ထုံးတမ်းစဉ်လာများအရ အမျိုးသမီးများ ရွေးကောက်ပွဲအသိပညာ သိရှိမှုအားနည်း



 ထုံးတမ်းစဉ်လာများအရ နေရာတိုင်းတွင် ပါဝင်ဆွေးနွေးခွင့် ၊ တက်ရောက်ခွင့် နည်းခဲ့ကြရသည့် ကျေးလက်ဒေသဘက်မှ အမျိုးသမီးများသည် ရွေးကောက်ပွဲ အသိပညာ သိရှိမှုပိုင်းမှာ အမျိုးသားများထက် အားနည်းနေသည်ဟု ရွေးကောက်ပွဲ အသိပညာပေးရေး ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ မဒိုမဲနီကာ ပြောပါသည်။

“ သေချာတာကတော့ အမျိုးသမီးတွေကော အမျိုးသားတွေကော စိတ်မဝင်စားကြပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ဝင်စားမှုပို အားနည်းနေတယ်လို့ပြောလို့ရတယ်။ မဲစာရင်းသွားကြည့်ပါလို့ပြောရင်တောင် ဘာလုပ်မလဲမေးလာကြတယ်။” ဟု မဒိုမဲနီကာ ကပြောသည်။

ဒေသဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့သည် ဖရူဆိုမြို့နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာတချို့များတွင် ကွင်းဆင်းပြီး ရွေးကောက်ပွဲအသိပညာ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသိပညာတို့ကို လိုက်လံ ပို့ချပေးချိန် လေ့လာသုံးသပ်ချက်အရ သိရှိရသည်ဟု ဆိုပါသည်။

ရပ်ရွာဖွံ့ဖြိုးမှုအကျိုးစီးပွားအတွက်အစည်းအဝေးများ ပြုလုပ်သည့်အချိန် ၊ လူမှုအသင်းအဖွဲ့မှသင်တန်းများ လာရောက်ပို့ချပေးမှုများ စသည့်အချိန်များတွင် အမျိုးသမီးများအများစုသည် မအားမလပ်ဖြစ်နေကြရခြင်း ၊ အမျိုးသားများ၏ တာဝန်ဟုသာ အမှတ်မှားနေကြခြင်း ၊ မိမိ၏ အခွင့်အရေးကိုမသိကြခြင်းတို့ကြောင့် ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာသင်တန်းများတွင်လည်း တက်ရောက်မှုနည်းနေကြသည်ဟု သိရသည်။

ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်း ဦးသဲရယ်က “ခေတ်အဆက်ဆက်က နိုင်ငံရေးအရ ဖိနှိမ့်မှုတွေလည်း ရှိတော့သူတို့က အရှေ့ကိုမထွက်ရဲတာတွေလည်း ရှိတယ်ပေါ့နော။ ပြီးတော့ နိုင်ငံရေးဆိုတာကြောက်စရာလို့ သူတို့ထင်နေကြတယ်။ အဲ့ဒါကြောင့် သူတို့ပါဝင်မှုနည်းနေတယ် ” ဟုပြောသည်။

ရွေးကောက်ပွဲ နောက်ဆုံးမဲစာရင်းကို ကပ်ထားသည်မှာ စက်တင်ဘာလ ၁၈ရက်နေ့မှ ၂၇ရက်နေ့ထိ ဖြစ်ပြီး ထိုနေ့များတွင် မဲစာရင်းပြင်ဆင်ခြင်း၊ နာမည်ဖြည့်စွက်ခြင်း ၊ ပယ်ဖျက်ခြင်းစသည်တို့ကို ဆောင်ရွက်နေသော်လည်း ၎င်းတို့က သွားရောက်ဖတ်ရှုရန် မသိကြောင်း ဟိုယာရွာမှ ဒေါ်စီစီးလျာကပြောသည်။

“မဲစာရင်းတွေကပ်ထားတယ်။ ဒါပေမယ့်သွားကြည့်ရမလား မသိပါဘူး ရွေးကောက်ပွဲနေ့မှ မဲသွားထည့်မယ်ပေါ့ ” ဟု ပြောသည်။

ထိုသို့ဖြစ်ရခြင်းမှာ ထုံးတမ်းစဉ်လာအရ အစည်းအဝေးတိုင်းတွင် အမျိုးသမီးများနေရာမရခဲ့ခြင်းကြောင့်လည်း သက်ဆိုင်သည်ဟု ဆိုပါသည်။

၎င်းတို့ကျေးရွာအတွင်း ပါတီဝင်များ မဲဆွယ်စည်းရုံးမှုများ ဆင်းသည့်အချိန်တွင် လာရောက်နားထောင်သည့် သူများမှာ အများအားဖြင့် အမျိုးသားများသာ လာရောက်၍ နားထောင်နေကြသည်ကို တွေ့ရှိရသည်။

ရွေးကောက်ပွဲအကြောင်း ပါတီကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးဆင်းသည့်အချိန်တွင် အမျိုးသားများကသာ ရှေ့ထွက်ပြီး အမျိုးသမီးများမှာ အိမ်တွင်ကျန်နေခဲ့ကြသည်။

“မသိဘူး၊ အဲ့နေ့တုန်းက သူတို့ဘာလာပြောသွားလဲဆိုတာ မသိဘူး၊ ကျွန်မက အိမ်မှာပဲထမင်းချက်နေတယ် ၊အစည်းအဝေးကို ကလေးအဖေက သွားတက်တယ်” ဟု ဟိုယာကျေးရွာအုပ်စုဘက်မှ ဒေါ်ရောဇာက ပြောသည်။

ပါတီအများစု စည်းရုံးရေးဆင်းသည့်အချိန်တွင် အမျိုးသမီးများထက် အမျိုးသားများက တက်ရောက်မှုအား ပိုများကြောင်း သိရှရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီကျေးရွာအဆင့်ပါတီဝင်ကိုယ်စားလှယ်များ ရပ်ရွာ ဖွံ့ဖြိုးရေး အသိပညာပေး အစီအစဉ်ဆွေးနွေးပွဲပြုလုပ်နေချိန်တွင် အမျိုးသမီးများ ပါဝင်တက်ရောက်လာသူမရှိကြဘဲ အမျိုးသားများကိုသာတွေ့ရှိခဲ့ရသည့်ြ မင်ကွင်းဖြစ်သည်။ ဓါတ်ပုံ - မူအက်စတာ

မူအက်စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment