စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကျောင်းတုန်းက သူငယ်ချင်းက ဖုန်းဆက်လာတယ်။ သူတာဝန်ကျေစွာ မဲပေးပြီးပြီဆိုတဲ့အကြောင်း မဲပေး ဖို့ လမ်းဘေးမှာ ညအိပ်စောင့် ထမင်းအငတ်ခံ ခဲ့ရကြောင်း ပြန်လည် ပြောပြပါတယ်။ ဒီလောက်အပင်ပန်းခံ၊ ဒုက္ခခံမဲပေးခဲ့ရပေမယ့် သူငယ်ချင်း အသံကြားရတာ စိတ်ညစ်နေတဲ့ပုံမပေါ်ဘဲ အားရ၀မ်းသာ ဖြစ်နေတဲ့ပုံ၊ နိုင်ငံသားတယောက်ရဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်လိုက်ရတဲ့အတွက် ဂုဏ်ယူနေတယ်ဆိုတာ သူ့စကားသံတွေက ပြောပြနေပါတယ်။ သူတင် မဟုတ် 'စလုံး'မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ တာဝန်ကျေပွန်ပုံတွေက ပြောင်းလဲမှုကို အရမ်းကိုတောင့်တနေကြ ကြောင်းကို အားရ ၀မ်းသာ ပြောပြနေတယ်။
ဒါနဲ့ ကျွန်တော်က ဒီလောက်တောင် ဒုက္ခဆင်းရဲခံ၊ ထမင်းငတ်ခံ မဲပေးတဲ့မင်းတို့အတွက် ဂုဏ်ယူပါတယ်ကွာလို့ ပြောတော့ ထမင်းတနပ် ငတ်သွားတာ ဘာမှမဖြစ်ပါဘူး။ တသက်လုံး ထမင်းကို စိုးရိမ်ကြောင့် ကြမှုမရှိဘဲ စိတ်ချမ်းသာစွာစားရဖို့အရေး မိဝေးဖဝေး၊ သားကွဲမယားကွဲနဲ့ သူများနိုင်ငံမှာ ကျွန်သွားခံနေရတဲ့ဘ၀ကနေ လွတ်မြောက်ဖို့အတွက် ငါတို့ ဒီလောက်ဒုက္ခခံလိုက်ရတာ ဘာမှမပြောပလောက်ပါဘူးတဲ့။
သူငယ်ချင်းစကားသံအဆုံးမှာ ကျွန်တော့်ရင်ထဲမှာ ဆို့တက်သွားပြီး မျက်ရည်မကျအောင် မနည်းထိန်းထား လိုက်ရတယ်။ နိုင်ငံအသီးသီးမှာ ရောက်နေတဲ့ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ အားကြိုးမာန်တက်မဲပေးနေ ကြတာတွေဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သွေးအေးနေတဲ့ ပြည်တွင်းက ပြည်သူတွေကို ပိုမိုနိုးကြားတက်က စေခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့အားလုံးကို ပြည်သူအားလုံးကိုယ်စား ကျေးဇူးတင်ကြောင်းလေးစား မိတဲ့အကြောင်း ပြောချင်ပါတယ်။
နောက်ဆုံးသူငယ်ချင်း ပြောသွားတာက ငါတို့တွေ ဒီလိုဒုက္ခခံ ထမင်းငတ်ခံပြီးပေးလိုက်ရတဲ့ အသည်းကြားက မဲတပြားက တကယ် အရာထင်ပါ့မလားတဲ့။ ၁၉၉၀ တုန်းကလို လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲတဲ့။
ကျွန်တော် ဘာပြန်ပြောရမလဲမသိတော့ပါ။ စိတ်ချပါသူငယ်ချင်း၊ မင်းလိုပဲ ငါတို့ပြည်သူပြည်သားအားလုံးက ပြောင်းလဲမှုကို ပြင်းထန်စွာ လိုလားနေတဲ့အတွက် မင်းတို့ငါတို့ မဲအလကား မဖြစ်စေရပါဘူး။ အရာထင်မှာပါကွာလို့ ပြောလိုက်ရပါတယ်။ ဖုန်းချပြီးတော့ တညလုံးနီးပါး တောင်တွေးမြောက်တွေးနဲ့ အိပ်မပျော်ခဲ့ပါဘူး။
ဒီအချိန်မှာ ရွေးကောက်ပွဲကို ဒိုင်အဖြစ်လုပ်မယ့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက မဲစာရင်းမှန်ဖို့ ဟာ ၃၀ ရာခိုင်နှုန်းပဲအာမခံ မယ်ဆိုတဲ့အကြောင်းရယ်၊ ပြီးခဲ့တဲ့အပတ်က သမ္မတကြီးက မိန့်ခွန်းပြောရာမှာ နောက်ငါးနှစ်အတွက် တိုင်းပြည်ကို ဘယ်လိုလုပ်ဆောင်ပါမယ်ဆို တဲ့စကားတွေ၊ လက်ရှိပြည်ပမှာ ကြိုတင်မဲပေးရာတွင် မဲလက်မှတ်အကုန် မရတာတွေ၊ မဲစာရင်းမှားတဲ့ ကိစ္စတွေကို မြင်ရကြားနေရတော့ သူငယ်ချင်းပြောသွားတဲ့ ငါတို့မဲတွေဟာ အရာထင်ပါ့မလားဆိုတာကို နားထဲမှာ ပဲ့တင်ထပ်နေမိပါတယ်။ လူထောင်ဂဏန်းလေး ကြိုတင်မဲပေးခွင့်ရဖို့ ကိစ္စတောင် ဒီလောက်အမှားအယွင်းတွေများနေရင် လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒီအတွက် တာဝန်အရှိဆုံးက သမ္မတကြီးနဲ့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပဲဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲကတည်းက အလိမ်ခံခဲ့ရတဲ့ ပြည်သူတွေဟာ ယနေ့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆောင်ရွက် ပုံတွေကြည့်ပြီး ပြည်သူအားလုံးရော နိုင်ငံတကာကပါ ရွေးကောက်ပွဲအပေါ် သံသယရှိမှု စိုးရိမ်မှုရှိနေတယ် ဆိုတာ ပြောပြဖို့လိုမယ် မထင်ပါဘူး။
ဒီနေ့ရွေးကောက်ပွဲအတွက် တာဝန်အရှိဆုံးဖြစ်တဲ့ သမ္မတကြီးနဲ့ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး သိဖို့ပြောချင်ပါ တယ်။ ဒီနေ့ စင်ကာပူမှာ ရောက်နေတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲခံပြီး မဲပေးနေတဲ့ မြင်ကွင်းတွေ၊ တချို့ဆိုရင် မဲပေးခွင့်မရလို့ ငိုကြတဲ့သူတွေ၊ ပြည်တွင်းက ပြည်သူတွေရဲ့ ပြောင်းလဲဖို့အချိန်တန်ပြီဆိုပြီး ကမ္ဘာတုန်အောင် အော်နေကြတဲ့အသံတွေ၊ ကျွန်တော်တို့ပြည်သူတွေဟာ ပြောင်းလဲမှုကို ဘယ်လောက်ပြင်း ပြင်းထန်ထန် လိုလားနေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ ဒါတွေကို မသိမရှိသိကြမှာပါ။ အသံတွေလည်း ကြားမှာပါ။ အမြင်တွေကလည်း မြင်ကြမှာပါ။
ဒီနေ့ပြည်သူတွေဟာ ပြောင်းလဲမှုကို ဘာကြောင့်ပြင်းထန်စွာ တောင်းဆိုနေရတဲ့အကြောင်းကတော့ ပြောပြဖို့ တောင် လိုမယ်မထင်တော့ပါ။ နှစ်ပေါင်း ၅၀ ကျော် အမိန့်အာဏာနဲ့လက်နက်ကိုင်ပြီး ပြည်သူ တွေကို ဖိနှိပ်အုပ်ချုပ်ခဲ့လို့၊ အုပ်ချုပ်သူအာဏာရှင်တွေမိုက်မဲခဲ့လို့ ဒီနေ့ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ဖြစ်ခဲ့ပြီး တိုင်းပြည်ဟာလည်း ပြိုကျတဲ့အဆင့်ထိဖြစ်ခဲ့ရပါပြီ။
တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်သဘာဝ သယံဇာတအားလုံးလည်း ကုန်သလောက်ဖြစ်နေပါပြီ။ အရင်က ငတ်လို့မသေဘူးဆိုတဲ့ တိုင်းပြည်ဟာ ယနေ့တော့ အာဟာရပြတ်ပြီးသေတဲ့ လူ၊ ဆေးကုသစရိတ် မတတ်နိုင်လို့ ကိုယ့်ဘာသာသတ်သေတဲ့သူတွေရှိနေတာ အင်မတန်ရင်နာ စရာကောင်းလှပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိ၊ အကျင့်ပျက်ခြစားမှုက ပိုဆိုးရွားလာပြီး ပြည်သူတွေဟာ ဆင်းရဲမှု၊ မတရားဖိနှိပ်အနိုင်ကျင့်ခံရမှုကို ခါးစည်းခံ နေကြရတယ်။
လူငယ်တွေက မျှော်လင့်ချက်မဲ့ အနာဂတ်ပျောက်နေကြတယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး တွေဟာ နိမ့်ကျပျက်စီးနေတယ်။ ဒီနေ့တိုင်းပြည်ရဲ့ လူငယ်တွေဟာ မိမိနိုင်ငံက ဈေးပေါပေါနဲ့ ပေးထားတဲ့ သဘာဝသယံဇာတတွေ၊ ဓာတ်ငွေ့တွေနဲ့ဖွံ့ဖြိုးတိုးတက်နေ တဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကျွန်သွားခံနေရတယ်။ သူများနိုင်ငံမှာ တိုင်းတပါးသားတွေရဲ့ ကုပ်သွေးစုပ်အနိုင်ကျင့်သမျှ လည်စည်းခံနေရရှာတယ်။ အမျိုးသမီးငယ် လေးတွေက လိင်ကျွန်အဖြစ် အိမ်နီးချင်းနိုင်ငံတွေမှာ ရောင်းစားခံနေရတယ်။ အရင်က အာရှမှာ ကျားရဲ တကောင်လိုနေခဲ့တဲ့ ကျုပ်တို့နိုင်ငံသားတွေ ခုတော့ နွားဘ၀ရောက်နေကြရပြီ။ နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံသား တွေဟာလည်း သဘာဝဘေးဒုက္ခတွေ၊ စစ်ဘေးဒုက္ခ၊ ပြည်တွင်းပဋိပက္ခအကြမ်းဖက်မှုတွေ၊ မြေသိမ်းလယ် သိမ်းမှုတွေ၊ မတရားမှုတွေကို ခါးစည်းခံနေရတယ်။
မိမိရပိုင်ခွင့်အတွက်၊ မတရားမှုအတွက်၊ အမှန်တရားအတွက်တောင်းဆိုခဲ့တဲ့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာသမားတွေဟာလည်း ယနေ့အချိန်အခါမှာ အများစုဟာ တရားရင်ဆိုင်နေရပြီး တချို့တွေက ထောင်နန်းစံနေရရှာပါတယ်။ဆင်းရဲသားပြည်သူအချို့မှာ ထမင်းစားဖို့ အရေးပေါင်စရာမရှိ၊ ရောင်းချစရာမရှိတော့လို့ ကိုယ့်ခေါင်းပေါ်ကဆံပင် ဖြတ်ရောင်းပြီး စားနေရတဲ့ဘ၀တွေ ဖြစ်နေရရှာပါပြီ။ ဒီဒဏ်တွေကို ပြည်သူတွေမခံစားနိုင်တော့ပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ပြောင်းလဲမှုကို တောင်းဆိုနေကြတာပါ။ နှစ်ပေါင်း ၅၀ ကျော် မျိုသိပ်ခံစားခဲ့ရတာတွေ၊ သည်းခံလာခဲ့ရတာတွေ၊ ဒီနေ့အချိန် မှာတော့ ခံစားချက်တွေ ပေါက်ကွဲထွက်နေကြတာ အားလုံးအမြင်ပါ။
အမှန်တိုင်းပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ပြောင်းလဲဖို့က အချိန်ကျရုံတင်မဟုတ် နောက်ကိုနောက်ကျနေပါပြီ။ ဒါကြောင့် ဒီနှစ် ၂၀၁၅ မှာ ကျွန်တော်တို့ ပြောင်းကို ပြောင်းလဲရပါတော့မယ်။ အုပ်ချုပ်သူအာဏာပိုင်လူကြီး မင်းများက ပြောင်းလဲခွင့်ပြုပေးဖို့ပဲ လိုပါတော့တယ်။ မပေးလို့လည်း မရတော့ဘူးဆိုတာ သိထားဖို့ လိုအပ်ပါ တယ်။ ပြည်သူတွေ ဖြစ်ချင်တဲ့ဆန္ဒ၊ လိုချင်တဲ့အရာကို အေးချမ်းစွာလိုက်လျောပေးသင့်ပါပြီ။ မပေးခဲ့ဘူးဆိုရင် တော့ တိုင်းပြည် ဒီထက်ပိုနာသွားပါလိမ့်မယ်။
ပြည်သူအားလုံးဟာ ဒီ ၂၀၁၅ ကို လုံးဝမျှော်လင့်ချက်ထား သည်းခံစောင့်စားခဲ့တာပါ။ ဒီတခါပြည်သူ တွေရဲ့အလိုဆန္ဒကို မလိုက်လျောခဲ့ဘူး ဆိုရင်တော့ အဆိုးဘက်ကို ဦးတည်သွားပါလိမ့်မယ်။ သည်းခံမှုရဲ့အဆုံး စွန်က ပေါက်ကွဲမှုဟာ ပိုပြင်းထန်တယ်ဆိုတာ သတိပေးပြောကြပါရစေ။ အာရပ်နိုင်ငံတွေရဲ့ နွေဦးတော် လှန်ရေးကို သင်ခန်းစာယူသင့်ပါတယ်။ ကမ္ဘာ့အညွှန်းကိန်းတိုင်းမှာ အောက်ခြေမှာ ပြားပြားဝပ်နေတဲ့ ကျွန်တော်တို့ နိုင်ငံ ဒီထက်ဆိုးရွားတဲ့အခြေအနေကို ရောက်ရှိလို့ လုံးဝမဖြစ်တော့ပါဘူး။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခဲ့တဲ့အတွက်လည်း ဒီနေ့ တိုင်းပြည်ဟာ အဘက်ဘက်မှာ ချွတ်ခြုံကြ ခဲ့ရပြီးပါပြီ။ ၂၀၁၅ ကိုတော့ ငြိမ်းချမ်းစွာ တရားမျှတစွာနဲ့ ပြောင်းလဲခွင့်ပြုသင့်ပါပြီ။ ဒီ ၂၀၁၅ ဟာ တိုင်းပြည်ကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်အစိုးရအတွက်ရော ပြည်သူတွေအတွက်ပါ အခွင့်အရေးကောင်းတခု ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်မလွတ်စေချင်ပါ။ လက်ရှိအစိုးရအနေနဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခံ လိုက်မယ်။ ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတစွာမလုပ်ခဲ့ဘူး။ တရားတဲ့ရလဒ်မထွက်ခဲ့ဘူးဆိုရင်တော့ တိုင်းပြည်ဟာ ဒီထက်ဆိုးရွားသွားပါလိမ့်မယ်။ ဆီးရီးယားနိုင်ငံလို ပြည်တွင်းစစ်တွေဖြစ်ပြီး တိုင်းပြည်မွမွကြေ သွားတဲ့အဖြစ်မျိုးရောက်ခဲ့ရင် အားလုံးနစ်နာရမယ်ဆိုတာ အုပ်ချုပ်သူ အစိုးရနဲ့အပေါင်းပါများ အားလုံးသတိပြု သင့်ပါတယ်။
သမ္မတကြီးအပါဝင် တိုင်းပြည်ကို ရှေ့ကွယ်ကရော နောက်ကွယ်ကပါ ကြိုးကိုင်အုပ်ချုပ်နေတဲ့ လူကြီးမင်းများနဲ့ အပေါင်းပါခရိုနီများကို သန်း ၆၀ သော ပြည်သူတွေကိုယ်စား တောင်းပန်စကားဆိုပါရစေ။ လူကြီးမင်းတို့ဟာ တိုင်းပြည်ကို ရာစုဝက်ကျော် ထင်သလိုလုပ်ခဲ့ပြီးပါပြီ။ လူကြီးမင်းတို့ရဲ့ပိုင်ဆိုင်မှုစည်းစိမ်တွေဟာလည်း ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် ဆယ်သက်ထိုင်စားတောင် မကုန်နိုင်တဲ့အခြေအနေပါ။ အားရသင့်ပါပြီ။ ကျေနပ် သင့်ပါပြီ။ ဒီတခါတော့ ပြည်သူတွေကို အလှည့်ပေးလိုက်ပါတော့၊ ပြည်သူတွေကို ပေးပျော်လိုက်ပါတော့၊ တိုင်းပြည်နာအောင် ထပ်မလုပ်ကြပါနဲ့တော့လို့ တောင်းပန်ပါရစေ။
ပြီးခဲ့တဲ့အတိတ်ကအမှားတွေ မိုက်မဲရက်စက်ခဲ့တာတွေ ထားခဲ့လိုက်ပါတော့။ ကျွန်တော်တို့ အတိတ်ကိုပြင်လို မရတော့ပါဘူး။ ဒါပေမဲ့ အနာဂတ်အတွက် လက်ရှိအချိန်မှာ ပြင်ဆင်ခွင့်ရှိပါသေးတယ်။ ပြောင်းလဲချိန်တန်ပါပြီ။ ဒီ ၂၀၁၅ မှာ ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ကိုလိုက်လျောပြီး ပြောင်းလဲမှုအစစ်အမှန်ကို ဖော်ဆောင်ပေးလိုက် နိုင်ပါက လက်ရှိ အစိုးရအတွက် သမိုင်းကောင်းကျန်ခဲ့မှာဖြစ်ပြီး နတ်လူသာဓုခေါ်ကြမှာပါ။ ဒီအခွင့်အရေး ကိုတော့ လက်မလွတ်စေချင်ပါဘူး။ ဆင်းရဲဒုက္ခတွင်းထဲ နှစ်ပေါင်း ၅၀ ကျော်နစ်နေတဲ့ တိုင်းပြည်ကို ရဟန်းရှင် လူပြည်သူများနဲ့ တပ်မတော်အပါဝင် အားလုံး လက်တွဲညီညီ ရွှေပြည်သစ်ဆီလှမ်းချီကြရအောင်ပါ။
၂၀၁၅ ရွေးကောက်ပွဲဟာ ကျွန်တော်တို့အားလုံးအတွက် နောက်ဆုံးအခွင့်အရေးလို့ ပြောလို့ရပါတယ်။ ဒီအခွင့် အရေးကို ရအောင်ယူရပါမယ်။ ခွင့်သာခိုက်မှာ ကျွန်တော်တို့အားလုံး လိုက်ကြရအောင်ပါ။
အုပ်ချုပ်သူအစိုးရအပါအ၀င် မြန်မာနိုင်ငံပြည်သူအပေါင်းတို့ခင်ဗျား လယ်တီဆရာတော်ဘုရားကြီးက -
''ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား''လို့ ဆုံးမခဲ့ပါတယ်။
ကျွန်တော်တို့အားလုံး ခွင့်သာခိုက်မှာ လိုက်ကြပါစို့ . . .
ကျော်ကြီး(MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
0 comments:
Post a Comment