
အနုပညာ လောကမှာ အကယ်ဒမီကြယ်ပွင့် မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပြီး ကနေ့အချိန်ထိ အောင်မြင်မှုများ ရရှိနေတဲ့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်က “အခက်အခဲ ဆိုတာ လူတိုင်း ကြုံတွေ့ နေရတဲ့အရာပါပဲ၊ လူဖြစ်နေတာကိုး။ မမို့ တို့ခေတ်တုန်းက ကြုံတွေ့ရတာက စစချင်းမှာ ဖလင်တွေ ရှားတယ်၊ နောက်ကာလာတွေပေါ် လာတယ်။ ကိုယ်တွေ ကံကောင်းပြီပေါ့။ အဲဒီအတွင်းမှာ မမို့ ဇာတ်ကားတွေ အများကြီးပဲ ထွက်ခဲ့တယ်။ နောက်တစ်ခါ ရုပ်ရှင်ရုံတွေက ဟိုတယ်တွေဖြစ် သွား ပြန်ရော ။ နောက်တစ်ခါ လုံးဝဖလင်တွေ မရတော့ပြန်ဘူး။ အရေးအခင်း ဖြစ်သွားပြန်ပြီ။ အဲဒါမျိုးတွေ အများကြီး ကြုံခဲ့ရတယ်။ အဲဒီအထဲက ရုန်းကန်ပြီး ထထမတ်တတ် ရပ်ရ တယ်။ ရုပ်ရှင်သမားတွေ လဲပြိုသွား လိုက်၊ ပြန်ထလုပ်လိုက် လုပ်နေရတယ်။ အခုအချိန်ထိ ရပ်တည်နိုင်ဖို့ က ပညာဝမ်းစာ၊ ပါရမီတွေ ရှိဖို့လိုတယ် ။အထူးသဖြင့် အနုပညာ သမားက အနုပညာကို ချစ်နေမှရတာ။ သူ့ကိုမချစ်ရင် သူက လည်း ကိုယ့်ကို ပြန်မချစ်တတ်ဘူး”လို့ ပြောပါတယ်။
အခုခေတ်မှာ အနုပညာကို ဝါသနာပါတဲ့ လူငယ်တွေ အတွက် အကြံပြုစကားပြောတဲ့ မို့မို့မြင့်အောင်က “အခုခေတ်မှာ လူငယ်တွေ အတွက် အခွင့်အရေးတွေ တအား များတယ်။ လုပ်တဲ့လူလည်း များတယ်။ ဒါပေမဲ့ ဝါယမစိုက်မှု အားနည်းတယ်၊ ကုန်ကြမ်းရှာမှု အားနည်းတယ်။ ဖြစ်ချင်တာပဲ သိတယ်။ ဘာလုပ်ရမှန်းမသိဘူး။ မှတ်တိုင် ထူဖို့ လည်းမသိဘူး”လို့ ပြောပါတယ်။ လတ်တလောမှာ မို့မို့မြင့်အောင်က ဒါရိုက်တာ ခင်စောမျိုး ရိုက်ကူးတဲ့ “ရပ်ကွက်ဘုရင်မ” ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးနေပြီး စွာကျယ်မ အဖြစ် သရုပ်ဆောင်ထားကြောင်း ပြောပါတယ်။
မို့မို့မြင့်အောင်က ၁၉၈၄ ခုနှစ်မှာ နှလုံးသားမြို့တော် ဇာတ်ကားနဲ့ ပထမဆုံး အမျိုးသမီးဇာတ် ပို့ဆု၊၁၉၈၉ ခုနှစ်မှာ ခပ်စိမ်းစိမ်းနေပါမယ် ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု၊ ၁၉၉၄ ခုနှစ်မှာတော့ မသုဓမ္မစာရီ ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု၊ ၁၉၉၁ ခုနှစ်မှာ သမီးနှင့် အမေ များ ဇာတ်ကား နဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု၊ ၂ဝဝ၈ ခုနှစ်က မြင့်မိုရ်ထက်က သရဖူဖြင့် အမျိုးသမီး ဇာတ်ဆောင်ဆု များရရှိခဲ့ တာကြောင့် စုစုပေါင်း အကယ်ဒမီ ၅ ဆု ရရှိထားသူပဲဖြစ်ပါတယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
Source:popularmyanmar.com
0 comments:
Post a Comment