ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေ နစ်နာကြေးမရ၍ လယ်သမားများ ကျောက်ဖြူထွေအုပ်ရုံးကို သွားရောက်တောင်းဆို


ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အား ဖြတ်သန်း တည်ဆောက်ထားသော ဂတ်စ်ပိုက်လိုင်းတစ်လျှောက် ရွံ့ဖုံးခံရ၍ ပျက်စီးလယ်ယာမြေများအတွက် နှစ်ကုန်သွားသော်လည်း နစ်နာကြေးမရသေး၍ လယ်ပိုင်ရှင်များက ဖေဖော်ဝါရီ၁၉ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက် တောင်းဆိုခဲ့ကြပသည်။

ဂတ်စ်ပိုက်လိုင်း ၀ဲယာတစ်လျှောက်ရှိ လယ်ယာမြေများ ရွံ့ဖုံးခံရသည့်အတွက် စိုက်ခင်းများ ပျက်စီးသွားသဖြင့် နစ်နာကြေးရလို၍ ရွာ ၁၂ ရွာမှ လူပေါင်း ၅၀ ခန့် သွားရောက်တောင်းဆိုခဲ့ကြသည်။

“ အခုလိုမျိုးသွားရောက်ပြီး ဒီလယ်မြေတွေအတွက် လျော်ကြေးပေးဖို့ တောင်းဆိုတာ ၃ကြိမ်ရှိပြီ။ ဘယ်နေ့ ပေးမလဲဆိုတာကို သိချင်ပါတယ်။ မပေးရင်တော့ ဆန္ဒဖော်ထုတ်သွားရမယ်” ဟု လယ်သမားတစ်ဦးဖြစ်သူ ဦးစံရွှေ ကပြောသည်။

သွားရောက်တောင်းဆိုသူ လယ်သမားများအား ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှုး၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ MOGE တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံးတွင် တွေ့ဆုံပြီး လက်ခံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်ဟု သူက ဆက်လက် ပြောဆိုသည်။

“ မြို့နယ်အဆင့် ခရိုင်အဆင့်ကို တက်နိုင်သလောက် သူတို့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး တင်ပေးထားတယ်။ ကျနော်တို့ စာရင်းတွေ ပို့ထားပြီးပြီ။ စိစစ်နေတုန်းပါ။ ကျနော်တို့က ၀န်ထမ်းဖြစ်တဲ့အတွက် ဘာမှာ comment သွားပေးလို့မရဘူး” ဟု ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးက ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ကလည်း  “ လျော်ဖို့ လုပ်နေပါတယ်။ ရဖို့ဆိုတာ ယုံကြည်ထားပါ” ဟု ဆွေးနွေးပွဲတွင် လယ်သမားများအား ပြောကြားသည်။

“ ကုမ္ပဏီ နဲ့ အစိုးရကြားမှာ ကျနော်တို့ လယ်သမားတွေ မြေစာပင်ဖြစ်နေရတယ်။ အစိုးရတာဝန်ရှိသူတွေက ကိုယ့်လူထု နစ်နာနေတာ အတွက် ဘာမှ အရေးယူ ဆောင်ရွက်မပေးဘူးဆိုရင်  ဘယ်လိုလုပ်ပြီး ယုံကြည်လို့ ရနိုင်မှာလဲ။ တာဝန်ရှိသူတွေက နစ်နာကြေးပေးဖို့အတွက်  မတိုက်တွန်းနိုင်ရင် ကျနော်တို့ ကုမ္ပဏီနဲ့ တိုက်ရိုက်တွေ့ချင်ပါတယ်” ဟု ပျားတဲကျေးရွာမှ လယ်သမားဦးဝေဒေါင်း ကပြောသည်။

လွန်ခဲ့သောနှစ်များက  ဂတ်စ်ပိုက်လိုင်းတစ်လျှောက် ရွံ့ဖုံးခဲ့သော လယ်ယာမြေအတွက် တရုတ် ကုမ္ပဏီက တစ်တင်းကို ၅၅၀၀ကျပ်နှုန်းဖြင့် တစ်ဧကလျှင် စပါးတင်း ၇၀နုန်းဖြင့် ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဂတ်စ်ပိုင်းလိုင်းကြောင့် လယ်ယာမြေရွံ့ဖုံးခံရသော လယ်ပိုင်ရှင်များကို လွန်ခဲ့သောနှစ်က စက်တင်ဘာလတွင်  နစ်နာကြေးပေးခဲ့ကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီတွင် ၂၀၁၄ခုနှစ်သာ ကုန်သွားသော်လည်း နစ်နာကြေးမပေးသေး၍ လာရောက်တောင်းဆိုရခြင်း ဖြစ်ကြောင်း လယ်သမားများကပြောဆိုသည်။

ဂတ်စ်ပိုင်းလိုင်းကြောင့် ရွံ့ဖုံးခံရသော လယ်ယာမြေအတွက် ၂၀၁၂ နှင့် ၂၀၁၃ နှစ်များ လျော်ကြေး ပေးခဲ့သည်။

နစ်နာကြေးရရှိရန် သွားရောက်တောင်ဆိုခဲ့သော လယ်သမားများမှာ မလကျွန်း၊ ပြိုင်းစေ့ကေ၊ ကန္ဒီး၊ ပျားတဲ၊ သပြုတောင်၊ သဖန်းခါး၊ ကြတ္တိန်၊ ဦးကင်း၊ စည်မော်၊ ကြံချိုင်၊ ထောင့်ချောင်း၊ ကုလာဘာတောင် စသည့်ကျေးရွာများမှ ဖြစ်ကြသည်။  မြို့ပေါ်သို့လာရောက်၍ ယခုတောင်းဆိုမှုသည် သုံးကြိမ်မြောက်ဖြစ်သည်။

မျိုးချစ်နိုင်(ကျောက်ဖြူ)
http://www.narinjara.com/burmese/?p=13763
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment