တပ်မတော်သားအမှု အရပ်ဘက် တရားရုံးတွင် ရုံးထုတ်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တဦးကို အဓမ္မပြုကျင်မှုနဲ့ တရားစွဲခံရတဲ့ တပ်မတော်သားတဦးကို မူဆယ်ခရိုင်တရားရုံးမှာ အောက်တိုဘာ ၁ ရက်နေ့ ရုံးထုတ်စစ်ဆေးဖို့ရှိပါတယ်။

ကွတ်ခိုင်မြို့နယ် နန့်ကွတ်ကျေးရွာမှာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကို နယ်မြေခံတပ်ရင်းက တပ်သား အောင်ဘိုဘိုဆိုသူက မေလ ၁၆ ရက်နေ့မှာ အဓမ္မပြုကျင့်တယ်လို့ တရားလိုတွေဘက်က တရားစွဲထားတဲ့အမှု ဖြစ်ပါတယ်။

အမှုတွေကို မူဆယ်ခရိုင်တရားရုံးမှာ အောက်တိုဘာ ၁ ရက်နေ့ အမှုနှစ်မှုနဲ့ ရုံးထုတ်စစ်ဆေးမယ်လို့ တရားလိုရှေ့နေ ဒေါ်ရွယ်ဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“ပုဒ်မ ၃၇၆ သားမယားပြုကျင့်တဲ့ မုဒိမ်းမှုနဲ့ ၃၆၃ ဆို လူခိုးမှုပါပါတယ်။ အသက်က ၁၄ နှစ်ပဲ ရှိသေးတယ်ဆိုတော့။ ကလေးကို ခိုးတာပေါ့နော်၊ အုပ်ထိန်းသူအောက်ကနေ။ ပုဒ်မ ၂ ခုနဲ့။”

တပ်သားအောင်ဘိုဘိုက မိန်းကလေးငယ် ဈေးကအပြန်မှာ ခြုံထဲအတင်းဆွဲသွင်းပြီး အဓမ္မပြုကျင့်တာလို့ ကွတ်ခိုင်ရဲစခန်းမှာ အမှုဖွင့်ပေမယ့်  စစ်သားဖြစ်တဲ့အတွက် စစ်ခုံရုံးမှာ စစ်ဆေးခဲ့ပါတယ်။ စစ်ခုံရုံးက စည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်တနှစ်စီရင်ပြီးတဲ့နောက် တရားလိုတွေရဲ့ တောင်ဆိုချက်အရ အရပ်ဘက် တရားရုံးကို ပြန်လွှဲပေးတဲ့အမှု ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အမျိုးသမီးငယ်ရဲ့ အဒေါ်က အမှုမှန်ဖော်ထုတ်ပေးဖို့ လိုလားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ခြေလျင်တပ်ရင်း ၅၆၇ ကနေ သူတို့ ၄ လပိုင်း ၈ ရက်နေ့က ရောက်ပါတယ်။ ဖြစ်စဉ်ကတော့ ၁၆ ရက် (မေလ) ညနေ ကျမရဲ့တူမအရင်းကို သူတို့က စော်ကားသွားပါတယ်။ ဖြစ်ရပ်မှန်ကို ဖော်ထုတ်ပေးပါရန် တောင်းဆိုအပ်ပါတယ်ရှင့်။”

ဒီအမှုမှာ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်းပြည်နယ်က ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဝင် တဦးဖြစ်သူ မမိုင်းမိုင်ကတော့ စစ်ခုံရုံးက ချမှတ်တဲ့ ပြစ်ဒဏ် ၁ နှစ်ဟာ ပေါ့တဲ့အတွက်  အရပ်ဘက်တရားရုံးကို လွှဲပြောင်းစီရင်ပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

ဒီအမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေက မူဆယ်ခရိုင်တရားရုံမှာ ရုံုးထုတ်ခဲ့သလို အောက်တိုဘာ ၁ ရက်နေ့ကို ထပ်မံရုံးချိန်းတယ်လို့ ဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်ဆေးရုံက အမည်မဖော်လိုတဲ့ ဆရာဝန်တဦးကတော့ ဒီအမှုနဲ့ပတ်သက်လို့ အခင်းဖြစ်ပွားစကတည်းက ဆေးရုံမှာ ဆေးစစ်ချက်တရပ် ဆောင်ရွက်ခဲ့ပြီးပြီလို့ ပြောပါတယ်။

ရှမ်းပြည်နယ် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ တရားရေးပိုင်းက ဆောင်ရွက်ချက်ကို ခုလို ရှင်းပြပါတယ်။

ဦးကြွယ်ကြွယ်က “ကလေးသူငယ်ကို ကျူးလွန်တဲ့သူဟာ အရွယ်ရောက်ပြီးတဲ့သူလည်းဖြစ်ချင်ဖြစ်မယ်။ မရောက်သေးတဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ဒါ ဥပဒေအရ အရေးယူရမှာဖြစ်ပါတယ်။ သို့သော်လည်း တပ်မတော်ပိုင်းဆိုင်ရာ ၀န်ထမ်းက ကျူးလွန်တဲ့ ဒီကိစ္စမျိုးတွေမှာတော့ တပ်မတော်ဥပဒေအရ သက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာ တရားရုံးမှာ စစ်ဆေးရင် ကျနော်တို့ အရပ်ဘက်ဆိုင်ရာ တရားရုံးတွေနဲ့ မသက်ဆိုင်ပါဘူး။ လွှဲပြောင်းပေးတဲ့အခါမှာသာ ကျနော်တို့ ဥပဒေ လုပ်ထုံးလုပ်နည်းအရ စစ်ဆေးစီရင်ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးက မဆိုင်းဇင်ကလည်း အစိုးရနဲ့ ကေအိုင်အို ပြန်တိုက်ကြတဲ့ ၂၀၁၁ ခုနှစ် ဇွန်လကစလို့  သုံးနှစ်အတွင်းမှာ ကချင်နဲ့ရှမ်းပြည်နယ်တွေထဲက ကချင်အမျိုးသမီးတွေ မတရားကျင့်ခံရမှု၊ အသတ်ခံရမှု  ၇၃ မှု ရှိခဲ့ပြီး အဲဒီထဲက ၃-၄ မှုလောက်ပဲ တရားခွင်ပေါ် ရောက်ခဲသေးတယ်လို့ ပြောပါတယ်။

ကျန်အမှုတွေကတော့ ခြိမ်းခြောက်ခံရတာ၊ လျော်ကြေးအနည်းငယ်နဲ့ ကျေအေးခဲ့တာ၊ တချို့အမှုတွေမှာတော့ တရားခွင်ရောက်ဖို့ အခွင့်အလမ်း မရှိတာတွေ ရှိနေသေးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ကွတ်ခိုင်မြို့နယ် လွှတ်တော်အမတ် ဦးတီခွန်မြတ်ကို မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

မိန်းကလေးဟာ နဂိုကတည်းက ဉာဏ်ရည်နိမ့်ကျမှု အနည်းငယ်ရှိပြီး ကျောင်းမနေကြောင်းနဲ့ အခုအအဖြစ်အပျက်ပြီးနောက်ပိုင်းမှာ   ထိတ်လန့်ငေးငိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။

မိဘအုပ်ထိန်းသူနဲ့ ကချင်အဖွဲ့အစည်းကတော့  တရားခံကို ထိုက်သင့်တဲ့ပြစ်ဒဏ် ကျခံစေဖို့အပြင် နစ်နာသူ မိန်းကလေးရဲ့ ရှေ့ရေးကိစ္စတွေပါ ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုထားပါတယ်။

မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူက သမီးငယ်ကြုံတွေ့ရတဲ့ အဖြစ်ဆိုးကို လူတွေမကြုံစေချင်လို့ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“၅၆၇ စစ်တပ်က ကျနော်သမီးကို ဒီလို မတရား ရမ်းကားမှုပြုသွားပါတယ်။ ဒါမျိုးရမ်းကားတာဟာ လုံးဝ မကြိုက်ကြောင်း ကျနော် အဲလို ပြောချင်ပါတယ်။ နောက်နောင်လည်း ဒါမျိုးမဖြစ်စေအောင် လူတိုင်းကိုလည်း သတိပေးချင်လို့ အခုလို လုပ်ပါတယ်။”

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/66496
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment