တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၇ နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပါတီဗဟိုရုံးချုပ်မှာ ကျင်းပခဲ့စဉ်။ Photo: Thiha Tun/RFA |
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၇ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပါတီဗဟိုရုံးချုပ်မှာ ကျင်းပခဲ့ရာမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟန်ရွှေက ပါတီရဲ့ ထုတ်ပြန်ချက်ကို အခုလို ပြောပါတယ်။
"တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသည် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီး လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး နိုင်ငံတော်နဲ့ ပြည်သူတို့၏ ဂုဏ်သိက္ခာထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် အစိုးရ ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ မဲဆန္ဒရှင်ပြည်သူများနဲ့အတူ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ နိုင်ငံရေးကျင့်ဝတ်များနဲ့အညီ ပူးပေါင်းဖော်ဆောင်သွားရမည် ဖြစ်ပါသည်"
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၇၅၆ ဦး ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ နှစ်ခုထဲသာ အဓိကယှဉ်ပြိုင်ခဲ့ရပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ပါ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ပိုပြီးခက်ခဲမယ်လို့လည်း ပြောပါတယ်။
၁၉၈၈ အရေးတော်ပုံကြီးအပြီးမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကနေ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှာ ပါတီဝင်အင်အား လေးသိန်း ၇သောင်းကျော်ရှိပြီး ဒီနေ့ ပြုလုပ်တဲ့ပွဲကို တစညပါတီဝင် ၁၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
0 comments:
Post a Comment