အနုပညာသက်တမ်း ၁၅ နှစ်အတွင်းမှာ ထိုက်တန်စွာရရှိခဲ့တဲ့ အကယ်ဒမီဆုနဲ့ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်သူနဲ့ကောလဟလမျိုးစုံထွက်နေသူကတော့ ဦးဗေလို့အများကသိကြတဲ့ဗေလုဝပဲဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲကို စာပေးဟောပြောပွဲရှိတာကြောင့် မတက်ရောက်နိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာသမားကြီးဦးဗေရဲ့ အကယ်ဒမီရင်တွင်းခံစားချက်တွေနဲ့ပတ်သက်ပြီး အခုလိုသွားရောက်မေးမြန်းဖြစ်တဲ့အခါ
-အကယ်ဒမီပေးပွဲကို မတက်ရောက်ဖြစ်တဲ့ အကြောင်းလေးကိုအရင်ဦးဆုံးပြောပြပေးပါဦး။
အကယ်ဒမီကျင်းပမယ်ဆိုပြီး ထုတ်ပြန်တဲ့ရက်က နောက်ကျတယ်လေ။ ယိုးဒယားမှာလုပ်မဲ့ ဟောပြောပွဲက စီစဉ်ထားတာ နှစ်လလောက် ရှိနေပြီဆိုတော့ မသွားလို့မရဘူး။ ကလေးတွေကို ပြန်လဲ မဖျက်ချင်တာနဲ့ သွားလိုက်တာပေါ့။ ထိုင်းနိုင်ငံ ဘန်ဖီမြို့နယ်မှာပေါ့။ အဲ့ဒီကြားထဲမှာလဲ ဟောပြောပွဲတွေက ဆက်နေတော့ အကယ်ဒမီပေးပွဲကို ရိုးတိုးရိတ်တိတ်ပဲမြင်လိုက်ရတယ်။ ထမင်းစားတဲ့အချိန်မှာ အဖွင့်အမှာ စကားပြောတာလောက်ပဲကြည့်လိုက်ရတယ်။ ကိုယ့်သား စင်ပေါ်တက်ပြောသွားတာတောင် ကိုယ်မကြည့်လိုက်ရဘူး။ ဦးဗေကအပေါ်ကနေဟောနေတဲ့အချိန်မှာ အောက်က ပရိသတ်တွေက ရုတ်ရုတ်ရုတ်ရုတ်ဖြစ်နေတယ်။ သူတို့ကဖေ့စ်ဘုတ်သုံးပြီးကြည့်နေတာတွေ ရှိတယ်။ ကိုယ်ကမသိဘူး။ အပေါ်ကနေဟောနေတာပေါ့။ အဲ့ဒီမှာ ကိုယ်လဲ သူတို့က လှုပ်စိလှုပ်စိဖြစ်နေတော့ ဟောတာရပ်ပြီး ဘာဖြစ်တာလဲပေါ့။ အဲ့ဒီမှာ ဆရာ ရသွားပြီတဲ့။ ကိုယ်ကလဲ ဘာရတာလဲပေါ့။ အကယ်ဒမီတဲ့။ ကိုယ်ကမယုံဘူး။ မဖြစ်နိုင်တာ ဘာတွေလာကြောင်နေတာလဲပေါ့။ ဟောပြောပွဲပြီးဖေ့စ်ဘုတ်ဖွင့်တော့မှ သားသက္ကရာဇ်ကိုအင်တာဗျူးမေးနေတာကိုတွေ့ပြီးယုံသွားတာ။
-စင်ပေါ်တက်ပြီး အကယ်ဒမီဆုကို သေချာမယူဖြစ်လိုက်တဲ့အတွက်ရော ဘယ်လိုစိတ်ခံစားချက်ဖြစ်မိလဲ။
အကယ်ဒမီစင်ပေါ်မတက်လိုက်ရတာရယ်၊ သားဖြစ်တဲ့သူက စင်ပေါ်တက်ပြီးသွားယူပေးတာရယ် ခံစားချက်ကနှစ်ခုပေါ့။ ကိုယ်မတက်ရတာကတော့ ပြသနာမရှိဘူး။ သားတက်သွားတော့ အဆင်မှပြေပါ့မလား။ ဘာများပြောမလဲ။ ပြောမှမပြောတတ်ပါ့မလား စိတ်ပူတာပေါ့။ အဲ့ဒီခံစားမှုတော့ရှိတယ်။
-သားဖြစ်သူစင်ပေါ်တက်ပြောတဲ့ဟာနဲ့ပတ်သက်တဲ့ စိတ်ခံစားချက်လေးကရော ဘယ်လိုရှိလဲ။
ဒီလိုမြင်ကွင်းမျိုးကတစ်ခါမှမကြုံဖူးတဲ့မြင်ကွင်းမျိုး စိတ်ကူးတောင် မယဉ်နိုင်ဘူး။ စင်ပေါ်မှာ ဗေလုဝပြောမဲ့ အလုံးတွေကို ဗေလုသက္ကရာဇ်ကပြောသွားတာနဲ့အတူတူပဲ။ သူ့အတိုင်းပါပဲ။ သူကကိုယ့်ထက်တောင်တည်ငြိမ်သေးတယ်။ ကိုယ်တောင် သူ့လောက်တည်ငြိမ်မယ်မထင်ဘူး။ သူက ကိုယ့်ထက်တည်ငြိမ်နေတော့ သူ့ကိုပြန်လေးစားရမဲ့ အဆင့်ရောက်သွားပြီ။
-အကယ်ဒမီဆုရတဲ့စိတ်ခံစားချက်လေးကိုသိချင်ပါတယ်။
ဒါကတော့လူတိုင်းပျော်တာပေါ့နော်။ ဦးဗေလဲအရမ်းပျော်ပါတယ်။
-ဦးဗေရတဲ့ဆုတဲ့ပတ်သက်ပြီး ဇာတ်ဆောင်ရရမှာကို ဇာတ်ပို့ပေးတယ်ဆိုပြီးဝေဖန်တာမျိုးတွေလဲရှိတယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ ဦးဗေရဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။
ဒါကတော့နှစ်စဉ်ဖြစ်နေတဲ့ ကိစ္စပေါ့။ အကယ်ဒမီပြီးရင် ပူညံပူညံဖြစ်ကြတယ်။ ပြီးရင်ပြီးသွားတာပါပဲ။ ပူညံပူညံနှစ်စဉ်ဖြစ်နေကျ ဘာကြောင့်လဲဆိုတော့ သူကရိုက်ကူးခွင့်တင်တယ်ဆိုကတည်းက ဦးဗေကိုဇာတ်ပို့နဲ့ပဲတင်တာ၊ အဓိကသရုပ်ဆောင်မိုးဟေကို အခုသတင်းစာရှင်းလင်းပွဲတွေလဲ လုပ်နေတယ်။ အစည်းအရုံးကလဲတင်ပြပေးတယ်။
-စာပေဟောပြောပွဲတွေကရော တစ်နေ့ကို ဘယ်နှစ်ပွဲလောက်ပြောဖြစ်လဲ။
အခုတစ်နေ့ကို နှစ်ပွဲလောက်သွားနေရတယ်။ သင်္ကြန်အကြိုနေ့မတိုင်ခင်ထိဟောနေရတုန်းပဲ။ အခုသက္ကလ၊ လှိုင်၊ ၉၄ လမ်းနဲ့အင်းစိန် ပါ သင်္ကြန် မတိုင်ခင်ထိပေါ့။ ၆လပိုင်းမှာတော့ သြစတေးလျကို စာပေးဟောပြောပွဲသွားဖို့ရှိပါတယ်။ တောက်လျှောက်ပါပဲ။
-သင်္ကြန်ကိုရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။
ဘိုစိန်မှန်လမ်းက စည်ပင်မဏ္ဍပ်မှာရှိပါမယ်။
-စာပေဟောပြောပွဲတွေမှာ လိုက်ပြီးဟောပြောဖြစ်နေတာကရော ဘယ်လောက်လောက်ရှိပြီလဲ။
သုံးနှစ်လောက်တော့ရှိပြီ။ အင်းစိန်ကစတာပေါ့။ စာနယ်ဇင်းကလူတွေကတက်ဟောခိုင်းတာနဲ့ပဲလုပ်ဖြစ်ခဲ့တာပေါ့။ အစတုန်းက သူတို့ကဦးဗေတက်ဟောပေးပါဦးဆိုတော့ ဟာမဟောတတ်ဘူးဆိုတာကို သူတို့ကအတင်းတက်ဟောခိုင်းတာနဲ့စဟောဖြစ်ခဲ့တာပါ။
-ကားရိုက်အနေနဲ့ရော လက်ခံထားတာဘာတွေရှိဦးမလဲ။
၇လပိုင်းမှာကားကြီးတစ်ကားလက်ခံထားတာရှိတယ်။ ယိုးဒယားမင်းသမီးနဲ့ပါ။ ကမ်းလှမ်းထားတာပေါ့။ မိန်းက ဦးဗေနဲ့ယိုးဒယားမင်းသမီးနဲ့လို့ပြောတယ်။
-အကယ်ဒမီရတာနဲ့ပတ်သက်ပြီး အနုပညာသမားအချင်းချင်း ဝေဖန်ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်မိပါသလဲ။
ဒါကတော့ အဓိကပြသနာမဟုတ်ပါဘူး သမီးရယ်။ ဒီလိုပါပဲ။ လူဆိုတာမှားတတ်ကြပါတယ်။ သွေးပူနေတဲ့အချိန်တော့မှားတတ်ကြတာပဲ။ သွေးအေးသွားတဲ့အခါကျတော့လဲ ပြီးသွားတာပါ့။ တစ်ယောက်နဲ့တစ်ယောက်ကဘာမှစိတ်ဆိုးစရာလဲမရှိဘူး။ စိတ်ကောက်စရာလဲမရှိဘူး။ ဒါတွေက အနုပညာလုပ်ဖက်တွေ တစ်နည်းမဟုတ်တစ်နည်းတော့ ကားရိုက်ပြန်ဆုံဦးမှာပဲ။ ကိုယ့်မောင်နှမတွေ ပဲလေ။
-၂၀၁၄ ၊ ၂၀၁၅ နှစ်နှစ်ပေါင်းပေးတဲ့ အကယ်ဒမီပေးပွဲအပေါ် ဦးဗေရဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။
အကြွေးချေတာပေါ့။ ၂၀၁၆ ကိုသီးခြားလေးဖြစ်ချင်တဲ့အတွက် နှစ်နှစ်ပေါင်းပြီးပေးလိုက်တာပါ။ ဒါပါပဲ။
-တချို့ကလဲ ဦးဗေကို ဇာတ်ဆောင်ဆုနဲ့ရသင့်တာကို ဇာတ်ပို့နဲ့ပဲကျေနပ်လိုက်ရတယ်ဆိုပြီးပြောနေကြတယ်။
ဇာတ်ပို့ရရ၊ ဇာတ်ဆောင်ရရ ရသွားပြီပဲ။ ဇာတ်ပို့တွေ၊ ဇာတ်ဆောင်တွေခွဲခြားမနေတော့ပါဘူး။ ဒါကတော့ လူကြီးတွေဆုံးဖြတ်ချက်ပဲဆိုတော့လေ။
-အရပ်သားအစိုးရထဲကို ရောက်ပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာမဲ့ အနေအထားတစ်ခုကို သုံးသပ်ပေးပါဦး။
အခုအရပ်သားအစိုးရလက်ထဲကိုရောက်ပြီ။ ပထမအစိုးရလက်ထဲကနေ နောက်အစိုးရလက်ထဲကို လွှဲပြောင်းပြီးရင် ၃ လကာလဟန်းနီးမွန်းကာလလို့သတ်မှတ်တယ်။ ဒီအတောအတွင်းမှာ အဟောင်းနဲ့အသစ်ချင့်ချိန်ရတာတွေရှိတယ်။ အဲ့ဒီ ၃လအတွင်းမှာ ဘာမှလုပ်လို့မရဘူး။ အဲ့ဒီ ၃လကျော်တော့မှ တကယ့်အုပ်ချုပ်မှုအပိုင်းကိုပြန်စရမှာပါ။
-ဦးဗေကိုယ်တိုင် NLD လှုံ့ဆော်ရေးတွေမှာ ပါဝင်လုပ်ဆောင်ပေးခဲ့တယ်။ အခုဦးဗေအပါအ၀င် ပြည်သူတွေလိုချင်နေတဲအရာလေးတစ်ခုဖြစ်လာတဲ့အပေါ် အမြင်လေးကိုလဲသိချင်ပါတယ်။
ငါးဆယ်လေးနှစ်တာကာလကြီးမှာ အရပ်သားအစိုးရလက်ထဲကို ရောက်ဖို့အသက်တွေစတေးခဲ့ရ ဘ၀တွေအများကြီးပေးခဲ့ရတယ်။ ဒီတော်လှန်ရေးကြီးက ဒီအတိုင်းပဲ။ နောက်ပိုင်းမှာရပ်ချင်မှတောင်ရပ်ဦးမယ်။ အဲ့ဒါကြောင့် လူထုကနေမဲအားတွေနဲ့တစ်ဖက်တစ်လမ်းကနေလုပ်ဆောင်ပေးတယ်။ အခုလူထုဆန္ဒအတိုင်းဖြစ်သွားတယ်။ ဦးဗေတို့ကတော့ အုပ်တစ်ချပ် သဲတစ်ပွင့်ပါပဲ။ အားလုံးကကိုယ့်အသိနဲ့ကိုယ်လုပ်ကြတာပါ။ ဘယ်သူခိုင်းလို့မှလဲ လုပ်တာမဟုတ်ဘူး။ NLD ပါတီဝင်လဲမဟုတ်ဘူး။ အပြောင်းအလဲတစ်ခုဖြစ်ရင်ကျေနပ်ပြီ။ အဲ့ဒါကြောင့်ရွေးကောက်ပွဲစကားနဲ့ပြောရင်တော့ ၀န်းရံတာပေါ့။ ဒုန်းဒုန်းဒုန်း
-တချို့ကလဲ ဦးဗေကို နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်ပြီးဒီဆုကိုရတာဆိုပြီး ဝေဖန်ကြတာမျိုးရှိတာကိုတွေ့ရတယ်။
သူတို့နားမလည်လို့ပါ။ ဒီဆုက NLD ကပေးတာမှမဟုတ်တာ၊ NLD ကအစိုးကို မရသေးတာ။ ဒါရုပ်ရှင်အစည်းအရုံးကပေးတဲ့ဆုပါ။ အဲ့ဒီထဲမှာလဲ NLD ကလူတစ်ယောက်မှမပါဘူး။ အကဲဖြတ်ဒိုင်တွေရဲ့အိမ်မှာ အကယ်ဒမီရုပ်တွေရှိတယ်။ ၀ါရင့် သူတွေကရွေးချယ်ပေးတာပါ။ လမ်းဘေးက ပဲလှော်သယ်ကပေးတာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်ကိုက ဆုတွေအများကြီး ယူထားတဲ့သူတွေပါ။ အဲ့ဒီလိုဝေဖန်တဲ့သူတွေကလဲ ပါးစပ်ပါလို့ပြောကြတာပါ။ ရင်မခုန်ပါဘူး။ သူပြောတာကို ကိုယ်ယူမှကိုယ့်လက်ထဲရောက်တာ ကိုယ်မယူရင်ကိုယ့်လက်ထဲမရောက်ဘူး။ သူ့လက်ထဲမှာပဲကျန်နေခဲ့မှာပဲ။
-ပရိသတ်ကြီးကိုရော ဘာများပြောချင်သေးလဲ။
ပရိသတ်အတွက်ကတော့ စိတ်သစ်၊လူသစ်၊ ဘ၀သစ်၊ အနာဂတ်သစ်၊အတွေးခေါ်သစ်၊ အလုပ်သစ်နဲ့နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေပေါ့။
ခင်ဆွေသက်
Trend Myanmar
www.trend.com.mm
0 comments:
Post a Comment