သီတင်းကျွတ်လပြည့် ညက မန္တလေးမြို့တွင်ကျင်းပခဲ့ သည့်အဆိုတော်လင်းလင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ မြို့ခံပရိသတ်များနှင့် ထပ်တူကျခဲ့ပြီး အောင်မြင်သည့်ပွဲတစ်ပွဲဖြစ်ခဲ့ ကြောင်း သတင်းရရှိသည်။
လင်းလင်း၏ဖျော်ဖြေပွဲကို ဒိုင်းမွန်းစင်တာ ငါးထပ်တွင် ကျင်းပရာ ခန်းမအပြည့်လူဝင်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှုတစ်စုံတစ် ရာမရှိဘဲ အောင်မြင်စွာကျင်းပ နိုင်ခဲ့ကြောင်းပွဲကျင်းပရေးတာဝန်ရှိသူ ကိုရှမ်းကပြောသည်။
ယင်းပွဲကို ညနေ ၇နာရီ အချိန်မှစတင်ကာ သီချင်းစုစု ပေါင်းအပုဒ် ၄၀ ခန့် သီဆိုခဲ့ပြီး ည ၁၁ နာရီခွဲအချိန်တွင်ပြီးဆုံးခဲ့ သည်။ ဖျော်ဖြေရာတွင်လည်း စင်မြင့်နှစ်ခုပြောင်းလဲသီဆိုခဲ့ပြီး၎င်းထွက်ရှိထားသည့် သီချင်းများကို ပုံစံအသစ်ဖြင့် ပြောင်းလဲ တီး ခတ်ကာ ဖျော်ဖြေသွားခဲ့သည်။ သီချင်းအများစုကို စင်အောက်မှ ပရိသတ်နှင့် အပေးအယူမျှမျှ သီဆိုသွားခဲ့ပြီး နောက်ဆုံးထွက်ရှိသည့်အခွေထဲမှဝေဖန်မှုများရှိခဲ့သည့် အိပ်မက်ထဲကစစ်သားကြီးသီချင်းနှင့် မန္တလေးမြို့ကျဆုံးခြင်းသီချင်းတို့ကို သီဆိုခဲ့သည်။ ယင်းသီချင်းနှစ်ပုဒ်သီဆိုရာတွင် ပရိသတ်အားပေးမှုအမြင့်ဆုံးဖြစ် ခဲ့သည်။
ဇနီးဖြစ်သူ ချစ်သုဝေနှင့် အတူဖျော်ဖြေပေးရန် ပရိသတ်များက တောင်းဆိုခဲ့ကြသော် လည်း သီချင်းများတီးခတ်ရာတွင် အဆင်မပြေဟုဆိုကာ ပွဲတစ်ပွဲလုံးကို ၎င်းတစ်ယောက်တည်း သာဖျော်ဖြေသွားခဲ့သည်။ နောက်နှစ်သီတင်းကျွတ်လပြည့်ညများတွင်လည်း ယခုကဲ့သို့ တစ်ကိုယ်တော်ပွဲ လာရောက်ပြုလုပ်ဦး မည်ဖြစ်ကြောင်း၊ ထိုအခါတွင်လည်း ယခု ကဲ့သို့ပရိသတ်များ လာ ရောက်အားပေးစေချင်ကြောင်း စင်အောက်ရှိပရိသတ်များအား ဖျော်ဖြေရင်းပြောခဲ့သည်။
ရှိုးပွဲအတွင်း ခိုက်ရန်ဖြစ်ပွားမှုတစ်စုံတစ်ရာ မရှိခဲ့သော်လည်း ပရိသတ်အချင်းချင်းအ ကြား ဗြောက်များပစ်ဖောက်ခြင်း၊ မီးပန်းများဖောက်ခြင်းတို့ရှိခဲ့သောကြောင့် လာရောက်အားပေးသည့် လူကြီးပရိသတ်များနှင့် မိန်းကလေးများရှေ့ အထိတ်တလန့်ဖြစ်ပွားမှုရှိခဲ့သည်။ မန္တလေးမြို့တွင် တစ်ကိုယ်တော်ပွဲပြုလုပ်ရန် ပြီးခဲ့သည့် ၂၀၁၃ ကတည်းက ခွင့်ပြုချက်တင်ခဲ့သော်လည်း ယခုနှစ် သီတင်းကျွတ်လပြည့်ညမှသာ ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်၍ ယခုဖျော်ဖြေပွဲမှာ လင်းလင်း၏ မန္တလေးမြို့အတွက် ပထမဆုံးတစ်ကိုယ် တော်ဖျော်ဖြေပွဲဖြစ်ခဲ့သည်။
Source:7daydaily.com

0 comments:
Post a Comment