အနာဂတ်မဲ့ ကလေးများဘ၀နဲ့ အနာဂတ်မဲ့ တိုင်းပြည်


 အသက် (၁၂) နှစ်အရွယ် မြတ်နိုးဆိုတဲ့ မိန်းကလေးဟာ စားပွဲတခု ကတခုကို ကူးချည်သန်းချည်လုပ်ပြီး စားသောက်စရာတွေ လိုက်ချပေးနေတယ်။ စီးကရက်တိုတွေကိုလည်း တံမြက်စည်းနဲ့အမှိုက်လှဲပစ်နေရ တယ်။ သူရတဲ့လုပ်ခက ကမ္ဘာမှာ ကလေးလုပ်သားတွေအတွက် အဆိုးဆုံး အခြေအနေနဲ့ လုပ်ခဖြစ်တဲ့ တရက်မှ တဒေါ်လာဝန်းကျင်ပဲ ရပါတယ်။ မမြတ်နိုးလိုပဲ တချိန်က စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ကလေး အလုပ်သမားတွေ ခိုင်းစေထားတာ အများကြီးရှိပါတယ်။ လက်ဖက်ရည် ဆိုင်ကအစ စက်ရုံအလုပ်ရုံတွေအထိ ကလေးအလုပ်သမားတွေနဲ့ ကျားကန်ပေးထားကြတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေနဲ့ သဘောထား တွေပြောင်းလဲဖို့ ဖိအားပေးတာတွေ လုပ်လာပါပြီ။

ရန်ကုန်မြို့က လမ်းဘေးလက်ဖက်ရည်ဆိုင်တွေ ကြည့်လိုက်ရင် ကလေးတွေကို စားပွဲထိုးလုပ်ခိုင်းထား တာတွေ့ရမှာ ဖြစ်ပါတယ်။ တချို့ကလေးတွေဆိုရင် အသက် (၁၀)နှစ်တောင် မပြည့်ကြသေးပါဘူး။ ''ကျွန်မ ရွာကနေပြီး လာအလုပ်လုပ်နေတာပါ။ ကျွန်မ မိဘတွေက ငွေကြေးမပြည့်စုံတော့ မိဘတွေကို ပိုက်ဆံရှာ ပေးနေရတယ်''လို့ မမြတ်နိုး (နာမည်ရင်း မဟုတ်) က AFP သတင်းထောက် ကို ပြောပြခဲ့တယ်။
ရန်ကုန်မြို့က အခြားကလေးအလုပ်သမားတွေလိုပဲ မြတ်နိုးဟာ ဆင်းရဲတဲ့ တိုင်းရင်းသား လူမျိုးစုတစုကနေ ရန်ကုန်လာပြီး တရက်ကို လုပ်ခတထောင်ကျော်နဲ့ အလုပ်လုပ်နေတာ ကိုးနှစ်သမီးအရွယ် ကတည်းက ဖြစ်ပါ တယ်။ ကလေးအလုပ်သမားတွေဟာ တရက်ကို ၁၄ နာရီ လောက် အလုပ်လုပ်ကြတယ်။ အိပ်တဲ့အခါမှာလည်း အခန်းတခုတည်းမှာ အခြားကလေးတွေနဲ့အတူ စုပေါင်းအိပ်ကြရသလို နေ့ဘက်လက်ဖက် ရည်သောက်တဲ့ ပလတ်စတစ်စားပွဲတွေခင်းပြီး အိပ်ရတဲ့အခါလည်းရှိတယ်။ ကလေးတွေဟာ ကျောင်းစာသင်ဖို့မပြောနဲ့ ဆော့ကစားဖို့တောင် အချိန်မရှိကြပါဘူး။ ဒီကလေးတွေအနေနဲ့ တသက်လုံးအလုပ်ကြမ်းသမားဘ၀နဲ့ ဆင်းဆင်းရဲရဲနေသွားကြရပါလိမ့်မယ်။

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်ထောင်စာရင်းဇယားအရ မြတ်နိုးဟာ မြန်မာနိုင်ငံမှာ (၁၈) နှစ်အောက် ကျောင်း စာမသင်နိုင်တဲ့ လူဦးရေ ၄ ဒသမ ၄ သန်းထဲက တယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ကလေးလုပ်သားနဲ့ပတ်သက်ရင် အဆိုးရွားဆုံးအဆင့်ရရှိတဲ့ နိုင်ငံတခုဖြစ်ကြောင်း သုတေသီတဦးဖြစ်တဲ့ ဗာရစ် မက်ပဲလ်စကရော့က ပြောပါတယ်။ တိုင်းပြည်စီးပွားရေးလုပ်ကိုင်ခွင့်တွေ ဖွင့်ပေးလိုက်တဲ့အတွက် ဟို တယ် အသစ်တွေ၊ လက်ဖက်ရည်ဆိုင်သစ်တွေနဲ့ စက်ရုံတွေ မှိုလိုပေါက်အောင် ပွားများလာတာနဲ့အမျှ ကလေး အလုပ်သမား ဦးရေလည်း တိုးပွားလာစရာ ရှိတယ်လို့ သုံးသပ်ထားပါတယ်။ အရှုပ်အထွေးတွေရှိနေတဲ့ အလုပ် သမားဥပဒေကလည်း ကလေးတွေ အလုပ်ခွင်ခိုင်းစေမှုကို မတားမြစ်နိုင်ပါဘူးလို့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO)မှ ပီရမယ် ပီချိုင်ဝေါင်စီက ဝေဖန်ခဲ့တယ်။ ''ဘယ်အသက် အရွယ်မှစပြီး အလုပ်လုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမရှိဘူး။ ဥပဒေတွေကို လက်တွေ့ ကျင့် သုံးတာ မတွေ့ရဘူး''လို့ မစ္စပီချိုင်ဝေါင်စီက ပြောခဲ့တယ်။

၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ILO ကွန်ဗင်းရှင်းမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တယ်။ အတင်းအကျပ် အလုပ်ခိုင်း စေမှု၊ စစ်တပ်နဲ့ လိင်လုပ်ငန်းတွေ အပါအ၀င် အဆိုးရွားဆုံး ကလေးတွေကို အလုပ်ခိုင်းစေမှုတွေဟာ တရားဥပဒေနဲ့ မညီညွတ်ဘူးလို့ ကွန်ဗင်းရှင်းက ဆုံးဖြတ်ထားတယ်။ အစိုးရကတော့ ဥပဒေအရ မဖြစ် မနေလုပ်ရမယ့် သတ်မှတ်ချက်ပြဋ္ဌာန်းမှုမရှိသေးချိန်မှာ အခြေအနေတွေကို ဖြေရှင်းချင်ပေမယ့် ကလေးငယ် တွေအနေနဲ့ အလုပ်ခိုင်းစေမှုတွေ ရှိနေဦးမှာပါလို့ အစိုးရက ပြောတယ်။ ''မိဘတွေက ဆင်းရဲတဲ့အတွက် သူတို့ကလေးတွေကို လက်ဖက်ရည်ဆိုင်ပို့ပြီး ငွေရှာခိုင်းနေကြတယ်''လို့ အလုပ်သမားဝန်ကြီးဌာနက အရာရှိ တဦးက AFP ကို ပြောပြခဲ့တယ်။
ဒီလို အလုပ်လုပ်နေတဲ့ ကလေးတွေကို အလုပ်လုပ်ရင်းနဲ့ ပညာသင်နိုင်အောင် အဖွဲ့အစည်းပေါင်းစုံက ကူညီ ဆောင်ရွက်ပေးနေတာလည်းတွေ့ရပါတယ်။ မြန်မာရွေ့လျားပညာရေးစီမံချက် (myME) အဖွဲ့ကတော့ ရန်ကုန်နဲ့ မန္တလေးမှာ ကလေးသူငယ် ၆၀၀ လောက်ကို လက်ဖက်ရည်ဆိုင်ပိတ်ချိန်မှာ အခမဲ့ပညာသင်ပေးနေပါ တယ်။ စေတနာ့ဝန်ထမ်းလူငယ်တွေဟာ လမ်းဘေးမှာရပ်ထားတဲ့ မီနီဘတ်စ်ကားတွေထဲမှာ ဖြစ်သလို စာသင် ခန်းလုပ်ပြီး ကလေးတွေကို စာသင်ပေးနေကြတယ်။
တချို့ကလေးတွေကိုတော့ အခြေခံကစပြီး စာဖတ်တတ်၊ ရေးတတ်၊ သင်္ချာတွက်တတ်အောင် သင်ပေး နေရသလို အချို့အခြေခံရှိတဲ့ ကလေးတွေကိုတော့ အင်္ဂလိပ်စာနဲ့ကွန်ပျူတာ အခြေခံတွေ သင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တနေကုန်ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရတဲ့ ကလေးတွေ စာသင်ရတာ မလွယ်ပါဘူး။

''ကလေးတော်တော်များများက တနေကုန် အလုပ်လုပ်ခဲ့ရတော့ စာသင်တာကို အာရုံမစိုက် နိုင်ကြဘူး''လို့ စေတနာဆရာတယောက်က ပြော တယ်။
''လမ်းပေါ်က ကလေးများ ပညာသင်ဆု'' အဖွဲ့ကတော့ အလုပ်လုပ်ခိုင်းလို့ ၀င်ငွေရနေတဲ့ မိဘတွေကို ငွေကြေး အစားထိုးပေးပြီး ကလေးတွေကို ပညာသင်ကြားပေးနေတာလည်း ရှိပါတယ်။ ဒီနိုင်ငံက တကယ့်ကို ဆင်းရဲတဲ့ နိုင်ငံပါ။ ပညာ ရေးစနစ်ကလည်း ပျက်စီးခဲ့ရတယ်။ ဒါကြောင့် ပညာရေးကို တန်ဖိုးထားဖို့နဲ့ ကလေးတွေကို စာသင်ကျောင်းပို့ဖို့ မိဘတွေကို တိုက်တွန်းရတာ တော်တော်ခက်ပါတယ်''လို့ အဆိုပါအုပ်စုကို စတင် ထူထောင်ခဲ့တဲ့ ဂျွန်မက္ကကွန်နဲလ်က ပြောပါတယ်။

ဒီကနေ့အထိတော့ ကလေးငယ် ၃၀၀ လောက်ကို ပညာသင်ဆု ပေးထားပါတယ်။ ဒါပေမဲ့လည်း ကလေးငယ်တော်တော်များများကတော့ အလုပ် လုပ်ဖို့အတွက်ပဲ စိတ်ရောက်နေကြပါတယ်။ ပညာရေးကို စိတ်ဝင်စားမှုမပြကြတော့ပါဘူး။ ကလေးလူငယ် မျိုးဆက်လေးတွေဟာ ဆင်းရဲမွဲတေမှုရဲ့သားကောင်ဘ၀ ကျရောက်နေကြပါပြီ။

''သူတို့လေးတွေ ကြီးပြင်းလာရင် ဘယ်လိုအလုပ်မျိုးလုပ်ကြမလဲ။ သူတို့ရဲ့အနာဂတ်က ဘယ်မှာလဲ။ တိုင်းပြည်ရဲ့ အနာဂတ်ကရော ဘယ်လိုလဲ''လို့ ဂျွန်မက္ကကွန်နဲလ်က မေးခွန်းထုတ်ပါတယ်။

ထွဋ်ဝင်းထွဋ် -Ref; AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment