ဖေ့စ်ဘွတ်ခ်ပေါ်က သူတို့
ကိုင်း... ဒီတစ်ပတ်မှာလည်း ပရိသတ်ရဲ့ အချစ်တော်အနုပညာရှင်တွေ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေတစ်ဆင့် ပရိသတ်ကို ဘယ်လိုဓာတ်ပုံတွေ ဝေမျှထားလဲ။ ဘာတွေပြောပြရင်ဖွင့်ထားလဲဆိုတာ အတူသွားကြည့်ရအောင်ပါ။ တချို့အနုပညာရှင်တွေက သူတို့ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ သူတို့ရဲ့ပြောစကား ရင်ဖွင့်စကားလေးတွေကို ပရိသတ်ကို တိုက်ရိုက်သိစေချင်သူတွေရှိသလို တချို့ကတော့ သိုသိုသိပ်သိပ်နဲ့ မိတ်ဆွေရင်းချာတွေနဲ့ ထိတွေ့ဆက်သွယ်ဖို့ သီးသန့်သုံးလိုသူတွေလည်း ရှိပါတယ်။ တစ်ခုကြိုတင်သတိပေးလိုတာက အခုလိုကူးယူပြီး ပြန်လည်ဖော်ပြခြင်းက အနုပညာရှင်များရဲ့ ကြည်နူးစရာ၊ ပီတိဖြစ်စရာ နောက်ပြီး သူတို့ရဲ့ နောက်ဆုံးအနုပညာလှုပ်ရှားမှုကို ပရိသတ်တွေ သိရှိဝေမျှခံစားနိုင်အောင် တစ်ဆင့်ပြန်လည်မျှဝေပေးတဲ့ သဘောပါပဲ။ ကဲ...သူတို့ရဲ့ လူမှုကွန်ရက်ထဲကို အတူဝင်ကြည့်ရအောင်လား။
ဘိုးဘိုးကြီးဇော်ဝင်းထွဋ်
ရော့ခ်ကာကြီး ဇော်ဝင်းထွဋ်ရဲ့ သမီးကြီး ဝင်းထွဋ်တာရာ (ခေါ်) ချံချံရဲ့ သမီးဦးလေးကို ဩဂုတ် ၂၅ ရက်က ဖွားမြင်ခဲ့ပါတယ်။ သမီးဦးလေးရဲ့ဓာတ်ပုံကို မွေးခန်းကထွက်ပြီး မကြာမီမှာပဲ ချစ်တဲ့၊ ခင်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေမြင်ရအောင် ချံချံက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတင်ပြီး ဝေမျှပါတယ်။ အဲဒီအထဲမှာမှ ရော့ခ်ပရိသတ်များအသည်းကျော် ဘိုးဘိုးကြီးဦးညီထွဋ်နဲ့ မြေးမလေးတို့ရဲ့ပုံက မြင်ရသူအပေါင်းကို စိတ်ကြည်နူးစေသလို ချစ်စရာလည်း အလွန်ကောင်းပါတယ်။ အဘိုးဖြစ်သူက မြေးမလေးကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ပုံ၊ သူ့ရဲ့ဖုန်းနဲ့ မြေးမလေးကို မှတ်တမ်းတင်နေပုံတို့ကို သမီးချံချံက မျှဝေထားတာပါ။ ဒီလိုလည်းရေးထားပြီး ဖခင်ဖြစ်သူကို ကျီစယ်ထားပါသေးတယ်။ ‘‘တကယ်တမ်းတော့ ဆော့စရာအရုပ်ရသွားတယ်ဆိုတာ ချံချံမဟုတ်ရပါကြောင်း’’ဆိုပြီး ရေးထားတာလေးကလည်း တကယ်ကိုချစ်စရာပါ။ သမီးအချစ် မြေးအနှစ်ဖြစ်နေတဲ့ ဘိုးဘိုးကြီးဇော်ဝင်းထွဋ်ပါ။
ပြေးထား ပြေးထား ကျော်ကျော်ဗို
ဖေ့စ်ဘွတ်ခ်ကို အမြဲသုံးတတ်တဲ့ မင်းသားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ကျော်ကျော်ဗိုကလည်း သူနဲ့ သူ့အချစ်ဆုံးသူငယ်ချင်း နေတိုးတို့ရဲ့ ဓာတ်ပုံတစ်ပုံကို ဝေမျှထားပါတယ်။ ပျော်တတ်၊ နောက်တတ်သူများအဖြစ် အများကသိထားသူများပီပီ ပုံထဲမှာ ဆိုင်ကယ်မောင်းလာတဲ့ နေတိုးက ရှေ့မှာအော်ပြီး အသည်းအသန်ပြေးနေတဲ့ ကျော်ကျော်ဗိုကို လိုက်တိုက်နေတဲ့ပုံပါ။ ချောင်းသာမှာ ကားရိုက်နေရင်း တင်လိုက်တဲ့ပုံဖြစ်လို့ ဇာတ်ဝင်ခန်းပုံလား၊ အပျော်ရိုက်ထားတဲ့ပုံလား မသိပေမယ့် နေတိုးနဲ့ ကျော်ကျော်ဗိုရဲ့ ပရိသတ်တွေ သဘောတွေ့ခဲ့တဲ့ပုံပါ။ သူတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုကိုမြင်ရသလို ပရိသတ်ဆီကို အပျော်တွေကူးစက်တဲ့ ဓာတ်ပုံတစ်ပုံပါ။
Snare ရဲ့ချစ်ရည်းစား
ဒီနေ့ ဟစ်ဟော့ပ်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Snare အဖွဲ့မှ နေဝင်းနဲ့ ဖြိုးလေးတို့ကလည်း ဒီရက်ပိုင်းမှာ သူတို့ရဲ့ အမ်တီဗီရိုက်ကွင်းက ဓာတ်ပုံအချို့ကို မျှဝေလာတာတွေ့ရပါတယ်။ ဒီရက်ပိုင်းမှာ ရိုက်နေတဲ့ ချစ်ရည်းစားသီချင်းရဲ့ အမ်တီဗီကို Snare အဖွဲ့၊ အိမ့်ချစ်၊ ယွန်းမှီမှီကျော်တို့နဲ့ ရိုက်ကူးထားပုံရပါတယ်။ Snare အမ်တီဗီအကြိုဓာတ်ပုံလေး ခံစားကြည့်လိုက်ပါဦး။
အဖွဲ့လိုက်ဆယ်ဖီ (Selfie)
ဒီနေ့ခေတ်မှာ တော်တော်လေးရေပန်းစားလာတဲ့ ဆယ်ဖီရိုက်တယ်လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်တာကို ဖေ့စ်ဘွတ်ခ်မှာ ရှာရင်းဖွေရင်း နေတိုးသီးသန့်သုံးတဲ့ အကောင့်ကနေ အဖွဲ့လိုက်ဆယ်ဖီရိုက်နေတဲ့ ပုံလေးတွေ့လို့ ကူးယူပြီး ဖော်ပြလိုက်ပါတယ်။ သီးသန့်အကောင့်ကဖြစ်နေလို့ နေတိုးတော့ စိတ်မဆိုးလောက်ဘူးထင်ပါရဲ့။
အဆိုတော်ဖြစ်ကြတဲ့ R ဇာနည်၊ ဖိုးကာ၊ ဇော်ပိုင်၊ ဝိုင်းစုခိုင်သိန်းနဲ့ နေတိုးတို့ အနောက်တိုင်းဝတ်စုံတွေနဲ့ ဆယ်ဖီရိုက်နေကြတဲ့ပုံပါ။ ဘာအတွက်ရိုက်တယ်လို့ပြောမထားဘဲ "Photoshooting" လို့သာ နာမည်တပ် ဝေမျှထားပါတယ်။
မေမြတ်နိုး သရဖူအရှုပ်တော်ပုံနဲ့ ပရဟိတ လုပ်၊ မလုပ်
အခုရက်ပိုင်းအတွင်းမှာ တော်တော်လေးပွဲဆူပြီး ဂယက်ထခဲ့တဲ့အကြောင်းကို ပြောပါဆိုရင် မေမြတ်နိုးနဲ့ သရဖူအရှုပ်တော်ပုံကိစ္စကို ပြောရမယ်ထင်ပါတယ်။ တစ်ဖက်အဖွဲ့အစည်းကလည်း လိမ်ညာပြောခဲ့တယ်။ သရဖူကို မေမြတ်နိုး ခိုးယူပါတယ်လို့စွပ်စွဲပြီး မေမြတ်နိုးဘက်ကလည်း အဖွဲ့အစည်းက သူဌေးကြီးတွေနဲ့အတူ အဖ်ာပြုဖို့ပြောတယ်လို့ အပြန်အလှန် စွပ်စွဲထားပါတယ်။ ဒါ့အပြင် (၁၆)နှစ်သမီးကို (၁၈)နှစ်သမီး အယောင်ဆောင် ယှဉ်ပြိုင်စေခဲ့တဲ့ကိစ္စကလည်း ဘူးပေါ်သလိုပေါ်ခဲ့ပါတယ်။ ရင်သားခွဲစိတ်မှုမလုပ်ခဲ့ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ မေမြတ်နိုးရှင်းအပြီးမှာ ခွဲစိတ်ခန်းထဲမှာ ရင်သားခွဲစိတ်အပြီးမြင်ရပုံလို့ ယူဆရတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပလူပျံခဲ့ပါတယ်။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်၊ ဘယ်သူကလိမ်နေတယ်ဆိုတာတော့ ကာယကံရှင်တွေကပဲ အသိဆုံးဖြစ်မှာပါ။ တစ်ဖက်ကိုရီးယားအဖွဲ့အစည်းကတော့ မေမြတ်နိုးကို တရားဥပဒေကြောင်းအရ အရေးယူနိုင်ဖို့စီစဉ်နေပြီလို့ ဆိုထားပါတယ်။ ဒီအချိန်မှာပဲ မေမြတ်နိုးကို အားပေးထောက်ခံသူတွေရှိသလို ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ သူနဲ့အတူ အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲ အတူဝင်ခဲ့တဲ့ Leo က မေမြတ်နိုးကို ပရဟိတအလုပ်မလုပ်ဘူးလို့ ပြောနေကြတာတွေ တွေ့လို့ဆိုပြီး သန်လျင်က မိဘမဲ့ဂေဟာမှာ စုပေါင်းအလှူလုပ်ခဲ့တဲ့ပုံတွေကို မျှဝေခဲ့ပါတယ်။
ခေတ်ပြိုင်သုံးယောက်
အဖေ့ခြေရာကိုနင်းပြီး အနုပညာလှုပ်ရှားမှုတွေလုပ်နေတဲ့ ယွန်းဝတီလွင်မိုးကလည်း သူ့ပရိသတ်တွေအတွက် ဓာတ်ပုံတွေ၊ သူတို့မိသားစုပုံတွေကို သူ့ပရိသတ်တွေအတွက် ဖွင့်ထားတဲ့ စာမျက်နှာမှာ ဝေမျှပေးနေကျပါ။ ဒီတစ်ပတ်မှာတော့ ‘‘ဖေဖေရယ်၊ မေမေရယ်၊ သူတို့ရဲ့ချစ်သူငယ်ချင်းတွေရယ်’’ဆိုပြီး လွင်မိုး၊ မမေသူ၊ ရဲအောင်၊ စိုးသူတို့ အတူတွဲရိုက်ထားတဲ့ဓာတ်ပုံကို ဝေမျှခဲ့ပါတယ်။ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ခေတ်ပြိုင်မင်းသားတွေရဲ့ ရုပ်ပုံကို အတူတကွ အလွမ်းပြေမြင်ရမှာပါ။
Source : 7daydaily.com
0 comments:
Post a Comment