လိပ်ကျွန်းလူသတ်မှု စစ်ဆေးနေစဉ် အတောအတွင်း ထိုင်းရဲတပ်ဖွဲ့၏ ဆိုးရွားစွာ ဆက်ဆံမှုကို ခံခဲ့ရကြောင်း လူသိရှင်ကြား ဖွင့်ချခဲ့သည့် လော်ရာ ဝစ်သာရစ်ဂ်ျကို တရားစွဲရန် ထိုင်းရဲများက စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။ လော်ရာသည် အမှုတွင် သေဆုံးသူတစ်ဦးဖြစ်သည့် ဟန်နာဝစ်သာရစ်ဂ်ျ၏ အစ်မဖြစ်သည်။
လော်ရာက သူမတို့ မိသားစုသည် ထိုင်းနိုင်ငံသို့ သွားရောက်ကာ တရားရုံး စစ်ဆေးမှုများကို သွားရောက် နားထောင်ခဲ့ချိန်၌ ထိုင်းရဲများ၏ မစာမနာ ပြောဆိုမှုများ ကြုံခဲ့ရကြောင်း Facebookပေါ်တွင် ရေးသားခဲ့သည်။ လော်ရာက ထိုင်းရဲတပ်ဖွဲ့သည် အမှုစစ်ဆေးသည့် နေရာသို့ သူမတို့ လာရောက်မှုကို မနှစ်မြို့ကြောင်း ပေါ်ပေါ်ထင်ထင် ပြသခဲ့သလို သေဆုံးသွားပြီဖြစ်သည့် သူတစ်ဦးအတွက် ပူဆွေးနေမည့်အစား နောက်ထပ်ကလေး ထပ်ရအောင် ကြိုးစားသင့်သည်ဟု သူမ၏ မိဘများကို ပြောဆိုခဲ့ကြောင်း လော်ရာက စုံစုံလင်လင် ဖော်ပြခဲ့သည်။
ထို့အပြင် ထိုင်းနိုင်ငံသားများသည် အနောက်နိုင်ငံသားများကို အတွင်းစိတ်၌ မုန်းတီးနေကြောင်း၊ ထိုင်းနိုင်ငံသည် အပေါ်ယံ အထင်အမြင်များအရ သာယာလှပသည်ဟု ဆိုနိုင်သော်လည်း မသွားသင့် မသွားအပ်သည့်
ဒေသတစ်ခု ဖြစ်ကြောင်းလည်း သူမက မှတ်ချက်ပေးခဲ့သည်။
ယခုအခါ လော်ရာ၏ စွပ်စွဲချက်များအပေါ် တုံ့ပြန်ရန် ထိုင်းရဲတပ်ဖွဲ့က စီစဉ်လာခဲ့ခြင်း ဖြစ်သည်။ လော်ရာ၏ Facebook စာမျက်နှာမှ ဖော်ပြချက်များကို နိုင်ငံတကာ မီဒီယာများစွာက ကိုးကားပြီး သတင်းပြန်လည် တင်ပြရာ ထိုင်းရဲတပ်ဖွဲ့အတွက် အကြီးအကျယ် အထိနာစရာ ဖြစ်လာသည်။
ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သည့် ချက်သစ်ပ် ချိုင်ဂျင်ဒါက လော်ရာ၏ စွပ်စွဲရေးသားမှု များကို ပြန်လည် စိစစ်ရန် သက်ဆိုင်ရာ ဌာနအချို့ကို တာဝန်ပေး ထားကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
လော်ရာ၏ လုပ်ဆောင်မှုသည် ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ခြင်း ရှိမရှိကိုလည်း မိမိတို့ လေ့လာနေကြောင်း ၎င်းက ဆိုသည်။
ဇန်နဝါရီ ၁၀ ရက်က လော်ရာ Facebookပေါ် တင်ခဲ့သည့် စာပိုဒ်တွင် ထိုင်းရဲတပ်ဖွဲ့အတွင်း အကျင့်ပျက် ခြစားမှုများ ရှိနေကြောင်း၊ အမှုဖြစ်ပွားပြီး နောက်ပိုင်းတွင် သူမကိုယ်တိုင်ပါ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ခံလာရကြောင်းစသည့် အချက်များကိုလည်း ထည့်သွင်း ဖော်ပြထားသည်။
ထို့အပြင် အမှုနှင့် ပတ်သက်၍ သူမတို့၏ အမြင်များကို ထုတ်မပြောဘဲ နှုတ်ဆိတ်နေရန် ငွေကြေးဖြင့် မက်လုံးပေး ကမ်းလှမ်းမှုများ ရှိခဲ့ကြောင်းလည်း လော်ရာက ဆိုသည်။ နောက်ပိုင်းတွင်မူ လော်ရာက အကြောင်းပြချက် အတိအကျ မပေးဘဲ အဆိုပါ စာပိုဒ်ကို ပြန်ဖျက်သွားခဲ့သည်။
လိပ်ကျွန်း လူသတ်မှုသည် နိုင်ငံတကာက အာရုံစိုက်ရသည့် အမှုတစ်ခု ဖြစ်လာပြီး ထိုင်းရဲတပ်ဖွဲ့၏ အားနည်းချက် များစွာကိုလည်း ကျွမ်းကျင်သူများက ထောက်ပြဝေဖန်မှုများ ရှိခဲ့သည်။ ယင်းအမှုတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်မှုဖြင့် မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းတရားရုံးကို သေဒဏ် စီရင်ချက် ချမှတ်ထားသည်။ ဒီဇင်ဘာ ၂၄ ရက်က ချမှတ်ခဲ့သည့် အဆိုပါ စီရင်ချက်ကို ခုခံလျှောက်လဲသည့်
ရှေ့နေအဖွဲ့က အယူခံဝင်ရန် ပြင်ဆင်နေဆဲ ဖြစ်သည်။
Ref: Stickboy Bangkok
7day daily
0 comments:
Post a Comment