စစ်တွေမြို့နယ် ၊ ဓည၀တီ (က) ရပ်ကွက်တွင် အသက် ရှစ်နှစ်ခန့်ရှိ သူငယ်တန်း ကျောင်းသူ တစ်ဦးကို ခမရ ၃၅၄ မှ တပ်သား နေလင်းအောင်က အဓမ္မပြုကျင့်သည်ဟု ယူဆ ရသောကြောင့် ဒေသကွပ်ကဲမှူး စစ်ဌာနချူပ် ဒုစစ်ဦးစီးမှူး ဗိုလ်မှူးကြီး ခင်စိုးဦးစီးပြီး အမှတ် (၁) ရဲစခန်းတွင် စစ်ဆေးနေကြောင်း သိရှိ ရသည်။
အဆိုပါ အမျိုးသမီးငယ်သည် ကျန်းမာရေး မကောင်းသဖြင့် စစ်တွေ ပြည်သူ့ဆေးရုံမှ ဆင်းကာ အနားယူခါစ သုံးရက်မြောက်နေ့၌ ဖခင်ဖြစ်သူက စက်တင်ဘာ ၂၂ ရက်နေ့ည ၁၀ နာရီအချိန်ခန့်တွင် ဆေးလိပ်အပြင် ထွက်ဝယ်စဉ် စစ်တွေအခြေစိုက် ခမရ ၃၅၄ မှ ကိုယ်ပိုင်အမှတ် တ ၂၈၇၇၅၃ တပ်သား နေလင်းအောင် (ခေါ်) ဦးနေ၀င်းသည် အိမ်ပေါ်တက်ကာ အတင်းအဓမ္မ မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ပြီး အစ်ကိုဖြစ်သူ ဆိုက္ကားနင်း ၍ ပြန်လာချိန်တွင် တွေ့ရှိသဖြင့် အိမ်နီးချင်းများကို အော်ဟစ်အကူ အညီတောင်းပြီး ဖမ်းဆီးခဲ့ကြောင်း စစ်တွေမြို့အမှတ် ၁ ရဲစခန်း၏ မှတ်တမ်းများအရ သိရသည် ။
“တရားခံက တပ်မတော်သားဆိုတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆေးနေရတယ်ပေါ့ ။ တရားခံကိုတော့ ရဲစခန်းက ဖမ်းထားတာပါ ။ ဒီနေ့ မနက် ၁၀ နာရီလောက်ကတည်းက စစ်ဆေးနေတာပါ ။ တရားခံရဲ့ သက်ဆိုင်ရာတပ်ရဲ့ တပ်ဆွယ်မှူး ၊ တပ်ရင်းမှူးတို့လည်း စစ်ဆေးရေးအဖွဲ့ထဲ ပါပါတယ်” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး ဒုပြည်နယ်မှူး ရဲမှူးသစ်ဆန်းက ပြောသည် ။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ မလိုလားအပ်သော ဆူပူမှုများ ဖြစ်ပေါ်လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြောင်းကိုလည်း သိရသည် ။
တရားခံဟု သတ်မှတ်ခံထားရသူကို စစ်တွေမြို့အမှတ် (၁) ရဲစခန်းက ပုဒ်မ ၃၇၆ နှင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည် ။
MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
0 comments:
Post a Comment