ကိုယ်ဝန်မရှိခင်မှာ ချင်းတောင်က အဖွားကို အိပ်မက်နှစ်ခါမက်တယ်လို့ ဖွင့်ဟလာတဲ့ သက်မွန်မြင့်

လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ နားထားပြီး ကိုယ်ဝန်ကိုပဲ အဓိက သေချာလေး ဂရုစိုက် ဖြစ်နေတယ်လို့ပြောလာတဲ့ သက်မွန်မြင့်ရဲ့ ကလေးအပေါ် ထားရှိတဲ့ စိတ်ခံစားချက်နဲ့ ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတစ်ဦးရဲ့စိတ်ခံစားချက်တွေကို အခုလို သွားရောက်မေးမြန်းဖြစ်တဲ့အခါ “အခုလက်ရှိ သက်မွန်ကိုယ်ဝန်က ၇ လကျော်ပြီပေါ့နော်။ အပ်ထား တာကတော့ ဒေါ်ခင်မျိုးဦးနဲ့အပ်ထားတယ်။ မွေးဖို့ကတော့ ပန်းလှိုင် မဟုတ်ရင် ၀ိတိုရိယပေါ့။ ၂ ခုတည်းက တစ်ခုပါ။ အခုလောလောဆယ်မှာ ကိုယ်ဝန်ကလဲ ရင့်နေပြီဆိုတော့ အစားအသောက်တွေ၊ အနေအထိုင်၊ အသွားအလာတွေ ဆင်ခြင်ရတယ်။ အလေးအပင်တွေ မလို့မရဘူး။ နဲနဲလဲ လူကလေးလာတဲ့အခါကျတော့ အစစအရာရာမှာ အမှားမဖြစ်အောင် ဆင်ခြင်ရတယ်။ ကိုယ်ဝန်ဆောင် အားဆေးတွေကိုတော့ ကိုနိုင်းနိုင်း အမျိုးသမီး စန္ဒီက နယူးယောက်ကနေ ပို့ပေးတယ်။ ဆေးနာမည် မေ့နေလို့။ အစားအသောက်ကတော့ ၄လထိ ကောင်းကောင်းစား လို့မရဘူး။ ဗိုက်ဆာမခံတဲ့အတွက်ကြောင့် ကြိတ်မှိတ်ပြီး စားခဲ့ရတယ်။ မုန့်လက်ဆောင်းတို့၊ ကိတ်တို့၊ ချယ်ရီသီးတို့ အဲ့ဒါလေးတွေပဲ စားဖြစ်တယ်။ ၅ လပြည့်ပြီးနောက်ပိုင်းတော့ တော်တော်လေးစားဖြစ်တယ်။ ရှောင်ရမဲ့ အစားအသောက်တွေ ရှောင်ရတယ်။ ကော်ဖီကတော့ တော်တော်လေး ပြသနာတက်တယ်။ ကိုယ်က အရင်ကဆို ကော်ဖီကို တနေ့ ၄ခွက်၅ခွက် သောက်တာကနေ အများဆုံး ၁ခွက်ပဲ သောက်လို့ရတယ်။ အဲ့လိုလေးတွေဆင်ခြင်ရတာမျိုးရှိတယ်။”လို့ သူမရဲ့ ကိုယ်ဝန်နဲ့ ပတ်သက်ပြီးဆောင်ရ၊ ရှောင်ရတာတွေကို ပြောပြပေးသွားပါတယ်။
သက်မွန်ဟာ နဂိုကတည်းကလဲ ကလေးချစ်တတ်တော့ ကိုယ့်ကလေးကို ပိုင်ဆိုင်ရတော့မယ်ဆိုတဲ့ စိတ်ဟာသူမကို ရင်ခုန်စေတယ်လို့ ခုလို ပြောပြပါတယ်။ “ကလေးအတွက် ရင်ခုန်တယ်၊ စိတ်လှုပ်ရှား တယ်။ သက်ဦးဆိုတဲ့ အတွက် စိုးရိမ်မှုတွေလဲရှိတယ်။ လောလောဆယ် ရိုးရိုးမွေးဖို့တော့ ပြောထားတယ်။ ဒါပေမဲ့ ကျန်းမာရေးအရ ပေါ့။ ကျန်းမာရေးကောင်းတယ် ဆိုရင်တော့ ရိုးရိုးမွေးဖြစ်မှာပါ။ သက်မွန်က ကလေးကန်တာ နဲနဲစောတယ်။ ၅လ မပြည့်ခင်မှာ ကလေးက စကန်တယ်။ လူက ကလေးနဲ့တိုက်ရိုက် ထိတွေ့ရတယ်ပေါ့။ စကန်တဲ့ အချိန်တုန်းကဆိုရင် အရမ်းစိတ်ကြည်နူးရတယ်။ အရမ်းလဲ ပျော်ရတယ်။ လနဲနဲရင့်လာတော့ တစ်အား ကန်တော့ နာလာတယ်။ နာကျင်မှုက ကြည်နူးမှုနဲ့တွဲနေတယ်ပေါ့နော်။ နာတာလဲနာတယ်။ ငါကလေးဆိုတဲ့ အသိနဲ့ စိတ်ခံစားမှုတွေပြောင်းလဲလာပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာလဲ စိတ်ချမ်းသာအောင် နေဖြစ်တယ်။ နဂိုကတည်းကလဲ ပျော်ပျော်နေတတ်တဲ့ သူတစ်ယောက်ဖြစ်တဲ့ အတွက်အဆင်ပြေတယ်။ သိပ်တော့ပြသနာမရှိပါဘူး”တဲ့။
သက်မွန် ကလေးလေးနဲ့ပတ်သတ်ပြီး ထူးထူးခြားခြားခံစားရတာတွေကိုလည်း သူမက “ကိုယ်ဝန် မရှိခင်မှာ အဖွားကို ထူးထူးခြားခြား အိပ်မက်မက်တယ်။ ချင်းတောင်က ဖွားဖွားပေါ့။ ဆုံးသွားတာလဲ ကြာပါပြီ။ အိပ်မက်ထဲမှာ ဖွားဖွားလို့သမီးမှာ ကိုယ်ဝန်ရှိနေပြီဆိုပြီး ပြောပြတာ။ နှစ်ခါမက်တယ်။ အဲ့ဒါပြီးတော့မှ ကိုယ်ဝန်ရှိမှန်း သိတယ်။ ကိုယ်ဝန်ရှိမှန်းသိပြီးတဲ့ခါမှာ ဘုရား ၃ ဆူ အိမ်ကိုကြွလာတယ်လို့ မက်တယ်။ ပြီးတော့ ဘာမှထပ်မမက်တော့ဘူး။ ဖွားဖွားကို အိပ်မက်မက်လို့ ၀င်စားတယ်လို့တော့ မပြောချင်ပါဘူး။ ဗုဒ္ဒဘာသာအရ ပဌာန်းဆက်ဆိုတာလဲ ရှိတယ်လေ။ ပြောလို့တော့ မရဘူးပေါ့။ ဖွားဖွားဆုံးတာကလဲ ၁၄ နှစ် ၁၅ နှစ်လောက် ရှိပြီဆိုတော့ ပြောရလဲ ခက်ပါတယ်။ တချို့ကလဲ ဘာမှကြိုပြီး မစီစဉ်ထားနဲ့မကောင်းဘူးပေါ့နော်။ ဒါပေမဲ့ သက်မွန်က သင်္ကြန်အတွင်းကို ဒိတ်ပေးထားတာဆိုတော့ အားလုံးပြင်ဆင်ထားရတယ်။ ကလေးနဲ့ပတ်သတ်တဲ့ အ၀တ်အစားလေး တွေရော၊ အနှီးတွေရော၊ အားလုံးပြင်ဆင်ထားရတယ်။ သင်္ကြန်ဆိုတော့ ဆိုင်ပိတ်မှာနဲ့ သွားရလာရ ခက်ခဲတာနဲ့ဆိုတော့ အားလုံးကိုပြင်ဆင်ထားပါတယ်။  အမျိုးသားကတော့ ဘာလေးပဲဖြစ်ဖြစ်ပေါ့နော်။ ဒါပေမဲ့ ယောကျာ်းလေးလို့ပြောလိုက်တော့ သူတော်တော်လေး ပျော်သွားတယ်။ ကိုယ့်ကလေးဆိုတော့ ဘာလေးပဲဖြစ်ဖြစ်ချစ်ပါတယ်။ ကားရိုက်ကတော့ နားထားတယ်။ သက်မွန် ကိုယ်ဝန်စဆောင်ကတည်းက သိပ်နေမကောင်းဘူး။ ကလေးကံပေါ့နော်။ သူဌေးကံ ပါတာပေါ့။ အလုပ်လုပ်တာနဲ့ဖျားဆိုတော့ ကားရိုက်နားထားဖြစ်တယ်။ မွေးပြီးလို့ကလေးလဲ ကျန်းမာတယ်။ ကိုယ်လဲ ကျန်းမာတယ်ဆိုရင်တော့ ဇာတ်ကားတွေ ဆက်ရိုက်ဖြစ်မှာပါ။ သက်မွန်ရဲ့ပရိသတ်တွေလဲ သက်မွန်နဲ့ထပ်တူကလေးလေးကို မျှော်လင့်နေတယ်လို့ ထင်ပါတယ်။ ဆုလဲတောင်းပေးကြပါလို့။ ကလေးလေး မွေးပြီးသွားရင်လဲ အနုပညာအလုပ်တွေ ဆက်လုပ်ပါမယ်။ အားပေးကြပါလို့ပြောချင်ပါတယ်။” လို့ပြောပြခဲ့ပါတယ်။
ခင်ဆွေသက်
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment