|| သရော်စာ - စိုပြေ ||
--- ဆောင်းပါးရှင်မှ နိဒါန်း ---
၁၈+ ဖြစ်ပါသည်။ ထို့ကြောင့် ၁၈နှစ်အထက် စိတ်ဝင်စားသူတိုင်း ဖတ်နိုင်ပါသည်။ သို့သော် ဘယ်သူကမှ သင် ၁၈ နှစ်ပြည့်မပြည့် လိုက်စစ်နေမည်မဟုတ်ပါ။ ဒါကြောင့် စိတ်ချ လက်ချ ဖတ်ရှုပါလော့........။ အများကြီးတော့ မမျှော်လင့်နဲ့ပေါ့လေ။ အခုမှ လိုင်းပြောင်းပြီး ရေးတာ ဆိုတော့။
၁၈+ စာဖြစ်သဖြင့် ဒီတခါတော့ ဇာတ်လိုက်ပြောင်းမှ ဖြစ်မည်။ စိုပြေ ကို ဇာတ်လိုက်ထားလျှင် ဘယ်သူမှ ယုံကြမည်မဟုတ်။ ဒါကြောင့် ထုံးစံအတိုင်း ကျော်စိုးပေါ့လေ။
-------------------------------------------------
ကျော်စိုးတယောက် ရန်ကုန်မြို့ရောက်တာ ကြာပြီ။ ရွာမှာ လုပ်စားစရာ မရှိသဖြင့် မြို့တတ်လာသော ကျော်စိုးတစ်ယောက် ယခုတော့ မြို့ရည်လည်ချေပြီ။ ရန်ကုန်သားတွေလည်တယ် လည်တယ်နဲ့ ထိုလူတွေလောက်တော့ ကျော်စိုးက ပျင်းတောင် ပျင်းသေး။ ရန်ကုန်ရောက်သည့် ၅ နှစ်အတွင်းမှာပင် ရန်ကုန်သားတွေကို တပတ်ရိုက်ခဲ့ပေါင်း မနည်းတော့။ ခါချဉ်ဖြင့်လည်း ကြီးဆေးဖော်ပြီးပြီ။ ကျောက်ချဉ်ဖြင့်လည်း အပျိုဖြစ်ဆေး ဖော်ခဲ့ပြီ။ ထို့ကြောင့် ကျော်စိုး တကယ်ကျွမ်းကျင်သည်က စပူလိုင်း။ စပူ ဆိုသည့် စကားကိုတော့ အထူးတလည် မရှင်းပြလိုတော့။ 18+ စကားလုံးဟုသာ မှတ်ပါလေ။ ကျွမ်းကျင်သူများ နားလည်၏။ ထားပါတော့လေ။
အခု သင်္ကြန်တောင် ရောက်ပြီဆိုတော့ ရန်ကုန်ပါးဝနေသည့် ကျော်စိုးလည်း လျှောက်လည်ရန် စီစဉ်သည်။ သင်္ကြန်ဆိုလျှင် စပူလေးတွေ ပေါသည်မဟုတ်လော။ ကံကောင်းလျှင် ငွေကြေးတတ်နိုင်လျှင် တရက်တယောက်ပင် ထည်လဲတွဲနိုင်.....၏။ ထိုထက် ပိုကံကောင်းလျှင်တော့ မနက်တယောက် ညနေ တယောက်ပင် တွဲနိုင်ပြန်၏။ အလွန်အလွန် ကံကောင်းလျှင်တော့... ညအတွက်ပါ တစ်ယောက်ပေါ့လေ။ ထိုသို့ ကံကောင်းလျှင်တော့ လူချည်းတက်နိုင်မည်မဟုတ်။ ဆေးကူမှ ရလိမ့်မည်။
မိုးလင်းတော့ သင်္ကြန်ဆိုသည့် အသိက ကျော်စိုးကို ပျော်ရွှင်စေသည်။ ရေပက်ခံမည်ဆိုတော့ ရေချိုးစရာ မလို။ ဒါပေမဲ့ အလှတော့ပြင်ရမည်။ ဘယ်သွားမှာ မှတ်ပုံတင်သာ မပါနေမယ် ဖဲအန် လက်ဘလီး အိပ်ထဲ အမြဲပါသော ကျော်စိုး။ ထို ဖဲအန်လက်ဗလီးကို မျက်နှာပေါ်သို့ ပွတ်လိုက်လေသည်။ သင်္ကြန်လည်လျှင် ဘောင်းဘီဝတ်ရမည်ဆိုသော သမာရိုးကျတွေးခေါ်နည်းမှ ဖောက်ထွက်ကာ ပုဆိုးကိုးဝတ်။ စွပ်ကျယ်ကို စွတ်။ တောသာရွှေကြိုက်ဆိုသည့် စကားပုံအတိုင်း ဆွဲကို လည်ပင်းမှာ ချိတ်။ လက်စွပ်လေးလဲ စွပ်။ ဟန်းချိန်းလေးလည်း ပါသပေါ့။ ရွှေစစ်မစစ်ကတော့ ကျော်ဆိုးနှင့် ရောင်းသည့် ဆိုင်ပဲ သိလိမ့်မည်။
အခုတော့ ကျော်စိုး သင်္ကြန်လည်ချေပြီ။ ကားနှင့် လည်တာက ပိုက်ဆံကုန်သည်။ စပူလည်း များများမတွေရ။ ပျင်းစရာကောင်းသည်။ စိတ်တူကိုယ်တူ လူသုံးယောက် စုပြီး လမ်းလျှောက်လည်တာက ပိုကောင်းသည်။ ဒါကြောင့် ဘူတာက သူငယ်ချင်းနှစ်ယောက်ကို အဖော်ခေါ်သည်။
မြို့ထဲသို့ သွားရန် ကြည်မြင်တိုင် ဘူတာတွင် ရထားစောင့်သည်။ သင်္ကြန်တွင်း ကားတွေ သိပ်မထွက်တော့ ရထားက လူတော့ ကြပ်သည်။ သို့သော်လည်း စီးရတာ အလွန်ကောင်းသည်။ စပူလည်း များများ တွေ့ရသည်။ ရထားပေါ် တက်ပြီး သိပ်မကြာ။ စားနေကြ ကြောင်ဖားမျက်လုံးဖြင့် ကြည့်လိုက်တော့ စပူနှစ်ယောက်တွေ့ချေပြီ။ တယောက်ကတော့ ပုံမလာ။ တစ်ယောက်ကတော့ ပုံလာသည်။
သူငယ်ချင်း သုံးယောက်ကလည်း အတွဲညီသူတွေမို့ မျက်ရိပ်ပြလိုက်တာနှင့် နားလည်သည်။ ထိုစပူနှစ်ယောက်ထံ ကပ်သွားသည်။ စော်ပျိုးလျှင် အတင်းမ၀င်ဘဲ မျက်လုံးခြင်း စကားပြောပါဆိုသည့် ခေတ်ဟောင်းစကားပုံကို ကျော်စိုးလိုက်နာသည်။ မျက်လုံးခြင်း စကားပြောကြည့်သည်။ သိပ်မဆိုး။ မသိမသာ မေးငေါ့ပြကြည့်သည်။ ခေါင်းဆတ်ပြကြည့်ပြန်သည်။
အားလုံး အိုကေ။ ဒါပေသိ ရထားပေါ်မှ ပေါ်တင်ကြီး ၀င်လုံးလို့ မကောင်း။ ရထားပေါ်က အဆင်းမှ လှုပ်ရှားရမည်။ ရထားပေါ်က ဆင်းသည်နှင့် အားလုံးအမြင်မှာ သူတို့နှစ်ယောက်နှင့် ကျော်စိုးတို့ သုံးယောက် တဖွဲ့ထဲထင်အောင်လုပ်ရမည်။ ဒါမှ အခြား စပူချောင်းနေသူတွေ မလိုက်နိုင်မှာ။ “သားကြီး ဘယ်မှာ ဆင်းမှာလဲကွ” ဘေးက သူငယ်ချင်းကို စပူလေးတွေ ကြားအောင် မေးလိုက်သည်။ ဟိုကောင်ကလည်း အထာနပ်သည်။ “ထုံးစံအတိုင်း ဘုရားလမ်းပေါ့ကွာ....” ဘူတာကြီးက လူရှုပ်သည်။ ဘုရားလမ်း ဘူတာ က လူရှင်းသည်။ မြို့ထဲကို သွားရတာလည်း ကောင်းသည်။ ဗိုလ်ချုပ်ဈေးနားက မဏ္ဍပ်တွေနှင့်လည်း နီးသည်။ ရွှေတိဂုံဘုရားကို သွားလျှင်လည်း သိပ်မဝေး။ တကယ်တော့ ပြောသာ ပြောရတာ စပူကို ဘုရားပေါ်မှာ ချုပ်ရတာ အကောင်းဆုံးပင်။ အခြားနေရာဆိုလျှင် အသံကျယ်ကျယ်နှင့် ရန်ပြန်တွေ့နိုင်သော်လည်း ဘုရားပေါ်တွင်တော့ ကိုယ်ပြောသမျှ သူတို့ နားထောင်ရသည်။
ရထားပေါ်က ဆင်းမည်လုပ်တော့ ထိုစပူနှစ်ယောက်ကလည်း လှုပ်လှုပ်ဖြစ်လာသည်။ သူတို့လည်း လိုက်ဆင်းမည်။ သူတို့လိုက်မဆင်းလျှင် ကျော်စိုးတို့လည်း မဆင်းပါ။ ဖိန့်လုပ်ခြင်းသာ။ သူတို့ လိုက်ဆင်းတော့မည်ဆိုတော့ အဆင်ပြေပြီ။ ထို စပူနှစ်ဗွေ ကိုယ့်ဘက် ပါပြီ။
ရထားပေါ်က ဆင်းတော့ ကြိုတင် တွက်ထားသည့်အတိုင်း ၀င်ရောလိုက်သည်။ တစ်ဖွဲ့ထဲလိုလို ဘာလိုလို။ စကားတွေ ပြောသည်။ မုန့်ကျွေး။ ဘီယာတိုက်။ ၀ီစကီတိုက်။ စကားပြော။ အဆင်ပြေ။ နောက်တော့ စကားပြောရင်း သိရသည်က ရုပ်ဆိုးဆိုး တစ်ယောက်က လိုင်း။ ကျန်တယောက်က လိုင်းမဟုတ်သေး။ လိုင်းသို့ ၀င်တော့မည် ဆဲဆဲ။
ဒီလိုနှင့် အားလုံး အိုကေ။ အိုကေတော့ ပင့်။ ဘယ်ပင့်မလဲ။ ရန်ကုန်မြို့မှာ တည်းခိုခန်းတွေ ပေါလို့။ ရန်ကုန်မြို့မှာ ကွမ်းယာဆိုင်ပြီးလျှင် အများဆုံးက တည်းခိုခန်းပင်။ ဒေးလား နိုက်လား။ ဆက်ရှင်နဲ့လား အစုံရသည်။ အခုဆို နာမည် ကြီး ဟိုတယ်ကြီးတောင်မှသင်္ကြန်တွင်းအတွက် ဒေးကို ကိုးဆယ့်ကိုး ဒေါ်လာတဲ့။
ပင့်သွားမည့် နေရာကိုလည်း ရွေးပြီးပြီ။ ဒါဆို ဘာလိုသေးလဲ။
ကွန်ဒုံး....။ အရေးကြီးတာ ကွန်ဒုံးပင်။ ဒါလည်း သိပ်ကိစ္စမရှိ။ လမ်းမှာ ၀င်ဝယ်လိုက်ရုံပင်။ ဆေးဆိုင်တွေ ပေါမှ ပေါ။
ဒီလိုနှင့် ကျော်စိုးနှင့် အဖွဲ့မှာ ဆေးဆိုင်တွေ့တော့ စပူလေးတွေကို နောက်မှာ ထားခဲ့ပြီး ကွန်ဒုံးဝင်ဝယ်သည်။ မရောင်းပါတဲ့။ ဒီဆိုင်မရ။ နောက်တဆိုင်ပေါ့။ နောက်တဆိုင်လည်း ထိုနည်းလည်းကောင်း။
မရောင်းရဘူးလို့ တားမြစ်ထားသတဲ့။ ဥာဏ်ကြီးရှင် အစိုးရ အရာရှိကြီးများက ကွန်ဒုံးတွေ ရှိနေလျှင် လိင်ဆက်ဆံနေမှာ ဆိုးလို့တဲ့။ မရောင်းရဘူးတဲ့။ တားဆေးလည်း မရောင်းရဘူးတဲ့။ လိင်စိတ်ကြွဆေးလည်း မရောင်းရဘူးတဲ့။
ကျော်စိုးစဉ်းစားသည်။ ကွန်ဒုံးမပါဘဲရော။ ပိုတောင် ကောင်းသေး။ ကွန်ဒုံးက လုပ်တာမှမဟုတ်တာ။ အဓိက က အဓိကပဲပေါ့။
ဒီလိုနှင့် ကျော်စိုးတို့ တသိုက် စပူနှစ်ဗွေကို ၀ိုက်။ ကွန်ဒုံးလည်းမပါ။ တားဆေးလည်း မသောက်လိုက်ရသော ကောင်မလေးတွေကို ကျော်စိုးက စကားလေး တစ်ခွန်းပြောလိုက်သေးသည်။ ဘာတဲ့ “သားလေး မွေးရင် ကိုယ့်နာမည် ပေးပါ” ဆိုပဲ။
ဒီတော့ ပုံမလာ တစ်ယောက် ပြန်ပြောသည်။ “ အေး... ပေးမယ်။ မသာ....။ နင် အေကိုက်ရင်လည်း ငါ့ မမေ့နဲ့” တဲ့။
စိုပြေ
သင်္ကြန်အကြို နေ့ ၊ ၂၀၁၅။
The Ladies News Journal
https://www.facebook.com/News.TheLadies
0 comments:
Post a Comment