Super Models ဆိုတဲ့ အဖွဲ့မှာ ပန်းအိဆိုတဲ့ ကောင်မလေးကို ပရိသတ်တွေ စိတ်ဝင်တစားနဲ့မှတ်မိကြမှာပါ။ အဖွဲ့စဖွဲ့တုန်းက မိန်းကလေးပုံစံနဲ့စသိခဲ့ကြပေမဲ့ ကြားထဲမှာ Tomboy ပုံစံပြောင်းသွားပြီး လက်ရှိမှာ မိန်းကလေး တစ်ယောက်ပုံစံနဲ့ပြန်လည် လှုပ်ရှားနေပြီဖြစ်တဲ့ ပန်းအိနဲ့တွေ့ဆုံခိုက် အချစ်အကြောင်း၊ သရုပ်ဆောင်အကြောင်းတွေနဲ့အတူ ဂီတအကြောင်းတွေကို ဆက်စပ်မေးမြန်းကြည့်တဲ့အခါ
-ဂီတနဲ့ပတ်သက်တဲ့လှုပ်ရှားမှုလေး ပြောပြပေးပါဦး။
ညီမ တစ်ယောက်တည်း တစ်ကိုယ်တော်ထွက်ဖို့ကြိုးစားနေတယ်။ နောက်အဖွဲ့အတွက်လဲ သီချင်းတွေ လိုက်စုနေတယ်။ အဓိကက ညီမရဲ့တစ်ကိုယ်တော် အခွေအတွက်ရော အဖွဲ့ရဲ့ ဒုတိယအခွေအတွက်ရော သီချင်းတွေ စုနေပါတယ်။ ညီမက တစ်ကိုယ်တော်အခွေမှာ ညီမအဖွဲ့နဲ့သွားနေတဲ့ ပုံစံနဲ့ကွဲထွက်ပြီးတော့ သွားမယ်။ ပုံစံကိုလဲ သူများတွေနဲ့မတူပဲကွဲထွက်ချင်တဲ့အတွက် သေချာလေးရွေးနေတယ်။
-အဖွဲ့နဲ့သွားနေရင်းကနေ တစ်ယောက်တည်း တစ်ကိုယ်တော်ခွဲထွက်ဖြစ်တဲ့အကြောင်းလေးကိုလဲ သိချင်ပါတယ်။
အဲ့ဒါက ညီမတို့အဖွဲ့စဖွဲ့ကတည်းက ဒုတိယအခွေထွက်မယ်။ ပြီးမှတစ်ယောက်ချင်းစီ လှုပ်ရှားကြမယ်ပေါ့။ ဒါပေမဲ့ဒုတိယအခွေက သီချင်းတွေရွေးရတာနဲ့သုံးယောက်စုံဖို့အချိန်ညှိရတာနဲ့ဆိုတော့ အချိန်ပေးရမှာဖြစ်တဲ့ အတွက် ညီမတို့သုံးယောက်လုံးရော တစ်ယောက်ချင်းစီရော ငါတို့သီချင်းတွေအားလုံးကို လိုက်စုပြီး လှုပ်ရှားလိုက်မယ်ဆိုပြီး လုပ်ဖြစ်တာပါ။ သူတို့၂ယောက်လဲ လုပ်နေကြပါပြီ။ သုံးယောက်ခွေကတော့ နည်းနည်းကြာဦးမယ်။ ဘာလို့လဲဆိုတော့ သုံးယောက်အခွေက ပထမဦးဆုံးအခွေလဲ ထွက်ထားပြီးပြီ။ ဒါပေမဲ့သုံးယောက်မှာက တစ်ယောက်ချင်းစီ ခွဲထွက်မဲ့ အခွေတွေမှာလဲ သုံးယောက်ပါမယ်။ ညီမတို့တိုင်ပင်ထားတာက ညီမတို့သုံးယောက် သီချင်းတစ်ပုဒ်လုပ်ပြီး အွန်လိုင်း စတိုးမှာဖြန့်ဖို့အတွက်စဉ်းစားထားတယ်။
-ညီမရဲ့ တစ်ကိုယ်တော်အခွေမှာ တေးရေးအနေနဲ့ဘယ်သူတွေပါမလဲ။
G Fatt ပါမယ်။ နောက်ညီမ သီချင်းဟောင်းတစ်ပုဒ်ပြန်ဝယ်ထားတာရှိမယ်။ အဲ့ဒါက မခင်ဘုဏ်းနဲ့ မရွှေထိုက်တို့ရဲ့သီချင်းလေး တစ်ပုဒ်ပြန်ဝယ်ထားတယ်။ နောက် ရက်ပါတေးရေးအသစ်ဆီမှာ တစ်ပုဒ်အပ်ထားတယ်။ နောက် G 3 က ကိုသားစိုးဆီမှာ နန်းခင်စုရီကို Featuring ပါမယ်။ နောက်ညီမအဖွဲ့ထဲက သူတွေနဲ့လဲတွဲဆိုမယ်။ ကိုယ်တိုင်ရေးသီချင်းပါဖို့ကတော့ ကြိုးစားတုန်းပါပဲ။
-နယ်ရှိုးတွေရောလက်ခံထားတာရှိဦးမလား။
ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူပွဲရှိမယ်။ နောက်ကုမ္ပဏီပွဲတွေဆိုဖို့ပြောထားတာရှိမယ်။ အဲ့ဒါက အဖွဲ့နဲ့ပဲပေါ့။
-ဗီဒီယိုကားတစ်ချို့မှာလဲ ပါဝင် သရုပ်ဆောင်တာတွေ့နေရတယ်။ အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့လဲ ပြောပြပေးပါဦး။
အဲ့ဒါကကိုယုန်လေးပေါ့။ ပထမကားတုန်းက၀င်ပြီး သရုပ်ဆောင်ကြည့်ပေါ့ဆိုတာနဲ့ဝင်သရုပ်ဆောင်ကြည့်တယ်။ အဲ့ဒါနဲ့မဆိုးပါဘူးပေါ့။ နောက်တစ်ကားကကျတော့ အော်ရီဂျင်နယ် ဂန်းစတားပေါ့။ ညီမပုံစံနဲ့လိုက်တယ်ပေါ့။ အဲ့ဒါနဲ့ ထပ်သရုပ်ဆောင်ဖြစ်တယ်။ ဒါပေမဲ့ ညီမအနေနဲ့ကျတော့ တာဝန်ကြီးတယ်လို့ထင်မိတယ်။ သီချင်းဆိုတာလေးက ကိုယ့်အဖွဲ့လေးနဲ့ကိုယ်ဆိုတော့ အဆင်ပြေတယ်။ သရုပ်ဆောင်တာကကျတော့ ကိုယ့်ထက် ၀ါရင့်တဲ့သူတွေနဲ့တွဲသရုပ်ဆောင်ရတာ ကြောက်လဲကြောက်တယ်။ ကိုယ့်ကြောင့်ကြန့်ကြာသွားမှာကိုလဲ အရမ်းအားနာတယ်။ ဒါပေမဲ့ ကိုယ်ယုန်လေးကလဲ အဆင်ပြေတယ်။ အားလုံးကလဲ စောင့်ပြီး ရိုက်ပေးတယ်ဆိုတော့ အဆင်ပြေသွားတယ်။ ညီမ၂ကားပေါ့။ နောက်အခု အော်ရီဂျင်နယ် ဂန်းစတား ဒုတိယပိုင်းကို တစ်လပိုင်းမှာ ထပ်ရိုက်ဖို့ရှိပါတယ်။
-သရုပ်ဆောင်တာကိုရောဝါသနာပါလား။
ကိုယ်လုပ်နိုင်သလောက်တော့ လုပ်တာပေါ့နော်။ ညီမပုံစံနဲ့လိုက်ရင်တော့ လုပ်နိုင်တယ်။ အရမ်း ကွဲထွက်တဲ့ဟာဆိုရင်တော့တော်တော်လေးကြိုးစားရဦးမယ်။ အမေကလဲ သရုပ်ဆောင်ဖက်ကို ပြောင်းခိုင်းတယ်။ ညီမကတော့ အဓိက သီချင်းဆိုတဲ့ဖက်ကို အာရုံလေး စိုက်နေတာပေါ့။ ညီမကိုယ်တိုင်ကကျတော့ ဂီတကိုပိုဝါသနာပါတယ်။
-၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးဖြစ်မလဲ။
အဆိုတော်တွေ လှုပ်ရှားနေတာတွေတွေ့ရပါတယ်။ ညီမအနေနဲ့ကတော့ NLD ပဲပေးမှာပါ။
-အရင်ကယောကျာ်းလေးလိုနေတယ်။ အခုကျ မိန်းကလေးပုံစံဖြစ်သွားတယ်။ အဲ့ဒီပြောင်းလဲမှုလေးကိုလဲသိချင်ပါတယ်။
အဓိကအမေပေါ့။ နင်ယောင်္ကျားလေးလိုနေရင် အနုပညာလှုပ်ရှားရင်ဘောင်ကျဉ်းသွားမယ်ပေါ့။ ကိုယ်က မိန်းကလေးဖြစ်တဲ့အတွက် မိန်းကလေးလိုနေ နင့်ဟာနင် ဘယ်စိတ်နဲ့ပဲနေနေတဲ့။ နောက်အဖွဲ့က သူငယ်ချင်းတွေရဲ့အမေကလဲ မိန်းကလေး သုံးယောက်စဖွဲ့ပြီးမှ ပုံစံပြောင်းသွားတော့ အကုန်လုံးက မိန်းကလေးပုံစံလေးပဲနေပါပေါ့။ အဲ့ဒါနဲ့ပဲပြန်နေဖြစ်တာပါ။ တခါကျရင်တစ်မျိုးပဲ။ ကိုယ့်စိတ်ကိုက စိတ်မြန်လက်မြန်ဆိုတော့လေ။ အစပိုင်းကတော့ အခက်အခဲဖြစ်တယ်။ အခုကျတော့အသားကျနေပါပြီ။
-တက်တူးကရော ဘယ်နှခုလောက်ရှိလဲ။
၎ခုတည်းပါ။ ညီမကဘာရယ်မဟုတ်ဘူး။ ထိုးချင်လို့ထိုးလိုက်တာ။ လူတိုင်းနဲ့သက်ဆိုင်တဲ့အရာတွေထိုးဖြစ်တယ်။ ပထမဆုံးက ညာဖက်လက်မောင်းမှာ LOVE ဆိုပြီးထိုးတယ်။ နောက်ဘယ်ဖက်လက်မောင်းမှာ FAMILY ဆိုပြီးထိုးတယ်။ ညီမတို့မိသားစုကတစ်စုတစ်စည်းတည်းနေရတာရှားတယ်။ ခွဲနေရတာဆိုတော့ အဲ့ဒါကြောင့်မိသားစုဘ၀ကိုသိပ်မနေခဲ့ရတဲ့အတွက်မိသားစုဘ၀ကိုလိုချင်တဲ့အတွက် ထိုးထားတာပါ။ နောက်ညာဖက် လက်ကောက်ဝတ်မှာ အသည်းပုံလေးကအပိုထိုးခိုင်းတာပါ။ နောက်ဂုတ်မှာက Fly ပေါ့။ နောက်ထပ်လဲထပ်ထိုးဖို့စဉ်းစားနေပါတယ်။ ကနုတ်ကိုလဲညီမအရမ်းကြိုက်တယ်။ ထပ်ထိုးဖို့လဲရှိတယ်။ ကနုတ်လေးတွေပေါ့။ တက်တူးကဆွဲတယ်လို့ထင်တယ်။ စက်သံကြားရင်ကိုထပ်ထိုးချင်တယ်။ တက်တူးကို ကိုကုလားနဲ့ ထိုးဖြစ်တယ်။
-ဂီတနဲ့ပတ်သက်တဲ့လေ့လာမှုအနေနဲ့ရော ဘာတွေလုပ်ဖြစ်လဲ။
ညီမအခု MEPC မှာ အနုပညာကျောင်းပဲ။ ဆရာအိမ်မင်းထက်ဆီမှာပေါ့။ အဆိုသင်တန်းတက်နေတယ်။ ၈လလောက်ရှိပြီ။ အဲ့ဒီမတိုင်ခင် ဆရာ့ဆီမှာ ဂျာမနီက ဆရာမလာသင်တုန်းကလဲ ညီမဆယ်ရက် သင်ဖြစ်တယ်။
-လက်ရှိအချစ်ရေးလေးကိုလဲပြောပြပေးပါဦး။
အချစ်ရေးကအေးဆေးပဲ။ အသည်းကွဲပြီးသွားပြီ။ အရင်တစ်ယောက်နဲ့က သူနဲ့ကျတော့ အမေကလဲ သဘောမတူဘူး။ သူနဲ့က စိတ်သဘောထားချင်းလဲ မတိုက်ဆိုင်ဘူး။ နားလည်မှုလဲလွဲနေတယ်။ ညီမလဲ အနုပညာကိုပိုပြီး အားစိုက်လုပ်ချင်တယ်။ သူကမရဘူး။ အဓိကက ညီမဖက်က သူ့ကို Tomboy ဆိုတော့ နည်းနည်းမှကို သဘောမကျဘူး။ သူ့ဖက်က ကျတော့လဲ စိတ်ပူတဲ့စိတ်က အရမ်းများနေတော့ ဘယ်လိုမှမရဘူး။ အဲ့ဒါကြောင့် လမ်းခွဲခဲ့တာပါ။ အမှန်အတိုင်းပြောရရင် ညီမကရင်ထဲမှာ သိပ်ခံစားတတ်တဲ့သူမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခုချိန်ထိတိုက်ဆိုင်မှုတွေရှိရင် သတိရနေတုန်းပါပဲ။ အစက public မှာပေါ်တင် တွဲတယ်။ နောက်ပိုင်း အိမ်နဲ့အဆင်မပြေတော့ မတင်ဖြစ်ဘူး။ ခိုးတွဲဖြစ်တယ်။ ဒါပေမဲ့နောက်ပိုင်း သူနဲ့အဆင်မပြေတာက များနေတော့ သူလဲ စိတ်ပင်ပန်းတယ်။ သူကိုယ်တိုင်ကလဲ သိပ်နားလည်မပေးနိုင်ဘူး။ အဲ့ဒါကြောင့် ခုတစ်ယောက်တည်းဖြစ်သွားတာပါ။
-သူက Tomboy ဆိုတော့ ဘယ်လိုထားဖြစ်တာလဲ။နောက်ဆိုရင်ရော ဘယ်လိုလူမျိုးတွေကိုထားဖြစ်မှာလဲ။
ညီမက အရင်ကတည်းကလဲ Tomboy ပဲထားတာ။ ညီမပုံစံပြောင်းသွားတာ သူ့ကြောင့်လဲပါတယ်။ အခုတော့ ထပ်မထားချင်သေးပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ အဆင်မပြေမှာ စိုးလို့လေ။ သူများတွေ အဆင်ပြေနေရင်တော့ အထီးကျန်တယ်လို့ ခံစားမိတယ်။ ဘေးနားကနှစ်ယောက်က အဆင်ပြေနေရင်လေ။ သူတို့အဆင်မပြေရင်တော့ ငါ့မှာ အဲ့ဒီလို စိတ်ပင်ပန်းမှုတွေ မရှိဘူးဆိုပြီး ကိုယ့်စိတ်ကိုနှစ်သိမ့်ရပြန်ရော။ ကိုယ့်မှာ အရူးကျနေတာပဲ။
Source...http://www.trend.com.mm/
0 comments:
Post a Comment