ရှမ်းပြည်နယ် တီကျစ်မြို့ ပျက်စီးတော့မည်လော


“မိုင်းတွင်း တူးဖော်မှုကြောင့် မိုင်းတွင်းအနီးရှိ မြို့ဦးဘုရားသည်လည်း ယခုအခါ အုတ်ပုံဘ၀သို့ရောက်ရှိနေပြီး ပြန်လည်ပြုပြင်ပေးမည်ဆိုသည့် ကတိစကားများ လေပေါ်တွင် ပျောက်ကွယ်နေကြောင်း ယင်းအုတ်ပုံက သက်သေထူလျက်ရှိသည်။ … ”
----- ----- ----- -----
ရှမ်းတောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲ ပြင်သာရွာအနီးရှိ ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံနှင့် ကျောက်မီးသွေးထုတ်လုပ်သည့် မိုင်းတွင်းကြောင့် ဒေသခံများ ယခင်ကမဖြစ်ဖူးသည့် ရောဂါဝေဒနာဆန်းများ ခံစားလာရပြီဟု တီကျစ်ဒေသခံများက ပြောကြားခဲ့သည်။

တီကျစ်ရှိ ကျောက်မီးသွေးမိုင်းတွင်းထွက် ကျောက်မီးသွေးဖြင့် ရေနွေးငွေ့စက်ရုံ လည်ပတ်သည့်အခါများတွင် ၎င်းအနီးကျေးရွာများမှ အသက်ရှူကျပ်သည်အထိ မီးခိုးငွေ့နှင့်ပြာများ ဖုံးလွှမ်းလေ့ရှိသည်ဟု ဆိုသည်။ ''နေ့တိုင်း ကကြီး ခကွေး ရေးလို့ရတယ်။ စက်ရုံက မီးခိုးပြာတွေကြောင့်လေ''ဟု အသက် ၅၀ ကျော် ဒေသခံအမျိုးသမီးကြီး တဦးက ပြာဖုံးကြမ်းပြင်ပေါ်၌ သူမ၏လက်ညှိုးဖြင့် ရေးခြစ်၍ရှင်းပြသည်။

ဓာတ်ငွေ့များ အနံ့ဆိုးခြင်း၊ ကျောက်မီးသွေးတွင်းက စွန့်ပစ်ထားသည့် အညစ်အကြေးပုံမှာ ရွာထက်ပင်မြင့်မောက်နေခြင်း၊ ထိုမှ ရလာသည့် အနံ့ဆိုးများကြောင့် ဒေသခံပြည်သူလူအများမှာ အရေပြား ယားယံခြင်း၊ မျက်စိနာခြင်း၊ အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ်နေသည်။ ပိုက်ဆံတတ်နိုင်သူအချို့မှာ အခြားမြို့ရွာများသို့ ပြောင်းပြေးနေကြသည်။

ပြာမှုန်များ နေ့စဉ် တန်ချိန် ၁၀၀ အနည်းဆုံး ထွက်ကြောင်း၊ ကျောက်မီးသွေးမိုင်းမှ စွန့်ပစ်အညစ်အကြေးများမှာ ဘီလူးချောင်းတွင်း စီးဝင်နေသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယင်းကျောက်မီးသွေးစီမံကိန်းမှာ အင်းလေးကန်နှင့် ၁၃ မိုင်ခန့်သာ ကွာဝေးပြီး တရုတ်နိုင်ငံ အမျိုးသားအကြီးစား စက်မှုလုပ်ငန်းကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံမှဧဒင်အုပ်စုနှင့် ရှမ်းရိုးမနဂါးကုမ္ပဏီတို့ ဖက်စပ် ဆောင်ရွက်ကြကြောင်း သိရသည်။

ယင်းစီးမံကိန်းမှ ထွက်ရှိသည့် ညစ်ညမ်းရေများသည် တီကျစ် ချောင်းထဲမှ အထက်ဘီလူးချောင်း၊ ထိုမှတဆင့် အင်းလေးကန်ထဲသို့ စီးဝင်နေသည်ဟုလည်း သိရသည်။ အင်းလေးကန်သည် အာဆီယံ၏ထိန်းသိမ်းရမည့် အမွေအနှစ်စာရင်းဝင်ဖြစ်သည်။ စီမံကိန်းစတင်စဉ်ကလည်း ကျေးရွာနှစ်ရွာကို အာဏာပိုင်များနှင့် ကုမ္ပဏီများက အတင်းအဓမ္မရွှေ့ပြောင်းပစ်ခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံကြောင့် ဒေသခံများသည် ယခင်က မဖြစ်ဖူးသည့် ရောဂါဝေဒနာအသစ်အဆန်းများ စတင်ခံစားနေရပြီး သက်ဆိုင်ရာမှ တာဝန်ယူဖြေရှင်းပေးရန် လိုအပ်လျက်ရှိသည်။ ခံစားနေရသည့် ရောဂါဝေဒနာများနှင့်ပတ်သက်၍ ''မျက်စိနာတဲ့သူတွေနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေ အဖြစ်များလာတယ်။ ဒါကို တာဝန်ရှိသူတွေဘက်က စက်ရုံကြောင့် မဟုတ်ဘူးပြောတယ်။ စက်ရုံကြောင့် မဟုတ်ဘူးဆိုရင် စက်ရုံမရှိခင် လွန်ခဲ့တဲ့ဆယ်နှစ်ကိုပြန်သွားကြည့်လိုက် ဘယ်သူအဲဒီလို ရောဂါခံစားဖူးလို့လဲ ကလေးမွေးရင်လည်း ပေါင်မပြည့်လမစေ့ မွေးတာတွေ ကြုံနေရပြီ။ ဒါတွေက အရင်ကမဖြစ်ဖူးတော့ ဒေသအတွက် ရောဂါဆန်းတွေဖြစ်နေတယ်''ဟု အသက် ၄၀ ၀န်းကျင်ရှိ ဒေသခံအမျိုးသား တဦးက ပြောသည်။

ယင်းကဲ့သို့ဒေသ၌ ထိခိုက်နစ်နာမှုများ စတင်ခံစားလာရသောကြောင့် ၂၀၁၄ သြဂုတ်ခန့်က သက်ဆိုင်ရာသို့ စာတင်ခဲ့ပြီး လာရောက်စစ်ဆေးမှုများပြုလုပ်ကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်းနှင့် လူမှုဘ၀ထိခိုက်မှုစစ်တမ်းများ ပြုလုပ်သွားမည်ဟု ကတိက၀တ်များ ရရှိခဲ့သည်ဟု သက်ဆိုင်ရာမှပြောကြားချက်အား ကိုးကား၍ပြောကြားခဲ့သည်။

လက်ရှိကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံသည် ချွတ်ယွင်းမှုများရှိနေ၍ လည်ပတ်မှုများ ရပ်ဆိုင်းထားပြီး ကျောက်မီးသွေးတူးဖော်သည့် မိုင်းတွင်းလုပ်ငန်းများကတော့ နေ့စဉ်တူးဖော်နေဆဲဖြစ်သည်ဟု ဆိုသည်။ ''သတ္တုမိုင်းတွင်းက နေ့တိုင်းတူးတယ်၊ ရန်ကုန်-မန္တလေးထိ ကားကြီးတွေနဲ့သယ်တယ်။ သူတို့တာဝန်ရှိသူတွေလာတုန်းက အဲဒီကားကြီးတွေကြောင့် ဆေးရုံဘက်မှာ ရှိတဲ့လမ်းတွေ ပျက်စီးလို့ မသယ်ဖို့ပြောတော့ ဆေးရုံလမ်းမသုံးဘူးလို့ ကတိပေးတယ်။ လူကြီးတွေ ကတိပေးလို့ထင်တယ်။ တလလောက် ဆေးရုံဘက်လမ်း မသုံးဘူး။ နောက်တော့လည်း ဒီလမ်းပဲသုံးတာပါပဲ။ ဒါတောင် လူကြီး တွေကတိပေးလို့ ကိုယ်တွေကိုသာကတိပေးရင် တမနက်တောင် နားထောင်မှာမဟုတ်ဘူး''ဟု ပြောကြားခဲ့သည်။

သက်ဆိုင်ရာ၏ ကတိစကားများထဲတွင် လူမှုဘ၀ ထိခိုက်နစ်နာမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအတွက် ပြန်လည်ကုစားပေးမည်ဟု ပြောခဲ့သော်လည်း ကတိပေးပြီးချိန်မှစ၍ လျစ်လျုရှုခြင်း ခံနေရဆဲဟု ဆိုသည်။ ''တိရစ္ဆာန်တွေ အသေလေး မွေးလာတာတို့၊ ကိုယ်အင်္ဂါမစုံဘဲ မွေးလာတာတွေဟာ အရင်က ဒီဒေသမှာ မကြားဖူးပါဘူး။ မနှစ်ကဆိုလည်း ခုနစ်တန်းကျောင်းသူလေး ခေါင်းကိုက်တာ မခံ နိုင်ဘူးပြောပြီး ဆုံးသွားတာ၊ ဦးနှောက် အမြှေးပါးရောင်တာတဲ့။ ဒီလိုမျိုးတွေ ဘယ်လောက်ထပ်ဖြစ်မယ်ဆိုတာ မသိဘူး။ ဘယ်သူက စစ်တမ်းကောက်လို့လဲ နေမကောင်းလို့ ဆေးခန်း ဆေးရုံကောင်းကောင်း ပြချင်ရင် တောင်ကြီးကိုတက်ပြီးပြတယ်။ ရွာတရွာမှာ အဲဒီလိုပြနိုင်တဲ့ ပိုက်ဆံရှိသူ လေး၊ ငါးယောက်ပဲ ရှိမှာ။ ကျန်သူကတော့ ကျီးစားစား၊ ခွေးစားစားထားရတဲ့ သဘောရှိနေတာ သူတို့မှာတာဝန်ရှိတယ်။ စားပြီး လှည့်မကြည့် လုပ်တာ''ဟု ပြောပြခဲ့သည်။
ယင်းကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအား ၂၀၀၂ ခုတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ ဧပြီ ၁၂ တွင် စတင်ဖွင့် လှစ်သည်ဟုသိရသည်။ ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၉၆ သန်းခန့်ကုန်ကျခဲ့ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၂၀ ထုတ်လုပ်နိုင်သည်''ဟု သက်ဆိုင်ရာက ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ကျောက်မီးသွေးစက်ရုံပျက်နေ၍ လည်ပတ်မှုရပ်နားထားသည်မှာ ၂ လကျော်ခန့်ကြာမြင့်နေပြီး ယခုအခါ တရုတ်နိုင်ငံသားများက ပြင်ဆင်မှုများပြုလုပ်နေပြီး မကြာမီပြန်လည်လည်ပတ်တော့မည်ဟု သိရသည်။ ကျောက်မီးသွေးစက်ရုံလည်ပတ်ပါက မီးခိုးပြာငွေ့များမှာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၉ ရွာ ခန့်သို့ ဖုံးလွှမ်းလေ့ရှိပြီး ဆောင်းကာလများတွင် ပိုမိုဆိုးရွားစွာခံစားရသည်ဟု ပြောပြသည်။ ယင်းကဲ့သို့ မီးခိုးပြာငွေ့များ၏ ဒဏ်ကိုမခံနိုင်၍ ပြောင်းရွှေ့သွားသူအချို့ရှိသော်လည်း အများစုမှာ ယင်းဒဏ်ကိုပင် ကြိတ်မှိတ်ခံစားနေရသည်ဟု ဆိုသည်။

တီကျစ်ရှိ မိုင်းတွင်းတူးဖော်မှုနှင့် ကျောက်မီးသွေးစက်ရုံ တည် ဆောက်ရန်အတွက် စတင်စဉ် ၁၉၉၈ ခုနှစ်ခန့်ကတည်းက ဒေသတွင် များစွာနစ်နာမှုများ ကြုံတွေ့လာရသည်ဟု ဆိုသည်။

''အဲဒီတုန်းက သတ္တုတွင်းခွင့်ပြုမိန့် ဧက ၅၄၄ ရှိတယ်။ မြေယာလျော်ကြေး ၁ ဧက ၅ထောင် ပေးတယ်။ ကျွန်မတို့ အိမ်ကဆို ဧကအများကြီးပဲပါတာ။ လျော် ကြေးလည်းမယူခဲ့ပါဘူး။ လျော်ကြေးကိုလည်း အဲဒီတုန်းက သူကြီးပဲ ယူသွားတာ''ဟု အမျိုးသမီးတဦးက ပြောသည်။ ယင်းကျောက်မီးသွေး မိုင်းတွင်းစတင်စဉ်က ဧက ၅၄၄ ဧက သိမ်းယူခဲ့သော်လည်း ယခုအခါ သိမ်းယူသည့် ဧကစုစုပေါင်း ၈၂၄ ဧကအထိ ရှိသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မိုင်းတွင်း တူးဖော်မှုကြောင့် မိုင်းတွင်းအနီးရှိ မြို့ဦးဘုရားသည်လည်း ယခုအခါ အုတ်ပုံဘ၀သို့ရောက်ရှိနေပြီး ပြန်လည်ပြုပြင်ပေးမည်ဆိုသည့် ကတိစကားများ လေပေါ်တွင် ပျောက်ကွယ်နေကြောင်း ယင်းအုတ်ပုံက သက်သေထူလျက်ရှိသည်။

မကြာမီကျောက်မီးသွေးစက်ရုံ လည်ပတ်ရန် တရုတ်နိုင်ငံသားများက ပြင်ဆင်မှုပြုလုပ်နေပြီး ဒေသခံအများစုကတော့ စက်ရုံလည်ပတ်မှုကြောင့် နစ်နာဆုံးရှုံးမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများအတွက် စနစ်တကျလေ့လာမှုများနှင့် ကောင်းမွန်သည့် စောင့်ရှောက်မှုများအတွက် လေပေါ်တွင် ပေးခဲ့သည့်ကတိစကားများကို မျှော်လင့်ရင်းစောင့်စားနေကြရသည်ဟု ဆိုသည်။

ဇော်ဇော်ထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment