မြန်မာ အမျိုးသမီးအား တရုတ်အမျိုးသားနှင့် လက်ထပ် ထိမ်းမြားစေပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန် ဆောင်ရွက်သူများအား ဖော်ထုတ် အရေးယူ


လားရှိုး ဇန်န၀ါရီ ၁၆

မြန်မာအမျိုးသမီးတစ်ဦးအား တရုတ်အမျိုးသားနှင့် လက်ထပ် ထိမ်းမြားစေပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားနိုင်ရေးအတွက် ပြောဆို စည်းရုံးကာ ရရှိသည့်ငွေကြေးအပေါ် ခေါင်းပုံဖြတ်ရယူသူ ဒေါ်အေးခမ်း (၅၅ နှစ်)၊ အိုက်ထွန်း (ခ) အိုက်လွတ် (၃၁နှစ်)နှင့် တရုတ်နိုင်ငံသား လီချီ(ခ)ကျိမ်ချွမ်း (၃၃ နှစ်)၊ တွန်းစောက်ရှင်း (၃၄ နှစ်)တို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၁၆) လားရှိုးမှ ဖမ်းဆီး၍ ဇန်နဝါရီ ၁၃ ရက်က လားရှိုး နယ်မြေ ရဲစခန်း၌ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

အသက်(၃၄)နှစ်အရွယ် အမျိုးသမီးသည် လားရှိုးမြို့ နေအိမ်တွင် တရုတ်နိုင်ငံ သားနှင့် မင်္ဂလာဆောင်နေကြောင်း သတင်းရရှိသဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၁၆) လားရှိုးမှ တရုတ်အမျိုးသားနှင့် မင်္ဂလာဆောင်နေသည့် မ---အား လားရှိုးမြို့နယ် ရပ်ကွက်(၉) အုပ်ချုပ်ရေးမှူးရုံး သို့ ခေါ်ဆောင်၍ သက်သေများရှေ့တွင် တွေ့ဆုံမေးမြန်းခဲ့သည်။

စစ်ဆေးမေးမြန်းချက်အရ လွန်ခဲ့သော ၁၅ ရက်ခန့်က လားရှိုးမြို့နယ် နောင်မွန် အုပ်စု ခေးနင်းကျေးရွာနေ ဒေါ်အေးခမ်းသည် ၎င်း၏သားဖြစ်သူ အိုက်ထွန်း (ခ) အိုက်လွတ်နှင့် အမည်မသိ တရုတ်အမျိုးသား နှစ်ဦးတို့ မ----၏ နေအိမ် သို့ ရောက်ရှိလာခဲ့ပြီး တရုတ်အမျိုးသားနှင့် လက်ထပ်ထိမ်းမြားပါက မြန်မာငွေ ကျပ် သိန်း ၅၀ ဖြင့် တင်တောင်းမည်ဟု စည်းရုံး၍ စရန်ငွေအဖြစ် မြန်မာ ငွေ ကျပ်ငါးသိန်းကို မ---ထံ ပေးအပ်ခဲ့သည်။

ဇန်နဝါရီ ၁၁ ရက်တွင် ဒေါ်အေးခမ်းက မ----ထံ ဖုန်းဖြင့် ဆက်သွယ်ကာ ဇန်န၀ါရီ ၁၃ ရက်တွင် မင်္ဂလာဆောင်မည် ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ်များကို ၎င်းတို့က ကျခံမည်ဖြစ်ကြောင်း၊ ကျန်ငွေကျပ် ၄၅ သိန်းအား တရုတ်နိုင်ငံရှိ တရုတ်အမျိုးသား၏ နေအိမ်သို့ ရောက်ရှိမှသာရရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ လိုက်ပါသွားရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၁၄ ရက်တွင် တရုတ်နိုင်ငံသို့ လိုက်ပါသွားရ မည် ဖြစ်ကြောင်း သိရှိရသဖြင့် ပြောဆို စည်းရုံးသူများနှင့် အားပေး ကူညီ သူများ ဖြစ်သော ဒေါ်အေးခမ်းနှင့်သား အိုက်ထွန်း(ခ) အိုက်လွတ်၊ တရုတ် နိုင်ငံသား များဖြစ်သော လီချီ(ခ)ကျိမ်ချွမ်း၊ တွန်းစောက်ရှင်းတို့အား ဥပဒေအရ အရေးယူပေးပါရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၁၆) လားရှိုးမှ ဒုရဲမှူး ဝင်းညွန့်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဇန်နဝါရီ ၁၃ ရက်က လားရှိုးနယ်မြေရဲစခန်းက အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူများအား စစ်ဆေးလျက်ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူ တရုတ်နိုင်ငံသား နှစ်ဦးနှင့် ထိုသို့ ၀င်ရောက်ရန် ဆောင်ရွက်ပေးသူ အိုက်ထွန်း (ခ) အိုက်လွတ် တို့ကို လူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေဖြင့် အရေး ယူနိုင်ရေး လားရှိုးမြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနသို့ လွှဲစာ ပေးပို့ ထားကြောင်း သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment