သူ၏ ခရီးစဉ်မှာ ရခိုင်ပြည်နယ် တိုးတက်ရေးကို ရည်ရွယ်ကြောင်း NLD နာယက ဦးတင်ဦးပြောဆို


စစ်တွေ၊ နိုဝင်ဘာ ၂

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးမှ သူ၏ ရခိုင်ခရီးစဉ်မှာ ရခိုင်ပြည်နယ် တိုးတက်ရေးကို ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း စစ်တွေမြို့တွင် လူထုနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

နိုဝင်ဘာလ ၂ ရက် နေ့လယ် ၂ နာရီက စစ်တွေမြို့ အာရီယာန် ခန်းမ၌ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်ဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးမှ ထိုသို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

“ရခိုင်တွေဟာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေလာခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ ဒီနေ့ ခရီးစဉ်ဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ပြည်နယ် တိုးတက်ရေးအတွက် ရည်စူးပြီးတော့ လာခဲ့တဲ့ခရီးစဉ် ဖြစ်ပါတယ်” ဟု ဦးတင်ဦးက ပြောသည်။

၎င်းပြင် ဦးတင်ဦးမှ ရခိုင်နှင့် မြန်မာသည် ဒင်္ဂါးတစ်ပြားတည်း လိုဟု ပြောဆိုသည်။

တက်ရောက်လာသူများမှ ဦးတင်ဦးအား မေးခွန်းများ မေးမြန်းခဲ့ရာ ပရိသတ် တစ်ဦးက ယခုကျင်းမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်ပါသလားဟု မေးမြန်းသည်။

ဦးတင်ဦးက “ယခုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ လုပ်တဲ့ ရွေးကောက်ပွဲဖြစ်တယ်။ အရွေးမခံပဲ တပ်မတော်က ၂၅ ရာခိုင်နှုန်းပါဝင်နေတယ်။ ၄၃၆ ဥပဒေကြောင့် တဘက်သက်လုပ်သွားနိုင်တယ်။ တရားမျှတမှုရှိမရှိကို ခန့်မှန်း ကြည့်နိုင်ပါတယ်”ဟု ဆိုသည်။

၎င်းအပြင် ဦးတင်ဦးက ယခင်ပါလီမန် ဒီမို ကရေစီခေတ် က ရွေးကောက်ပွဲ အတွက် ကော်မရှင်အဖွဲ့များ စည်းရာ၌ မဲစာရင်း စိစစ်ရေး ကော်မရှင် တစ်ဖွဲ့၊ ရွေးကောက်ပွဲကျင်းပရေးအတွက် တစ်ဖွဲ့၊ စိစစ်ရေးအတွက် သီးသန့် ဖွဲ့စည်းထားပြီး အားလုံးဆက်စပ် လုပ်ဆောင်ခဲ့ကြကြောင်း၊ ယခု ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကော်မရှင် ဖွဲ့စည်းရာ ၌ ကော်မရှင် တစ်ခုတည်းက အရာအားလုံးကို တာဝန်ယူဆောင် ရွက်နေသည့် အတွက် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်နိုင်မည်လား စဉ်းစားကြည့်ကြ ပါ ဟု ပြောကြားသွားသည်။

ဟာသလူရွှန်တော် ဗေလုဝနှင့် မေတ္တာတို့ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၀ိုင်းရံရခြင်းနှင့် ပတ်သက်၍ သူတို့ အမြင်များ ကို ပြောကြားခဲ့ကြသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူနဲ့တသားတည်းကျတယ်။ အဂတိကင်းစင်တယ်။ ပါတီပေါင်း ၉၀ ကျော် ၀င်ပြိုင်ကြတဲ့အထဲမှာ အစိုးရကိုကျကျနနဖွဲ့နိုင်မယ့် ပါတီဖြစ်တဲ့အတွက် ၀ိုင်းရံတာဖြစ်ပါ တယ်” ဟု ဗေလုဝကပြောသည်။

အဆိုပါအခမ်းအနားတွင် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့များကို ကိုယ်စားပြုပြီး အရွေးခံမည့် ကိုယ်စားလှယ်များနှင့်လည်း တက်ရောက်ခဲ့ပြီး ပရိသတ်နှင့် မိတ်ဆက်ခဲ့သည်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်မှ ဦးတင်ဦးမှ ရခိုင်နှင့် ဗမာမှာ ဒင်္ဂါးတစ်ပြားလိုဟု ပြောဆိုခြင်း အပေါ် သဘောမတူကြောင်း ယခုလို နိရဉ္စရာသို့ ပြောဆိုသည်။

“ရခိုင်နဲ့ဗမာဟာ အတူတူပဲ ဒင်္ဂါးတစ်ပြားတည်းဆိုတဲ့စကားကို ကျွန်မအနေနဲ့ လက်မခံပါဘူး။ ကိုယ့်လူမျိုး ဂုဏ်အင်္ဂါ၊ ၀ိသေသ လက္ခဏာဆိုတာရှိပြီးသားပဲ။ အခုပြည်ထောင်စု မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေ ဖြစ်တယ်ဆိုရင်တော့ မှန်ပါလိမ့်မယ်။ ဘာကြောင့် တူရမှာလဲ။ တူရင် ရခိုင်ရယ်၊ ဗမာရယ်လို့ နာမည်သီးသန့် ရှိပါ့မလား” ဟု သူမက ပြောသည်။

အခမ်းအနားသို့ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည်။

(ဓာတ်ပုံ- နိရဉ္စရာ)
စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment