
အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က အသက် ၇၆ နှစ်အရွယ် မုဆိုးမ ဇာကီယာ ဂျာဖရီက လက်ရှိ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီကို တရားစွဲထားတဲ့ နောက်ဆုံး တရားရုံး စွဲဆိုချက်ကို စလိုက်ပါပြီ။
၂၀၀၂ ခုနှစ်က မိုဒီဟာ ဂူဂျာရတ်ပြည်နယ်မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် လူသေဆုံးတဲ့ အဓိကရုဏ်းတွေအတွင်း သူ့ခင်ပွန်းသည် သေဆုံးခဲ့မှုအတွက် တရားစွဲခဲ့တာပါ။
ဇာကီယာရဲ့ ခင်ပွန်းသည်ဟာ အခု အတိုက်အခံပါတီ ဖြစ်နေတဲ့ ကွန်ဂရက်စ်ပါတီက လွှတ်တော်အမတ် ဖြစ်ခဲ့ပြီး အဓိကရုဏ်းတွေအတွင်း ဟိန္ဒူ လူရမ်းကားတွေက သေတဲ့အထိ ရိုက်သတ်တာ ခံခဲ့ရပါတယ်။
အကြမ်းဖက်မှုအတွင်း ဇာကီယာရဲ့ ၂ ထပ်အိမ်ထဲမှာ နေထိုင်သူ ၆၉ ဦး အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရပါတယ်။
၂၀၀၂ ခုနှစ် အဓိကရုဏ်းအတွင်း မွတ်စလင်အများစု ဖြစ်တဲ့ လူအယောက် ၁၀၀၀ လောက် သေဆုံးခဲ့ပါတယ်။
ဂူဂျာရတ်ပြည်နယ် အဓိကရုဏ်းဟာ လွတ်လပ်ရေးရအပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး ဘာသာရေး အကြမ်းဖက်မှုတွေထဲက တခု ဖြစ်ခဲ့ပါတယ်။
မိုဒီကတော့ ဒီမတည်ငြိမ်မှုမှာ သူမပါဘူးလို့ ငြင်းခဲ့တာပါ။
တရားရုံးချုပ်က ဝန်ကြီးချုပ်ကို တရားစွဲဖို့ သက်သေမလုံလောက်ဘူးလို့ ၂၀၁၃ ခုနှစ်မှာ ပြောပါတယ်။ ဒါဟာ တတိယအကြိမ်မြောက် စုံစမ်းစစ်ဆေးမှုလည်း ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ဝန်ကြီးချုပ်ဟာ အမာခံ ဟိန္ဒူ အမျိုးသားရေးဝါဒီအဖြစ် သူ့ရဲ့ နိုင်ငံတကာ ပုံရိပ်ကို ပြန်ရုပ်သိမ်းခဲ့ပြီး စီးပွားရေး တိုးတက်ဖို့ ပြုပြင် ပြောင်းလဲရေးသမားအဖြစ် အသွင်ယူခဲ့လို့ ၂၀၁၄ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။
အရင်လကတော့ ဇာကီယာရဲ့ အမှုကို ကူညီပေးနေပြီး အဓိကရုဏ်းတွေအတွင်း ဓားစာခံ ဖြစ်ခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ လူတွေကို ကိုယ်စားပြုတဲ့ တက်ကြွလှုပ်ရှားသူ တီးစတာ စေတယ်လ်ဗာ့ဒ်ရဲ့အိမ်နဲ့ ရုံးတွေကို ပြည်ထောင်စုရဲ စုံစမ်းစစ်ဆေးရေး အဖွဲ့က အတုလုပ်တယ်လို့ စွပ်စွဲ စီးနင်းခဲ့ပါတယ်။
ဝန်ကြီးချုပ်ရုံးက ဒီစိန်ခေါ်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ ဝန်ကြီးချုပ်ရဲ့ အာဏာရပါတီ ဘီဂျေပီကလည်း မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။
ဒီ အဓိကရုဏ်းဟာ မိုဒီရဲ့ နိုင်ငံတကာ ဂုဏ်သိက္ခာကို ဆယ်စုနှစ်ချီ စွန်းထင်းခဲ့တာပါ။
အမေရိကန် အစိုးရက သူ့ကို ၂၀၀၅ မှာ ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့ပြီး ရွေးကောက်ပွဲ နိုင်အပြီးမှ အလည်အပတ် လက်ခံခဲ့ပါတယ်။
ဒီသီတင်းပတ် နှောင်းပိုင်းမှာ မိုဒီဟာ အမေရိကန်ကို ဒုတိယအကြိမ် ခရီးထွက်ဖို့ စီစဉ်ထားပါတယ်။
ဝန်ကြီးချုပ်ရုံးက အရာရှိတယောက်ကတော့ မိုဒီဟာ ဒီအမှုကြောင့် အအိပ်မပျက်ဘဲ ဒီအမှုကို ဘယ်သူက စီရင်ဆုံးဖြတ်မလဲဆိုတာ စုံစမ်းခဲ့တယ်လို့ ပြောပါတယ်။
Source....http://burmese.dvb.no
0 comments:
Post a Comment