ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ သတ်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာနှစ်ဦးအရေး လိုက်ပါဆောင်ရွက်နေ သည့် မြန်မာသံရုံးအထူးအဖွဲ့မှ ဦးကျော်သောင်းအား လဝက က အမည်ပျက်စာရင်း (Blacklist) ထည့်သွင်းလိုက်မှုကို မကျေနပ်သဖြင့် တရားဝင်ဖြေရှင်းပေးရန် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက နိုဝင်ဘာ ၁၃ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆန္ဒပြဖော်ထုတ်ခဲ့သည်။
ယနေ့ နံနက် ၁၀ နာရီမှ ၁၀ နာခွဲထိ ဘန်ကောက်မြို့ရှိ မြန်မာပြည်ပ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) ရုံးနှင့် မြန်မာအလုပ်သမားဆိုင်ရာ ရုံးရှေ့တွင် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) အဖွဲ့ဝင်များနှင့် မြန်မာအလုပ်သမား ၄၀ ကျော်က ကန့်ကွက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
“MOU အလုပ်ခေါ်စာအတုတွေနဲ့ ခေါ်သွင်းထားတဲ့ကိစ္စ ဘယ်ကုမ္ပဏီ၊ ဘယ်အေဂျင်ဆီမှ တာဝန်ယူဖြေရှင်းပေးတာ မရှိဘူး။ ဘယ်ဝန်ကြီးဌာနကလည်း ဖြေရှင်းပေးတာ မရှိပါဘူး။ အဲဒီကိစ္စကို MAT က ဦးကျော်သောင်းက တာဝန်ယူပြီးတော့ ဖြေရှင်းပေးနေတယ်။ ဒါကို မကျေနပ်တဲ့အတွက် MOEAF ပြည်ပအလုပ်အကိုင်ရှာဖွေရေးကနေ ဦးကျော်သောင်းကို နာမည်ပျက်စာရင်းလုပ်တယ်။ ကျန်တဲ့အလုပ်သမားတွေအတွက် ဒီထက်မက ဆိုးလာမှာဆိုးလို့ အဲဒီအတွက် မကျေနပ်လို့ ကန့်ကွက်တာဖြစ်တယ်” ဟု MAT မှ အဖွဲ့ဝင် ကိုအောင်မြတ်သူက ပြောသည်။
MOEAF ရုံးနှင့် အလုပ်သမားသံအရာရှိတို့က MOU မှန်ကန်စွာ ခေါ်ယူပြီး အလုပ်သမားများ၏ အလုပ်၊ နေရာနှင့် လစာများကို မှန်မှန်ကန်ကန်ပေးရန်နှင့် ဒုက္ခရောက်နေသည့် ရွှေ့ပြောင်းအလုပ်သမားများကို တာဝန်ယူဖြေရှင်းပေးရန် တောင်းဆို ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း ၎င်းတို့ တောင်းဆိုသော ထိုင်း၊ မြန်မာနှင့် အင်္ဂလိပ်ဘာသာများဖြင့် ရေးသားထားသော စာကို တာဝန်ရှိ ရဲအား ပေးအပ်ခဲ့သည်ဟု သူက ဆိုသည်။
ဦးကျော်သောင်းအား နာမည်ပျက်စာရင်းသွင်းထားမှုနှင့်ပတ်သက်၍ တရားဝင် ဖြေရှင်းပေးရန် သမ္မတ ဦးသိန်းစိန်ထံ လိပ်မူ၍ နိုဝင်ဘာလ ၇ ရက်က စာရေးသားပေးပို့ခဲ့သော်လည်း ယနေ့ထိ လုပ်ဆောင်ပေးခြင်း မရှိသေးသဖြင့် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်ဟု MAT အဖွဲ့ဝင် ကိုခွန်က ပြောသည်။
“ဦးကျော်သောင်းကို နာမည်ပျက်စာရင်း ထည့်ထားတာ မလုပ်သင့်ဘူး။ မြန်မာအလုပ်သမားအရေးကို ရွတ်ရွတ်ချွန်ချွန် ဆောင်ရွက်နေတဲ့လူအတွက် အများကြီး စိတ်အနှောက်အယှက်ဖြစ်ရတယ်။ နာမည်ပျက်စာရင်းကို ဘာကြောင့်သွင်းတာလဲ ဆိုတဲ့အချက်တွေကို ဆန္ဒဖော်ထုတ်တာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။
၎င်းတို့ ဆန္ဒဖော်ထုတ်စဉ် ပုံမှန်အားဖြင့် ရုံးဖွင့်ရက် ဖြစ်သော်လည်း MOEAF ရုံးနှင့် မြန်မာအလုပ်သမားရုံးတို့မှာ ရုံးပိတ်ထား သဖြင့် ရှောင်ပြေးနေသည်ဟု ဆန္ဒပြသူများ ယူဆနေသည်။
နိုဝင်ဘာလ ၄ ရက်က ဦးကျော်သောင်းသည် ဘန်ကောက်မြို့ရှိ ဖမ်းဆီးခံ မြန်မာအလုပ်သမားနှစ်ဦး၏ မိဘများအား ရန်ကုန်မြို့သို့ ပြန်လည် လိုက်ပို့ပြီး ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ရန် ရန်ကုန်လေဆိပ်အရောက်အတွင် အမည်ပျက် စာရင်း အသွင်းခံရသည်ဟု သိခဲ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလကတည်းက MOEAF အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ထိုင်း-မြန်မာအလုပ်သမားစေလွှတ်ရေး MOU စနစ်ကို ပျက်သွားစေရန် အလုပ်သမားများကို သွေးထိုးလှုံ့ဆော်သူဖြစ်ခြင်း၊ ပတ်စ်ပို့သုံးခုကို ကိုင်ဆောင်ထားခြင်းတို့ကြောင့် တိုင်ထားခြင်း ဖြစ်သည်ဟု ဦးကျော်ထင်ကျော်က မကြာမီက မဇ္ဈိမကို ပြောဆိုခဲ့သည်။
ဦးကျော်သောင်းသည် လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံနေရသော မြန်မာနိုင်ငံသားနှစ်ဦး၏ အမှုကို အမှုမှန်ပေါ်ပေါက်စေရန် ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသံအမတ်ကြီး ဦးဝင်းမောင် ဖွဲ့စည်းထားသော မြန်မာသံရုံးအဖွဲ့တွင် ပါဝင်နေသည်။
Source:mizzimaburmese.com
Home
ပြည်တွင်းသတင်း
လိပ်ကျွ န်းအရေး ကူညီဆောင်ရွက်သူကို နာမည်ပျက်စာရင်းသွင်း၍ ဘန်ကောက်ရောက် မြန်မာအချို့ ဆန္ဒပြ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment