် ယခုနှစ် ဇန်နဝါရီလတိုင်အောင် ဒဂုံစီးတီး ၁ စီမံကိန်းအပေါ် ပြည်သူများ၏ အနုတ်လက္ခဏာဆောင်သော တုံ့ပြန်ဝေဖန်မှုကို မတွေ့ရဘဲ အောင်မြင်ခဲ့ကြောင်း အဆိုပါကုမ္မဏီက ဆိုသည်။
“ဘုရားကလည်း သူ့တန်ဖိုးသူရှိသလို လူတွေကလည်း စေတီတော်ကြီး ရေရှည်တည်တံ့ရေး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ လိုအပ်ပါတယ်” ဟု ရန်ကုန်နည်းပညာတက္ကသိုလ် (မြို့ပြအင်ဂျင်နီယာဌာန) ပါမောက္ခ ဒေါက်တာဉာဏ်မြင့်ကျော်က မှတ်ချက်ပြုသည်။
မြန်မာ့သမိုင်း၏ တစ်ဦးတည်းသော ဘုရင်မကြီး ရှင်စောပုကလည်း ဇရာအရွယ် နာမကျန်းဖြစ်ချိန်များတွင် စေတီတော် အနောက်တောင်ဘက် စံအိမ်တော်ပြတင်းမှ နေ၍ ရွှေတိဂုံကို လှမ်းမျှော်ကြည်ညိုရင်း ဘဝနေဝင်ချိန်များကို ဖြတ်ကျော်ခဲ့ဖူးသည်။ စစ်သူကြီး မဟာဗန္ဓုလက နယ်ချဲ့အင်္ဂလိပ်များကို ရင်ဆိုင်ရန်အတွက် ရွှေတိဂုံကုန်းတော်ပေါ်တွင် တပ်စွဲ၍ မြန်မာ့အားမာန်ကို ပြသခဲ့ဖူးသည်။
ရွှေတိဂုံသည် မြန်မာ့ပြယုဂ်။ ရွှေတိဂုံသည် မြန်မာ့အားမာန်။ ရွှေတိဂုံသည် မြန်မာ့ယဉ်ကျေးမှုတို့ ဖော်ညွှန်းရာဖြစ်ခဲ့ ဖြစ်ဆဲ ဖြစ်လတ္တံ့ပင်။
သမိုင်းကြောင်းများ၊ ဂုဏ်ယူမှုများဖြင့် ထုံမွမ်းအပ်ကုန်သော ရွှေတိဂုံစေတီတော်၏ ရေရှည်တည်မြဲမှုသည်ကား ယခုအချိန်တွင် ပြည်သူများနှင့် ပညာရှင်များက စိုးရိမ်မှုများဖြင့် စောင့်ကြည့်လျက် ရှိတော့သည်။
“အခုလို ဆောက်မယ်ဆိုရင် မြင်ကွင်းကွယ်သွားမှာ စိုးတယ်။ ကမ္ဘာမှာ ဗုဒ္ဓဘာသာနိုင်ငံ မြန်မာမှာပဲ ရွှေတိဂုံလိုဘုရားကြီး ရှိတာ။ ဘာတွေဖြစ်နေလဲဆိုတာ သေချာမသိရပေမယ့် အပြင်မှာ မျက်စိနဲ့ မမြင်ရသေးတဲ့ ဘုရားကြီး ပျောက်ကွယ်သွားမှာ စိုးရိမ်တယ်” ဟု ကမ်းနီရွာသား ဦးဉာဏ်မြင့်က ဆိုလေသည်။
တစ်ခေတ်တစ်ခါက နာမည်ကြီး အဆိုတော် ကေတုဝင်းထွဋ်၏ “ရွှေတိဂုံကို မြင်လျှင်” တေးသီချင်းကို မြန်မာ့အသံတွင် မကြာခဏ ကြားခဲ့ရဖူးသည်။
“နေရောင်အောင်မှာ ရွှေတောင်ပေါက်ကာ xxxxxx သိဂုင်္တ္တရ တောင်ပေါ်တခွင် ဘယ်ကကြည့်ကြည့် ကြည်ညိုမိတော့ ဖြစ်အင် ရိုကျိုးရှိခိုး လှုပ်နှိုးစိတ်တွင် (ရွှေတိဂုံကိုမြင်လျှင်) ၂ xxx ကိုယ့်ရေ ကိုယ်မြေ ကိုယ့်လေကိုပင် ပြန်ရောက်ပြီလို့ စိတ်အားလွန်ပျော်ရွှင်”
နောင်တစ်ချိန်တွင် ... ရွှေတိဂုံကို မမြင်လျှင်ဖြင့်...
ရဲနိုင်ဦး၊ ဥမ္မာလွင်
- See more at: http://thevoicemyanmar.com/index.php/article/item/7059-stg#sthash.K6Aw97Rg.dpuf
0 comments:
Post a Comment