လေးလံနှေးကွေးနေ၍ဟုဆိုကာ မိမိ၏ဝန်ထမ်းတစ်ဦးကို အသေသတ်ခဲ့သည့် အိန္ဒိယသူဌေးတစ်ယောက်ကို တရားရုံးက ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အိမ်ခြံမြေလုပ်ငန်းများနှင့် ဆေးလိပ်ခုံလုပ်ငန်းတို့ကြောင့် ကြွယ်ဝချမ်းသာနေသည့် မိုဟာမက် နစ်ရှမ်းကို ဇန်နဝါရီ ၂၁ ရက်တွင် လူသတ်မှုအတွက် ကီရာလာပြည်နယ် တရားရုံးက ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် နှေးကွေးလေးလံသည်ဟုဆိုကာ အသက် ၅၀ အရွယ် လုံခြုံရေးဝန်ထမ်း ချန်ဒရာဘိုစီကို Hummer မော်တော်ကားဖြင့် တက်ကြိတ်ခဲ့ပြီး ထို့နောက်တွင် သတ္တုချောင်းတစ်ချောင်းဖြင့် ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည်။ အဆိုပါ ဒဏ်ရာများကြောင့် ချန်ဒရာဘိုစီသည် နောက် ၂ ပတ်အကြာတွင် ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။
ပြီးခဲ့သည့်နှစ်၊ ဇန်နဝါရီလကဖြစ်ပွားသောအမှုတွင် လုံခြုံရေးဝန်ထမ်း ချန်ဒရာဘိုစီက နစ်ရှမ်း၏ မော်တော်ကား
ရောက်ရှိလာချိန်တွင် ခြံတံခါးဖွင့်ပေးရန် နှောင့်နှေးနေမှုကြောင့် ယခုလို ပြုမူခံရခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
သရတ်ဆားမြို့တွင် ဖြစ်ပွားခဲ့သောအမှု၌ အသက် ၃၈ နှစ်ရှိ နစ်ရှမ်းတွင် ပြစ်မှုထင်ရှားကြောင်း တရားရုံးကဆုံးဖြတ်ကာ ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ခြင်း ဖြစ်သည်။ ယင်းအမှုသည် အိန္ဒိယတွင် အထူးနာမည်ကြီးခဲ့ပြီး ဆင်းရဲသားများအပေါ် လူကုံထံများက လူမဆန်စွာ ဆက်ဆံတတ်သည့် ပြယုဂ်တစ်ခုအဖြစ် ရှုတ်ချခံခဲ့ရသည်။
တရားလို ရှေ့နေဖက်က နစ်ရှမ်းကို ထောင်ဒဏ်တစ်သက်ချမှတ်ခြင်းသည် မလုံလောက်ဟုယူဆနေပြီး ၎င်းကို သေဒဏ်စီရင်နိုင်ရေးအတွက် အယူခံဆက်ဝင်သွားဖွယ် ရှိနေသည်။ နစ်ရှမ်းသည် အိန္ဒိယတွင် နာမည်ဆိုးဖြင့်ကျော်ကြားသည့် သူဌေးတစ်ဦးဖြစ်ပြီး တန်ဖိုးကြီး ဇိမ်ခံကားများကို စုဆောင်းထားကာ ယခင်ကလည်း မလျော်မကန်အမူအကျင့်များ ပြုလုပ်သဖြင့် အိန္ဒိယမီဒီယာများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ရတနာဆိုင်များ၊ ဟိုတယ်များပါ ပိုင်ဆိုင်ထားသည့်သူဌေးသည် ၂၀၁၃ ခုနှစ်ကလည်း အမျိုးသမီးရဲအရာရှိတစ်ဦးကို ၎င်း၏ ဇိမ်ခံ Rolls Royce မော်တော်ကားထဲတွင် ထည့်ပိတ်ထားမှုအတွက် အမှုရင်ဆိုင်ခဲ့ရဖူးသည်။
Credit- 7Day daily

0 comments:
Post a Comment