ပြည်သူ့အတွက် အလုပ်မလုပ်၍ တိုင်းပြည်ဆင်းရဲဟု ဒေါ်စုပြော


အစိုးရသည် ပြည်သူ့အတွက် အလုပ်မလုပ်ဘဲ ကိုယ့်အတွက် ကိုယ်လုပ်နေသောကြောင့် တိုင်းပြည်ဆင်းရဲခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယမန်နေ့က ကချင်ပြည်နယ် မိုးမောက်မြို့ရှိ လောကမာရဇိန် ဘုရားပရ၀ဏ် အတွင်း၌ ပြုလုပ်သည့် ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အစိုးရကို ကယ်တင်ရှင်လို့ ဘယ်တော့မှ မသတ်မှတ်ရဘူး။ ငါတို့ ခိုင်းရမယ့် အစိုးရလို့ ထင်မြင်ထားရမယ်။ အစိုးရဟာ ပြည်သူဆင်းရဲ မွဲတေမှု ပပျောက်အောင်လို့ လုပ်ပေးရမှာ၊ ခိုင်းရမှာပဲ။ ကျွန်မတို့နိုင်ငံက ဆင်းရဲမွဲတေတဲ့ ပြဿနာက ကျွန်မတို့ဆီမှာ သဘာဝ သယံဇာတတွေ အများကြီး ရှိတယ်။ နိုင်ငံက ချမ်းသာတယ်။ သယံဇာတ ပစ္စည်းတွေ သိပ်ပေါတာ။ ဘာဖြစ်လို့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေ ဆင်းရဲနေတာလဲ။ စနစ် မမှန်လို့၊ အစိုးရက ကိုယ့်အတွက်ပဲ ကိုယ်လုပ်ပြီးတော့ ပြည်သူတွေအတွက် မလုပ်လို့ပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံ၏ သဘာဝ သယံဇာတပစ္စည်းများကို တရားမ၀င် ထုတ်ယူသုံးစွဲ ရောင်းစားခြင်းနှင့် ပတ်သက်၍လည်း အုပ်ချုပ်ရေးပိုင်း ဆိုင်ရာနှင့် ပေါင်းလုပ်ကြသည်ကို ပြည်သူအားလုံးသိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောသည်။

“ကျွန်မတို့ဟာ အနှစ်သုံးဆယ် အတိုက်အခံ အဖွဲ့တစ်ခု အနေနဲ့ ရပ်တည်ခဲ့တာပါ။ ကျွန်မတို့ကို အမျိုးမျိုး ကန့်သတ်ပြီး တော့ ဖိနှိပ်နေတာလည်း ဒီသစ်တွေ ရောင်းတယ်၊ ၀ယ်တယ် ဆိုတာတွေနဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်”ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် နိုင်ငံကို တရားဥပဒေစိုးမိုးရေး အောက်ကို သေသေချာချာ ရောက်သွားစေချင်ပြီး အဖွဲ့ချုပ်အနေဖြင့် အစိုးရ ဖွဲ့နိုင်ခဲ့ပါက အားလုံးကို ဥပဒေအရ လုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် ဥပဒေအရ သာမန်လူ တစ်ယောက် သစ်ပင်မခုတ်ရဆိုပါက ၀န်ကြီးတစ်ယောက်လည်း သစ်ခုတ်ပိုင်ခွင့် မရှိပါဘဲ အားလုံးကို တန်းတူညီမျှ ဖြစ်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
The Messenger
messenger news journal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment