စစ်တွေမီးစက်ကြီး မီးလောင်မူမှာ အင်ဂျင်ပေါက်ကွဲ၍ဖြစ်
ရခိုင်ပြည်နယ် စစ်တွေမြို့ မီးစက်ကြီး ယမန်နေ့က မီးလောင်မူမှာ အင်ဂျင်ပေါက်ကွဲ၍ ဖြစ်ကြောင်း၊ မသမာသူများမှ မီးရှို့၍ မဟုတ်ကြောင်း စစ်တွေမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးရာဇာအောင်က ပြောကြားသည်။
“အဓိကတော့ အင်ဂျင်အပူလွန်ကဲလို့ မီးလောင်တာပါ။ ဘင်္ဂါလီကြောင့်မဟုတ်ပါဘူး”ဟု ယင်းက ဆိုသည်။
စစ်တွေမြို့ မီးစက်ကြီးတွင် ယမန်နေ့ ညနေက မီးလောင်မူ ဖြစ်ပွားခဲ့ကြောင်း၊ စစ်တွေမီးစက်ကြီးရှိ 500 KV ဗို့အားရှိ အင်ဂျင်တစ်လုံး ဒိုင်နမိုမှ စတင်ကာ အပူချိန်မြင့်တက်လာမှုကြောင့် မီးလောင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
ယင်းသို့ မီးလောင်မူကြောင့် ညနေ ၇ နာရီကျော်ခန့်မှ စတင်ကာ စစ်တွေမြို့တွင်မီးပြတ်တောက် သွားခဲ့ကြောင်း၊ ည ၈ နာရီခန့်တွင်ပြန်လည် မီးလင်းခဲ့ကြောင်း၊ နောက်ထပ် တစ်ဖန် ည ၈ နာရီခွဲခန့်တွင် မီးပြန်လည်ပြတ်တောက်သွားခဲ့ကြောင်း၊ ယင်းနောက်တွင် စစ်တွေမီးစက်ကြီးကို အနီးအနားရှိ ဘင်္ဂါလီများ လာရောက်မီးရှို့မှုကြောင့် ယခုကဲ့သို့ မီးပြတ်တောက်သွားရခြင်းဖြစ်သည်ဟု ကောလဟာလသတင်းတစ်ချို့ စစ်တွေမြို့တွင်းနှင့် အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ သွားခဲ့ကြောင်း၊ သို့အတွက် မီးစက်ကြီးအနီးတွင် လူပေါင်း (၁၀၀) ခန့် ရောက်ရှိလာသဖြင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့ရသည်ဟု သိရသည်။
ထိုသို့ စစ်တွေမီးစက်ကြီးရှေ့တွင် လူစုလူဝေးဖြစ်ပွားခဲ့သည်မှာ ပြီးခဲ့သည့်နေ့ (စက်တင်ဘာလ ၁၁ ရက်)မှ စတင်ကာ ညမထွက်ရ အမိန့်ကို ရုတ်သိမ်းထားခြင်းနှင့် တိုက်ဆိုင်နေသည့် အတွက် မြို့ခံလူထုများ ယခုကဲ့သို့ စိုးရိမ်မှုမြင့်တက်ခဲ့သည်ဟု သိရသည်။
ယင်းသို့ လူစုလူဝေးဖြစ်ပေါ်လာသဖြင့် လက်နက်များ အသင့်တပ်ဆင်ထားသည့် လုံခြုံရေး တပ်သားများက မီးစက်ကြီး၏ အဝင်ဝတွင် လုံခြုံရေးယူမူများ ပြုလုပ်ခဲ့ကြရသည်။
ယင်းသို့ အင်ဂျင်မီးလောင်ခဲ့မှုကို မီးသတ်ကားနှစ်စီးဖြင့် ငြိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် ကျပ်သိန်း ၃ဝ ဖိုးဆုံးရှုံးသွားကြောင်း ဦးရာဇာအောင်က ဆက်ပြောသည်။
မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းပိုင် အင်ဂျင်နှစ်လုံးနှင့် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သော ဖိုးသီးချိုကုမ္ပဏီပိုင်အင်ဂျင် လေးလုံးတို့ဖြင့် စစ်တွေမြို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိရာ ယခု ပေါက်ကွဲခဲ့သောအင်ဂျင်မှာ ဖိုးသီးချိုကုမ္ပဏီပိုင်ဖြစ်ကြောင်း သိရသည်။
အင်ဂျင်မီးလောင်ကျွမ်းမှုကြောင့် ပြတ်တောက်ခဲ့ရသည့် လျှပ်စစ်မီးမှာ ယင်းနေ့ည ၁ဝ နာရီ မိနစ် ၄ဝ ခန့်တွင် ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
(နိရဉ္စရာ- ၁၃ စက်တင်ဘာလ ၂၀၁၄) / စံမောင်သိန်း
http://www.narinjara.com/burmese/?p=11899
0 comments:
Post a Comment