တက္ကသိုလ်ဝင်စာမေးပွဲတွင် စာခိုးချရန် အထူးပြင်ဆင်ထားသော စာအုပ်စာရွက်များအရောင်းသွက်


တက္ကသိုလ်ဝင်တန်းစာမေးပွဲနီးကပ်လာချိန် စာမေးပွဲဖြေဆိုရာတွင် စာခိုးချရန် အထူးပြင်ဆင်ထားသော အရပ်အခေါ် မိုက်ခရိုစာအုပ်များ ရောင်းအားကောင်းနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါစာအုပ်များကို ရန်ကုန်မြို့လယ်ကောင် ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်းအနီးတ၀ိုက်ရှိ မိတ္တူဆိုင်များ၊ စာအုပ်အဟောင်းဆိုင်များ၊ လမ်းဘေးရှိနာရီ အဟောင်းပြင်ဆိုင်များတွင် လျှို့ဝှက်စွာရောင်းဝယ်နေကြောင်း သိရသည်။

“ဒီနှစ်က အရင်နှစ်တွေလို မဟုတ်ဘူး။ အဖမ်းအဆီးတွေ အရမ်းများနေတယ်။ မိသွားရင် လူကိုဖမ်းဆီးအရေးယူတဲ့အပြင် ပုံနှိပ်စက်ကိုပါသိမ်းမှာဆိုတော့ မသိတဲ့လူဆိုရင် အရမ်းမရောင်းရဲဘူး”ဟု ပန်းဆိုးတန်းခုံးကျော်တံတားအနီးတွင် မိုက်ခရိုစာအုပ်ရောင်းသူတဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မသမာသောနည်းဖြင့် ဖြေဆိုနိုင်ရန် အထူးပြင်ဆင်ထားသော စာအုပ်စာရွက်ဈေးကွက်တွင် ပေါ့ကတ်၊ ဘာဂျာဟူ၍ နှစ်မျိုးနှစ်စားရှိပြီး စာရွက်အချောအကြမ်းပေါ်မူတည်ပြီး ၄၅၀၀ ကျပ်၊ ၆၀၀၀ ကျပ်၊ ၈၀၀၀ ကျပ်စသဖြင့် ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းဝယ်မှုများရှိနေပြီး နယ်မြို့များမှ ကျူရှင်သင်တန်းကျောင်းများ အတွက်လည်း တင်ပို့ရောင်းချရကြောင်း ၎င်းကပြောသည်။

“အခု နယ်က ကျူရှင်ဆရာ တယောက်မှာထားတာရှိတယ်။ သူက ကျွန်တော်တို့ဆီက ၇၀၀၀ နဲ့ ၀ယ်ပြီးတော့ သူ့ကျူရှင်က ကျောင်းသားတွေကို ၁၂၀၀၀ နဲ့ ပြန်ရောင်းမှာ”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

လက်ရှိတွင် ၄ တန်းနှင့် ၈ တန်း ကျောင်းသားများ စာမေးပွဲဖြစ်ဆိုလျက်ရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၁) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခု စာမေးပွဲကာလ စာခိုးချ ရာတွင် အထောက်အကူပြု ပစ္စည်းများဖြစ်သော ဘောပင်၊ ရေစိုခံတိပ်များလည်း ရောင်းအားကောင်းနေကြောင်း သိရသည်။

“အထက်က ညွှန်ကြားချက်ထုတ်ပြီးတော့ ပူးပေါင်းအဖွဲ့အစည်းတွေနဲ့ အရေးယူသွားမယ်။ ပုဒ်မကတော့ ပုံနှိပ် ၁၈ နဲ့ ငြိစွန်းတာပေါ့”ဟု ကျောက် တံတားရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မသမာသောနည်းလမ်းများဖြင့် ဖြေဆိုရန် အထူးပြင်ဆင်ထားသော စာအုပ်စာရွက်နှင့် အခြားသော အထောက်အကူပြုပစ္စည်းများကို ကျောင်းသားများကိုယ်စား မိဘနှင့် မိသားစုဝင်များကပင် ၀ယ်ယူပံ့ပိုးမှုများရှိနေကြောင်း အဆိုပါ ပစ္စည်းရောင်းချသူတဦး က ပြောကြားသည်။

ဇော်ခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment