ဂျာမနီနယ်စပ်လုံခြုံရေး ပြန်လည်တင်းကြပ်မည်


မြူးနစ်ဘူတာရုံအတွင်း စင်္ကြန်လမ်းမှာ အိပ်နေကြတဲ့ ရွှေ့ပြောင်းဒုက္ခသည်များ။ (စက်တင်ဘာ ၁၃၊ ၂၀၁၅) 
 ရွှေ့ပြောင်းဒုက္ခသည်တွေ ဝင်ရောက်လာနေမှုကို ကန့်သတ်တဲ့အနေနဲ့ ဂျာမနီနိုင်ငံက သူ့နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ EU ဥရောပသမဂ္ဂ အဖွဲ့ဝင် Austria နိုင်ငံနဲ့ နယ်စပ်တလျှောက်မှာ နိုင်ငံကူးလက်မှတ် စစ်ဆေးရေးစခန်းတွေကို ယာယီပြန်လည် ဖွင့်ထားလိုက်ပါတယ်။

အခုလို အရေးယူဆောင်ရွက်လိုက်ရတာဟာ ဒုက္ခသည်တွေ ဂျာမနီနိုင်ငံအတွင်း စုပြုံဝင်ရောက်လာတာကို ရပ်သွားစေဖို့နဲ့ လုပ်ငန်းစဉ်တွေ စနစ်တကျ ပြန်ဖြစ်သွားအောင် ရည်ရွယ်ပြုလုပ်လိုက်တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Thomas de Maiziere က ပြောပါတယ်။ ဟန်ဂေရီနိုင်ငံအတွင်း ရောက်ရှိနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ အရေအတွက် လျော့ပါးသွားစေဖို့အတွက် ဂျာမနီနဲ့ Austria နိုင်ငံတို့ဟာ မကြာသေးခင်ကပဲ ဒုက္ခသည်တွေကို လက်ခံပေးဖို့ သဘောတူညီခဲ့တာပါ။

ဥရောပသမဂ္ဂမှာ ခိုလှုံခွင့်တောင်းဖို့ ဝင်ရောက်လာနေတဲ့ ဒုက္ခသည်တွေ တသောင်း နှစ်ထောင့် နှစ်ရာလောက် ဟာ ဂျာမနီနိုင်ငံတောင်ပိုင်း Munich မြို့ စနေနေ့က ဝင်ရောက်လာခဲ့တယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည်တွေ ဝင်ရောက်လာနေတာကို ဟန့်တားဖို့ နောက်ထပ် ကြိုးပမ်းချက်တရပ်အနေနဲ့ Austria ကနေ ဂျာမနီကိုလာတဲ့ မီးရထား ပို့ဆောင်ရေးကို တနင်္ဂနွေနေ့မှာ ရပ်ဆိုင်းထားလိုက်ကြောင်း နှစ်နိုင်ငံ မီးရထားဌာန တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။ ဂျာမနီကနေ Austria ကို ပြေးဆွဲတဲ့ ခရီးစဉ်တွေ ရှိမရှိဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ Austria မီးရထားဌာနပြောခွင့်ရသူကပြောပါတယ်။

ဒီအတောအတွင်း တနင်္ဂနွေနေ့ ညနေပိုင်း Munich မြို့ရဲ့ ဘူတာရုံမှာ ဗုံးလန့်မှုဖြစ်ပွားခဲ့ပြီး ဘူတာရုံအတွင်း ရှိနေသူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးလိုက်ရပါတယ်။ ခရီးသည်တွေ အားလုံး ဘူတာကနေ ထွက်ခွာစေပြီး ရထားခရီးစဉ်တွေ အားလုံးကို ရပ်ဆိုင်းထားလိုက်တယ်လို့ ဂျာမန်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောတယ်လို့ AP သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။

ညနေ ၆ နာရီ ၅ မိနစ်မှာ ဖေါက်ခွဲရေးပစ္စည်း အနံ့ခံဖို့ အထူးလေ့ကျင့်ထားတဲ့ ရဲခွေးတကောင်က ပြန်ကြားရေး ကောင်တာအနီးမှာရှိတဲ့ ပစ္စည်းတခုကို သံသယရှိကြောင်း ပြသလိုက်ပြီးတဲ့နောက် ချက်ချင်း ဗုံးရှာဖွေရေး အဖွဲ့တွေကို အကြောင်းကြားခဲ့ပြီးနောက် အခုအဲဒီနေရာကို စစ်ဆေးနေတယ်လို့ Munich ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောကြောင်း Reuters သတင်းဌာနကပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment