လောက်ကိုင်တိုက်ပွဲကြောင့် တိမ်းရှောင် စစ်ပြေးဒုက္ခသည် ၈၀၀၀ ခန့်ရှိပြီ


မန်ဆူဘုန်းကြီးကျောင်းရောက် ဒုက္ခသည်များ
ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့တဲ့ လောက်ကိုင် တိုက်ပွဲ တွေကြောင့် ဒီနေ့ထိ မြန်မာပြည်ဘက် ထွက်ပြေး တိမ်းရှောင်လာရတဲ့ စစ်ပြေး ဒုက္ခသည်ဦးရေ ၈၀၀၀ ခန့် ရှိသွားပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၉ ရက်အတွင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေနဲ့ စစ်ပြေးဒုက္ခသည် ၃၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး လိုအပ်တာ ထောက်ပံ့ကူညီ လုပ်ဆောင်ပေးနေတယ်လို့ ကြက်ခြေနီ အသင်း ပြောခွင့်ရ ဒေါ်ရွှေစင်မြင့်က ပြောပါတယ်။

ရှမ်းပြည်နယ်အရှေမြောက်ပိုင်း ကွမ်းလုံ၊ ဟိုပန်၊ လားရှိုးနဲ့ မန္တလေးမြို့တို့မှာ ကြက်ခြေနီအသင်းက ကူညီလုပ်ဆောင်ပေးနေတာလို့ ဒေါ်ရွှေစင်မြင့်က ပြောပါတယ်။

“ကွမ်းလုံမြို့နယ်မှာ ကြက်ခြေနီအသင်းက ၅၀ လောက် ကယ်ဆယ်ရေးလုပ်ပေးပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေ ခရီးသွားလာရေးအဆွက် အကူအညီပေးတယ်။ ဒေသခံတွေဆီက ထမင်းထုပ်တွေစုဆောင်းပြီး ပြန်ဝေပေးတယ်။ ဟိုပန်မြို့နယ်ဘက်မှာတော့ စစ်ရှောင်ဒုက္ခသည်တွေထဲ ပါလာတဲ့ သံဃာတော် အပါး ၂၀၀ လောက်ကို ကူညီပေးနေပါတယ်။ ခုနက ကွမ်လုံမှာလုပ်တဲ့ အလုပ်တွေအကုန် လုပ်ပေးပါတယ်။”

လားရှိုးမြို့မှာလည်း လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေပေးနေတယ်လို့ ပြောပါတယ်။

အထူးသဖြင့်တော့ လားရှိုး အထက ၁ မှာ စစ်ရှောင်ရောက်ရှိခိုလှုံနေကြရတဲ့ အမျိုးသမီး ၃၀၀ ကျော်အတွက် လိုအပ်တဲ့ အမျိုးသမီးတကိုယ်ရည် သန့်ရှင်းရေးသုံး အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ကူညီပေးနေတယ်လို့ သိရပါတယ်။

လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းကို စစ်ပြေးဒုက္ခသည် ၅၀၀က ၈၀၀ ကြား နေ့တိုင်းလို ရောက်ရှိနေပြီး ကျောင်းထိုင်ဆရာတော်က ထွက်ပြေးရောက်ရှိလာသူတွေ စားသောက်နေထိုင်ဖို့ စီစဉ်ပေးထားပြီး လမ်းစရိတ်ကူပေးနေပါတယ်။
လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းဆရာတော် ဘဒ္ဒန္တ ပုညနန္ဒက ကျောင်းက ထောက်ပံ့ကူညီပေးနေပုံကို ခုလို မိန့်ပါတယ်။

“ကားငှားပြီး လာကြရတာကိုး ကားဘယ်လောက်နဲ့ ငှားလာလဲ ၆၀၀၀ ဆို ၁ သောင်းထုတ်ပေးလိုက်တယ်။ ၁ သောင်းနဲ့ ငှားလာတယ်ဆို ၁ သောင်းခွဲပေးလိုက်တယ်။ ၄၀၀၀ ငှားလာတယ်ဆို ခြောက်ထောင် ပေးလိုက်တယ်။ သူတို့ မုန့်ဖိုးလည်း ကျန်တာပေါ့။ အလှူရှင်တချို့လည်း ကိုယ်တိုင်ကိုယ်ကျလာဝေတယ်။ တယောက်ကို ၁၀၀၀၊ ၂၀၀၀  လာဝေတယ်။ အဲ့ဒီလိုဆိုတော့ တချို့လည်း တယောက်ကို ၁ သောင်းခွဲ ၂ သောင်း ရသွားတာပေါ့နော်”

ဒုက္ခသည်တွေ စားဖို့သောက်ဖို့အတွက် လုံလောက်ပြီး လမ်းစရိတ်ထောက်ပံ့ဖို့ ငွေကြေး လိုအပ်တယ်လို့လည်း ဆရာတော်ကမိန့်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် တရက်တည်း ဒုကသည် ၉၀၀ လောက် ကျောင်းမှာ ရောက်ရှိ ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။ တချို့စစ်ပြေးဒုက္ခသည်တွေက လမ်းလျှောက်လာရလို့ နာမကျန်ဖြစ်နေပြီး ခရီးမဆက်နိုင်တဲ့အတွက် ဘုန်းကြီးကျောင်းမှာပဲ ခိုလှုံနေထိုင်ခွင့်ပြုထားရတာ ရှိပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်က ၁၇ ရက်အတွင်း ကြက်ခြေနီတပ်ဖွဲ့ဝင်ပေါင်း ၅၀ ကျော်က မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့ဝင်တွေနဲ့ လက်တွဲပြီး  မော်တော်ယာဉ်တွေနဲ့ လောက်ကိုင်မှ ကွမ်းလုံ၊ ကွမ်းလုံမှ လားရှိုးမြို့ထိ ယာဉ်ခေါက်ရေ ၃၀ နဲ့ ကယ်ထုတ်ခဲ့ရာမှာ ကားမှောက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့တယ်။ အဲ့ဒီကားမှောက်မှု ၂ ကြိမ်မှာ သေဆုံးသူ ၇ယောက်၊ ဒဏ်ရာရရှိသူ ၅၅ ယောက် ရှိခဲ့တယ်လို့ ကြက်ခြေနီအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

အစိုးရသတင်းအရ ဖေဖော်ဝါရီ ၁၀ ရက်က ၁၉ ရက်အထိ စစ်ပြေးဒုကသည် ၇၀၀၀ ကျော် ထွက်ပြေး လာခဲ့ကြောင်း သိရပြီး ဒီနေ့ထိ ဘုန်းကြီးကျောင်းနဲ့ တခြားစခန်းရောက် ဒုကသည်ပေါင်းရင် ၈၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/82459
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment