စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒလက်အုပ်စု၊ အနောက်ရွာတွင် စက်တင်ဘာ၂၂ရက်နေ့က ရခိုင်အမျိုးသားပါတီ ရဲ့ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
ဆိုင်းဘုတ် အဖျက်ဆီးခံခဲ့ရသည့် အတွက် ကျေးရွာပါတီ တာဝန်ရှိသူများမှ အမ်းမြို့နယ်ပါတီရုံးသို့ ဖုန်းဆက်ပြီး အကြောင်းကြားလာသည်ဟု အမ်းမြို့နယ် ရခိုင်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူး ဦးဇော်မင်း ကပြောသည်။
“ ပါတီဆိုင်းဘုတ်အဖျက်ခံရတာဟုတ်ပါတယ်။ ပါတီဆိုင်းဘုတ်အဖျက်ခံရတာနဲ့ ပတ်သက်ပြီးတော့ စက်တင်ဘာ ၂၃ရက်နေ့မှာ ကျေးရွာပါတီက အနောက်ရွာရဲစခန်းမှာ တိုင်တန်းထားပါတယ်” ဟုဦးဇော်မင်းက နိရဉ္စရာသို့ ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း အမ်းမြို့နယ် မွှားအုပ်စု၊ ပဒဲကြောကျေးရွာတွင် ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်နှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ် တစ်ညတည်းတွင် ဖျက်ဆီးခံရဖူးကြောင်း သိရသည်။
စက်တင်ဘာ၂၃ ရက်နေ့တွင် ဒလက်အုပ်စု၊ အနောက်ရွာ၌ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ဆိုင်းဘုတ်ကို ဖြုတ်ချရန် လူတစ်စုက ဖိအားပေးမှုများ ရှိသည်ဟု ၎င်းကျေးရွာသားတွေက ဖုန်းဆက်၍ပြောဆိုကြောင်း ဦးဇော်မင်း ကပြောသည်။
အမ်းမြို့နယ်၊ ဒလက်အုပ်စု၊ အနောက်ရွာသည် အမှတ်(၂) မဲဆန္ဒနယ်မြေဖြစ်ကြောင်း သိရသည်။
(ယခု ဖော်ပြ ဓာတ်ပုံများမှာ ၂၀၁၅ ဖေဖော်ဝါရီလ အတွင်းက အမ်းမြို့နယ် ၊ မွှားအုပ်စု၊ ပဒဲကြောရွာ တွင်ဖျက်ဆီးခံရသော ANPဆိုင်းဘုတ်နှင့် ချင်းအမျိုးသားဒီမိုကရေစီဆိုင်းဘုတ်ဖြစ်ပါသည်။ ဓာတ်ပုံ/ နိရဉ္စရာ)
ကျော်ဝင်း( ကျောက်ဖြူ)
Arakan State
0 comments:
Post a Comment