အမေရိကန်ပြည်ထောင်စုက Fast-Food ဆိုင်ဝန်ထမ်းတွေနဲ့ အိမ်အကူလုပ်သားတွေဟာ ၁ နာရီလုပ်ခ အနည်းဆုံး ၁၅ ဒေါ်လာအထိတိုးမြှင့်ပေးဖို့ အမေရိကန်မြို့ကြီးတွေမှာ ဧပြီ ၁၅ ရက်နေ့က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
လက်ရှိ အမေရိကန်အစိုးရက သတ်မှတ်ထားတဲ့ ၁ နာရီလုပ်ခ ၇.၂၅ ဒေါ်လာနဲ့ ဒီဝန်ထမ်းတွေ ဘယ်လိုမှ မရပ်တည်နိုင်လို့ တောင်းဆိုဆန္ဒပြကြတာလို့ ဦးဆောင်လှုပ်ရှားရေးအဖွဲ့ Fast for 15 အဖွဲ့က ပြောပါတယ်။
အမေရိကန်မြို့ကြီး ၂၃၀ မှာ တောင်းဆိုဆန္ဒပြပွဲတွေ ကျင်းပဖို့ လုပ်ဆောင်ထားပြီး ၂ နှစ်အတွင်း အကြီးဆုံး ဆန္ဒပြပွဲတွေဖြစ်တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၂၀၁၂ ခုနှစ်က ဒီ Fast-Food ဆိုင်ဝန်ထမ်းတွေက လုပ်ခတိုးမြှင့်ပေးဖို့ အဓိက တောင်းဆိုခဲ့ကြတာဖြစ်ပေမယ့် နောက်ပိုင်း စတိုးဆိုင်ဝန်ထမ်းတွေ၊ လေဆိပ်အလုပ်သမားတွေနဲ့ အိမ်အကူ လုပ်သားတွေပါ ပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။
ဒီဆန္ဒပြတောင်းဆိုမှုတွေကြောင့် Wal-mart လို စတိုးဆိုင်ကြီးတွေနဲ့ McDonald’s လို Fast-Food ဆိုင်တွေကတော့ ၀န်ထမ်းတွေကို လုပ်ခတိုးမြှင့်ပေးတာတွေ ရှိခဲ့ပေမယ့် အလုပ်သမားတွေ တောင်းဆိုနေတဲ့ နှုန်းထက်တော့ လျော့နည်းနေဆဲဖြစ်ပါတယ်။
လာမယ့် ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီလုပ်ခနည်းဝန်ထမ်းတွေအတွက် လုပ်ခတိုးမြှင့်ပေးရေးဟာ မဲဆွယ်စည်းရုံးရေး အချက်တချက်ဖြစ်လာဖို့လည်း ရှိနေပါတယ်။
ဒီတပတ်ထဲမှာပဲ သမ္မတရွေးကောက်ပွဲဝင်အရွေးခံဖို့ ကြေညာခဲ့တဲ့ ဟစ်လာရီကလင်တန်က ဒီဆိုင်ကြီးတွေမှာ အောက်ခြေဆိုင်ဝန်ထမ်းတွေရဲ့ ပျမ်းမျှလုပ်စာဟာ စီအီးအိုတွေရဲ့ ပျမ်းမျှလုပ်ခလစာထက် အဆ သုံးရာလျော့နည်းပြီး ဘ၀ခက်ခဲနေတာဟာ တကယ်တော့ မျှတမှုမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no
0 comments:
Post a Comment