ရွေးကောက်ပွဲ နဲ့ ပါတ်သတ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ပြောကြားချက်



တပ်မတော်စည်းရုံးရေးဗဟိုဦးစီးကော်မတီ၏ (၇/၂၀၁၅)ကြိမ်မြောက် အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၁၁

မိမိနိုင်ငံ၏ ကောင်းမွန်သောပုံရိပ်ဖြစ်သည့် အထွေထွေရွေးကောက်ပွဲကြီးအား နိုဝင်ဘာ ၈ ရက်တွင် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြောင်း၊ Observer များအနေဖြင့် ပြည်ပလေ့လာသူ ၁၀၀၀ ကျော်၊ ပြည်တွင်းလေ့လာသူ ၉၀၀၀ ကျော်၊ စုစုပေါင်း ပြည်တွင်း၊ ပြည်ပလေ့လာသူ ၁၀၀၀၀ ကျော်နှင့် သံတမန်များသည် တပ်မဲရုံများအပါအ၀င် နိုင်ငံတစ်ဝှမ်းရှိမဲရုံများကို သွားရောက်လေ့လာကြပြီး လွတ်လပ်မျှတသည့် မဲပေးမှုစနစ်ကို တွေ့မြင်ခဲ့ရကြောင်း၊ တပ်မတော်သားများ၊ မိသားစုဝင်များ၊ မှီခိုသူများ အနေဖြင့် မိမိတို့ဆင်ခြင်တုံတရားဖြင့် လွတ်လပ်စွာ မှန်မှန်ကန်ကန် ရွေးချယ်မဲပေးခဲ့ကြပြီး တပ်ပြင်နေ မိသားစုများအနေဖြင့်လည်း သက်ဆိုင်ရာပြင်ပမဲရုံများတွင် လွတ်လပ်စွာမဲပေးခဲ့ကြကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ခဲ့မှုများအတွက် ဂုဏ်ပြုချီးကျူးပါကြောင်းဖြင့် တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီ၏ (၇/၂၀၁၅)ကြိမ်မြောက် အစည်းအဝေးအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်စည်းရုံးရေးဗဟိုဦးစီးကော်မတီဝင်များ၊ တပ်မတော်စည်းရုံးရေးကော်မတီဝင်များ တက်ရောက် ကြသည်။
အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် စစ်စည်းကမ်း ကောင်းမွန်မှုနှင့် အမိန့်နာခံမှုကောင်းခြင်းသည် စစ်သားကောင်းတို့၏ အလုပ်ဖြစ်သကဲ့သို့ ယင်းနှစ်ချက်ကြောင့် မိမိတို့တပ်မတော် တည်တည်တံ့တံ့နှင့် ခိုင်ခိုင်မာမာရှိနေခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်၊ အထက်အကြီးအကဲများအပေါ် ပြုကျင့်ရမည့်ကျင့်ဝတ်၊ လက်အောက်ငယ်သားများအပေါ် ပြုကျင့်ရမည့်ကျင့်ဝတ်၊ တစ်ဦးချင်းပြုကျင့်ရမည့်ကျင့်ဝတ်၊ အခြားရဲဘော်များအပေါ် ပြုကျင့်ရမည့်ကျင့်ဝတ်၊ ရန်သူအပေါ် ပြုကျင့်ရမည့်ကျင့်ဝတ်စသည့် ကျင့်ဝတ်အပါး ၆၀ အား အလေးထားလိုက်နာဆောင်ရွက်ခြင်းဖြင့် တပ်မတော်သည် တပ်ကောင်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအလွန်ကာလတွင် အစိုးရသစ်နှင့် လက်တွဲ၍ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မှန်မှန်ကန်ကန်လုပ်ဆောင် ခြင်းဖြင့် ပြည်သူလူထု၏ နားလည်ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့များအတွင်း မဲပေးရာတွင် အချို့မှားယွင်း လုပ်ဆောင်မှုများရှိနိုင်ကြောင်း၊ ယင်းမှာလည်း ရိုးသားစွာ မှားယွင်းလုပ်ဆောင်ခြင်းဖြစ်သလို ကြိုတင်မဲနှင့်စပ်လျဉ်း၍ မိမိတို့စည်းကမ်းနှင့်အညီ အမှန်အတိုင်းဆောင်ရွက်ခဲ့ကြောင်း၊ မှားယွင်းမှုများ စိစစ်ဖော်ထုတ်ရပါက တာဝန်ရှိသူများကိုလည်း စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၀ခုနှစ်၊ ပထမအကြိမ်အထွေထွေရွေးကောက်ပွဲသည် ဗဟိုဦးစီးစနစ်မှ ပါတီစုံ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခြင်းဖြစ်ပြီး ယခုဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲသည် ပါတီစုံဒီမိုကရေစီစနစ် ဒုတိယ သက်တမ်းအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးချယ်ခဲ့သော အချို့ကိုယ်စားလှယ်များအနေဖြင့် လက်တွေ့တွင် မျှော်လင့်ထားသလောက် လုပ်ဆောင်နိုင်မှု မရှိခဲ့ကြောင်း၊ ယခုဒုတိယအကြိမ်တွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်အင်အား ပိုမိုများပြားသဖြင့် စိစစ်ရွေးချယ်မှု အားနည်းနိုင်ကြောင်း၊ အများကယုံကြည်မှုဖြင့် မဲပေးခဲ့ကြသည့် ကိုယ်စားလှယ်များသည် ယုံကြည်သည့်အတိုင်း ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ဒုတိယသက်တမ်းအတွက် ပြုလုပ်သော အထွေထွေရွေးကောက်ပွဲတွင် လုပ်ဆောင်ဖွယ်ရာများကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားကြ ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအား ကိုယ်စိတ်နှစ်ပါးချမ်းသာစေရေး လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးခြင်း၊ စိတ်အေးချမ်းစွာနေထိုင်ရခြင်းတို့သည် စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်သကဲ့သို့ စားဝတ်နေရေး အဆင်ပြေပြီး စီးပွားရေးကောင်းမွန်ခြင်းသည် ကိုယ်ချမ်းသာမှုကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာရှိစေရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။

တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရေး၊ ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ တိုင်းပြည်စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့မှ ထာဝရငြိမ်းချမ်းရေးရသည်အထိ ဆက်လက် ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည်ဖြင့် တိုင်းပြည်၏ ကျရာတာဝန်များကိုပါ ဆက်လက်လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ လက်ရှိလုပ်ဆောင်နေသည့် တပ်မတော်၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများသည် ကုန်ဈေးနှုန်းတည်ငြိမ်မှုနှင့် ဒေသခံလူထု သက်သာချောင်ချိရေးအတွက် အထောက်အကူဖြစ်စေရေး၊ တပ်မတော် ကုန်ထုတ်လုပ်ငန်းများအနေဖြင့်လည်း တိုင်းပြည်ကုန်ထုတ်လုပ်မှု အထောက်အကူဖြစ်စေရေး တို့အား ဆက်လက်လုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း Standard Army ဖြစ်စေရန် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ရပ်အား အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မည်သည့်အစိုးရ တက်သည်ဖြစ်စေ ယင်းလုပ်ငန်းတာဝန်များကို တပ်မတော်၏ အစဉ်အလာ ၁၂ ရပ်နှင့်အညီ ဆက်လက်ထိန်းသိမ်း လုပ်ဆောင်ရန် မိမိတို့အားလုံးတွင် တာဝန်ရှိကြောင်း၊ ကွပ်ကဲအုပ်ချုပ်သူများအနေဖြင့် မှန်ကန်စွာ ကွပ်ကဲကြပ်မတ်၍ လက်အောက်ကိုလည်း သိရှိနားလည်အောင် သွန်သင်ပေးရမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှုသည် များစွာအရေးကြီးသဖြင့် ကြည်း၊ရေ၊လေ မခွဲခြားဘဲ၊ လက်ရုံးတပ်ဖွဲ့မခွဲခြားဘဲ တပ်မတော်တစ်ခုလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လုပ်ဆောင် သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

Senior General Min Aung Hlaing
https://www.facebook.com/seniorgeneralminaunghlaing/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment