ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကြား သတင်းမထုတ်ပြန်သည့် တံခါးပိတ်ဆွေးနွေးပွဲများ ရှိနေဟု ဆို


ရွေးကောက်ပွဲ အနိုင်ရရှိထားသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအား သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားသော လက်ရှိ အခြေခံဥပဒေအား ချက်ချင်းပြင်ဆင်ရန် ဆောင်ရွက်မည် မဟုတ်ဘဲ ရုပ်ပြသမ္မတ တစ်ဦးကိုသာ ခန့်ထားမည်ဟု NLD ၏ ၀ါရင့်ပါတီဝင် တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က အာဏာကြီးကြီးမားမား ချုပ်ကိုင်ထားဆဲ ဖြစ်သည့် စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံမှု့ကို ရှောင်ရှားရန် ဆန္ဒရှိနေသည်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရစဉ်က ရလဒ်ကို စစ်တပ်က အသိအမှတ်မပြုခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည့်အဖြစ်မျိုး ထပ်မံဖြစ်ပွားခြင်းကို ရှောင်ရှားရန် ရည်ရွယ်သည်ဟု ယူဆကြသည်။

သို့သော် ထိုသို့ ချက်ချင်းပြင်ဆင်ရန် တွန်းအားမပေးခြင်းက NLD သည် အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုသည့် ရည်မှန်းချက်ကို စွန့်လွှတ်ခြင်းမဟုတ်ဟု ထိုပါတီဝင်က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ “ကျွန်တော်တို့ ရွေးချယ်မယ့် သမ္မတဟာ အခမ်းအနားတွေတက်ဖို့ အတွက်ပဲ ဖြစ်ပြီး ဆုံးဖြတ်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ကပဲ ချမှတ်မှာပါ” ဟု ယင်းကဆိုသည်။ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် NLD ဖွဲ့စည်းမည့် အစိုးရ၏ ပုံစံနှင့် ပတ်သက်၍ ဆွေးနွေးမှုများမှာ အလွန် အထိအခိုက် မခံသဖြင့် ထိုပါတီဝင်က အမည်ထုတ်ဖော်ပြောကြားလိုခြင်း မရှိဟုဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ ပြီးနောက် အစိုးရ အကူးအပြောင်းနှင့် ပတ်သက်၍ စစ်တပ် ခေါင်းဆောင်နှင့် သတင်းထုတ်ပြန်ခြင်းမရှိသည့် တံခါးပိတ် ဆွေးနွေးမှုအချို့ ပြုလုပ်ခဲ့သည်ဟု ထိုပါတီဝင်က ပြောကြားသည်။ ထို့အပြင် NLD ပါတီနှင့် စစ်တပ်ကြား ယုံကြည်မှု တည်ဆောက်ရန် ဒေါ်အောင်ဆန်းစုကြည်သည် ဆက်ဆံရေး အရာရှိများ ခန့်ထားကာ စစ်တပ်နှင့် ပုံမှန် ဆွေးနွေးမှုများ ပြုလုပ်စေခဲ့လျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့်လည်း တွေ့ဆုံခဲ့ပြီး NLD သည် အတိတ်ကို အာရုံစိုက်မနေဘဲ အနာဂတ်အတွက်သာ လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။

စစ်တပ်နှင့် ရင်ကြားစေ့ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုမှာ ၂၀၁၁ က စတင်ခဲ့သည့် အရပ်သားတစ်ပိုင်း အစိုးရမှ အရပ်သားစစ်စစ် အစိုးရသို့ ပြောင်းလဲရန် လက်တွေ့ကျကျ ချဉ်းကပ်မှုပုံစံကို ထင်ဟပ်စေသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီ သင်္ကေတတစ်ခုအဖြစ်ထက် လက်တွေ့ကျသည့် နိုင်ငံရေးသမားတစ်ဦးအဖြစ် ပုံပေါ်လာစေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ကျသော မူဝါဒမှာ မကြာသေးခင်အချိန်များက ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသည်။ နိုင်ငံရေး အသွင် ကူးပြောင်းမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်က စစ်အာဏာရှင်ဟောင်းများနှင့် လက်တွဲ ဆောင်ရွက်လိုချင်းမှာ ရှောင်လွှဲမရနိုင်သည့် အခြေအနေဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အရာရှိဟောင်း ရန်ကုန်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ရစ်ချတ်ဟော်ဆေးက “သူ့ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ ဦးစားပေး အစီအစဉ်က စစ်တပ်ကို ဖယ်ရှားဖို့ မဟုတ်ဘဲ အရပ်သားအစိုးရ ထိန်းချုပ်မှုအောက်မှာ ထားရှိဖို့ပါ။ ဒါဟာ အားလုံး ညင်သာစွာ ပြောင်းလဲနိုင်ဖို့ ရည်ရွယ်တာလို့ ထင်ပါတယ်။ ဒါက နေ့ချင်းညချင်း ဖြစ်မလာနိုင်ပါဘူး။ ပြီးတော့ စစ်တပ်က သူ့ရဲ့ အာဏာကိုစွန့်လွှတ်ပြီး အရပ်ဘက် ထိန်းချုပ်မှုကို လက်ခံဖို့ သဘောတူမှ ဖြစ်နိုင်မှာပါ” ဟု ပြောကြားခဲ့သည်။

NLD ကိုယ်စားလှယ်များသည် စစ်တပ်အရာရှိများနှင့် တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်မျှ တွေ့ဆုံလေ့ရှိပြီး အလယ်အလတ်နှင့် ထိပ်ပိုင်းပါတီဝင်များ ပါဝင်ဆွေးနွေး လေ့ရှိသည်ဟု ဆိုသည်။ “စစ်တပ်အရာရှိတွေက စိုးရိမ်နေပါတယ်။ အခြေအနေ ပျက်ပြားသွားအောင် ကျွန်တော်တို့ လုပ်မှာ မဟုတ်ဘူးဆိုတာ သူတို့က သိချင်နေပါတယ်” ဟု အထက်ပါ NLD ပါတီဝင်က ပြောကြားသည်။ နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ထိုတွေ့ဆုံဆွေးနွေးမှုများကို ထောက်ခံခဲံသည်။ ယင်းက “ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုက နားလည်မှုပေါ်မှာ အခြေခံပါတယ်။ ဒါကြောင့် နှစ်ဖက်လုံးက ကြားခံလူမသုံးဘဲ တိုက်ရိုက်စကားပြောဖို့ လိုပါတယ်” ဟု ပြောကြားသည်။

လက်ရှိအစိုးရအဖွဲ့တွင် ၀န်ကြီးဌာန ၃၆ ခုရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာန ၂၅ ခုထက် လျော့နည်းနိုင်သည်ဟု ဆိုသည်။ NLD ခေါင်းဆောင်များ လက်ရှိ ဆွေးနွေးလျက်ရှိသော သမ္မတလောင်းနှင့် ၀န်ကြီး အမည်စာရင်းကို လွှတ်တော်သစ် စတင်သည့် ဖေဖော်ဝါရီ ၁ မတိုင်မီရက်ပိုင်းတွင် ကြေညာဖွယ်ရှိသည်ဟု ထို NLD ပါတီဝင်က ဆိုသည်။ နိုင်ငံရေးအရ ဆန့်ကျင်မှုများကြောင့် လက်ရှိ အစိုးရအဖွဲ့ ၀န်ကြီးများမှာ မည်သူ့ကိုမှ ဆက်လက် တာဝန်ပေးခြင်းမပြုရန် NLD က စီစဉ်ထားသည်ဟု ဆိုသည်။ သို့သော် NLD အစိုးရအဖွဲ့တွင် ကြံ့ခိုင်ရေးပါတီဝင် အနည်းဆုံး တစ်ဦး ပါဝင်မည်ဖြစ်ပြီး ထိုသို့ ထည့်သွင်းခြင်းကို ၂၀၁၁ တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုအချို့ စတင်ခဲ့သူ လက်ရှိသမ္မတ ဦးသိန်းစိန်က ထောက်ခံကြိုဆိုခဲ့သည်ဟု ဆိုသည်။ ဦးဇော်ဌေးက “ဒါက ကောင်းတဲ့ကိစ္စပါ။ NLD က အနိုင်ရသူဖြစ်ပေမယ့် ရသမျှအားလုံး မယူတာက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ကောင်းမွန်တဲ့ ခြေလှမ်းပါ” ဟု ပြောကြားခဲ့သည်။

KHTun
Ref - WSJ
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment