ပါကစ္စတန်မှာ မိန်းကလေးတွေ ပညာသင်ကြားနိုင်ရေး တက်ကြွလှုပ်ရှားသူ မာလာလာ
အိန္ဒိယက ကလေးအလုပ်သမားဆန့်ကျင်ရေးလှုပ်ရှားသူ Satyarthi
သူတို့ ၂ ဦးအနေနဲ့ ကလေးသူငယ်များနဲ့ လူငယ်တွေ ဖိနှိပ်ခံနေကြတာကို ဆန့်ကျင် တိုက်ပွဲဝင်သူတွေဖြစ်သလို့ ကလေးငယ်တွေ ပညာသင်ခွင့် ရရှိရေး ကြိုးပမ်း ဆောင်ရွက်မှုတွေကြောင့် အခုလို နိုဘဲငြိမ်းချမ်းရေးဆု ချီးမြှင့်ရခြင်းဖြစ်ကြောင်း နော်ဝေ နိုဘဲလ်ဆုရွေးချယ်ရေး ကော်မီတီက ဒီကနေ့ ဆုရရှိသူတွေအမည်စာရင်းကို ကြေညာတဲ့အထဲ ထည့်သွင်း ဖော်ပြသွားပါတယ်။
အိန္ဒိယနိုင်ငံသားနဲ့ ပါကစ္စတန် နိုင်ငံသူဖြစ်တဲ့ သူတို့ ၂ ဦးရဲ့ ဆောင်ရွက်ချက်ဟာ ပညာရေးမြှင့်တင်ဖို့နဲ့ အစွန်းရောက်ဝါဒ ဆန့်ကျင်ရေးအတွက် ဟိန္ဒူဘာသာဝင်နဲ့ မူဆလင် ဘာသာဝင်တို့ ပူးတွဲလုပ်ဆောင်ချက်အဖြစ် အရေးပါလှတယ်လို့ မှတ်ယူကြောင်း နိုဘဲလ်ဆုရွေးချယ်ရေးကော်မီတီက ဖော်ပြထားပါတယ်။
အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ မာလာလာဟာ အမျိုးသမီးငယ်များ ပညာသင်ခွင့် ရရှိရေးအတွက် နှစ်အတော်ကြား ဆောင်ရွက်နေခဲ့ရာက ၂၀၁၂ ခုနှစ်မှာ ခေါင်းကို သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။ ခေါင်းမှာ ရခဲ့တဲ့ ဒဏ်ရာကို ဗြိတိန်နိုင်ငံမှာ အထူးကုသမှုခံယူပြီးတဲ့နောက် အမျိုးသမီးအခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။
မာလာလာနဲ့အတူ ပူးတွဲ ဆုရရှိတဲ့ Kailash Satyarthi ကတော့ ငွေးကြေးအမြတ်အစွန်းအတွက် ကလေးငယ်တွေကို အသုံးချနေမှုကို ကန့်ကွက်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ အများအပြားကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ကလေးအခွင့်အရေး ပြဌာန်းချက် ပေါ်ထွက်လာရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/nobel-peace-prize-to-malala-satyarthi-/2479154.html


0 comments:
Post a Comment