ကိုးကန့်ဒုက္ခသည်တွေ နေရပ်ပြန်ရေး စီစဉ်ပေး


တရုတ်-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက ထွက်ခွာပြီး နေရပ်ပြန်မယ့် ဒုက္ခသည်ကလေးတဦးကို ထရပ်ကားပေါ်တင်ပေးနေစဉ်။ (မတ်လ ၂၄၊ ၂၀၁၅)
 ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်း တိုက်ပွဲတွေ ပြင်းထန်ချိန် စစ်ဘေးဒဏ်ကနေ ထွက်ပြေး တိမ်းရှောင်သွား ကြရတဲ့ ကိုးကန့်စစ်ပြေးဒုက္ခသည်တွေ မိမိတို့နေရပ်ရင်း ပြန်လာနိုင်ရေး အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ကူညီကယ်ဆယ် နေရာချထားရေး ကော်မတီအဖွဲ့က စီစဉ်ဆောင်ရွက်ပေး နေကြပြီ ပါတယ်။ ကိုးကန့်ဒေသတွင်း ကိုးကန့်လက်နက်ကိုင် တပ်ထိန်း ချုပ်နယ်မြေတချို့ကို မြန်မာ့ တပ်မတော်ဘက်က သိမ်းပိုက်နိုင်ခဲ့လို့ ကိုးကန့်ဒေသတွင်း စစ်ရေး အခြေအနေ တည်ငြိမ်နေပြီလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ ကိုးကန့်ဒေသတွင်း နောက်ဆုံးရအခြေအနေတွေကို မဆုမွန်က စုစည်း တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုးကန့်ဒေသမှာ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA နဲ့ အစိုးရတပ်ကြား ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်ဘက်က မြေပြင်ကနေ တပ်အင်အားတိုးသုံး၊ သံချပ်ကာကားတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး အပြင်းအထန် ထိုးစစ် ဆင်ခဲ့သလို ဝေဟင်ကနေလည်း လေကြောင်းထိုးစစ်တွေနဲ့ပါ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုမျိုး စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာတဲ့အတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်အုပ်ချုပ်ရေး အရေးပေါ်ကြေညာ အုပ်ချုပ်ခဲ့သလို နယ်မြေအတွင်းမှာ စစ်အင်အားတွေ တိုးချပြီး လုံခြုံရေး တင်းကျပ်ထားခဲ့ပါတယ်။

ဒီလိုမျိုး နယ်မြေတွင်း တည်ငြိမ်အေးချမ်းမှုမရှိပဲ စစ်ရေးတင်းမာလာတဲ့အတွက် အသက်ဘေးအန္တရာယ် စိုးရိမ်ရလို့ ကိုးကန့်ပြည်သူတွေဟာ မိမိတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ကိုးကန့်တိုက်ပွဲတွေ လနဲ့ချီကြာမြင့် လာခဲ့ပြီးတဲ့နောက်မှာတော့ ဒေသတွင်း တည်ငြိမ်မှု ရှိလာတဲ့အတွက် ကိုးကန့်ပြည်သူတွေ နေရပ်ရင်းပြန်လာနိုင်ရေး အတွက် လောက်ကိုင်မြို့ထဲ နေရာပြန်လည်ချထားပေးနိုင်ဖို့ စီစဉ်နေပါတယ်လို့ လောက်ကိုင်ပြည်သူ့လွှတ်တော်အမတ် ဦးကျော်နီနိုင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အခု လောက်ကိုင်မြို့ထဲကို ရွှေ့ဖို့ ကျနော်တို့ ပြောထားတယ်။ ဝမ်း-တူး-ဖိုက် နယ်စပ်လမ်း အနီးအနားလေးကနေ လောက်ကိုင်မြို့ထဲကို ရွှေ့ခိုင်းထားတယ်။ ၁၃ ရက်ပေါ့၊ သင်္ကြန်ကာလအတွင်း ရွှေ့ခိုင်းထားတယ်လေ။”

မေး။ ။ နောက်ဆုံးအခြေအနေကရော ဘယ်လိုရှိပါလဲ အန်ကယ်လ်၊ အခု ဒီ လောက်ကိုင်ထဲကို ရွှေ့ခိုင်းထားတယ်ဆိုတော့ သူတို့အတွက် ဘာတွေများ စီစဉ်ပေးထားပါလဲရှင်။

“အဲဒါတွေက နိုင်ငံတော်အစိုးရကနေ ကျနော်တို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဖောင်ဒေးရှင်းရှိတာကိုး။ အဲဒါကို နိုင်ငံတော်အစိုးရကနေ စီစဉ်ပေးနေတယ်။”

မေး။ ။ သူတို့အတွက် စခန်းတွေ လောက်ကိုင်မြို့ထဲမှာ ထား-ထားပေးမှာလား၊ လုံခြုံရေးအရရော သူတို့ တာဝန်ယူပေးမှာလားရှင်။

“လုံခြုံရေးကတော့ လောက်ကိုင် အထက (၁) ကျောင်းဝန်းထဲမှာ ထားထားတယ်။”

မေး။ ။ ဘယ်နှစ်ယောက်လောက်များ ရှိပါလဲရှင်။

“အခုလောလောဆယ်က ကျနော်လည်း စာရင်းအတိအကျ မရသေးဘူးဗျ။ နေရာချထားပေးဖို့ ကျနော်တို့ မှန်းထားတာက (၆) သောင်း (၁) ထောင် လောက် ရှိမယ်လို့ မှန်းထားပါတယ်။ ဒေသလွှတ်တော် ကိုယ်စားလှယ်အနေနဲ့တော့ ကျနော်တို့က ပြည်သူရဲ့အခက်အခဲတွေကို အကြီးအကဲတွေဆီိ တင်ပြတာပဲရှိတယ်။ ….မြန်မြန်ငြိမ်းဖို့ပဲ ကျနော်တို့က မေတ္တာရပ်ခံမှာပေါ့။ မြန်မြန်ငြိမ်းမှသာလျှင် ဒေသဖွံ့ဖြိုးရေးတွေ ကျနော်တို့ လုပ်နိုင်မှာပေါ့။”

မေး။ ။ အခုလောလောဆယ်တော့ ဒုက္ခသည်တွေကိုပဲ လောက်ကိုင်ထဲကို နေရာချထားရေးကိစ္စ ဆောင်ရွက်ပေးနေတာပေါ့နော်၊

“ဟုတ်တယ်၊ ဟုတ်တယ်။ ကျနော်တို့က အဲဒီ ဖောင်ဒေးရှင်း ကျနော်တို့ ထောင်ထားတာရှိတာကိုး။ နိုင်ငံတော်အစိုးရရော၊ နောက် ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်- ကိုးကန့် တိုင်းရင်းသားလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ဖောင်ဒေးရှင်းတခု ထောင်ထားတာရှိတာကိုး။ နောက် ကျနော်က နိုင်ငံတော် သမ္မတကြီးဆီလည်း သီးသန့်ရန်ပုံငွေကို သီးသန့် စာနဲ့လည်း ကျနော်တင်ထားတာရှိတယ်။”

ကိုးကန့်ဒေသတွင်း လက်ရှိစစ်ရေးအခြေအနေနဲ့ ကိုးကန့်စစ်ပြေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ဆောင်ရွက်ပေးနေတာနဲ့ပတ်သက်လို့ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ဒုက္ခသည်များဆိုင်ရာ ကူညီကယ်ဆယ်ရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဟော်ရှောက်ချမ်းကလည်း အခုလိုပြောပါတယ်။

“အခုက ဒီ…မရဘူး၊ ဦးဖုန်အဖွဲ့က ကိုးကန့်အရှေ့ဘက်က ……. ကုန်ပြီ။ မရှိတော့ဘူး။ ….ထွက်ပစ်တာ။ ဦးဖုန်ကြားရှင်းက ဖုန်းရှင်းအဖွဲ့၊ ကျနော်တို့က ကိုးကန့်အရှေ့ဘက်က ရှင်းပီးပီ။ …. ပီးပီ။ မရှိတော့ဘူး။ ကိုးကန့်က နောက်ဘက်ပဲကျန်တော့တယ်။ အနောက်ဘက်လည်း နည်းနည်းပါးပါးပဲ ကျန်တာပေါ့ဗျာ၊ အရှေ့ဘက်တောင် ရှိတော့ဘူး။ ပြိုကွဲသွားပြီ။”

မေး။ ။ ကိုးကန့်ဘက်မှာက မြန်မာ့တပ်မတော်ဘက်ကနေပြီး တောင်ကုန်းတွေ တော်တော်များများ သိမ်းလိုက်တယ်လို့ ပြောပါတယ်။ …ဆိုတော့ အဲဒီဘက်မှာ စစ်ရေးက တိုက်ခိုက်မှုက မရှိတော့သလောက်ဖြစ်သွားတာပေါ့။ အဲလိုလားရှင့်။

“ဟုတ်တယ်၊ ထွက်ပြေးတော့ ၁၄ ရက်နေ့ညကို ထွက်ပြေးတာ၊ အခုညဆိုရင် …၁၈ ရက်ဆိုတော့ ၄ ရက်ရှိမှာပေါ့။ မနိုင်တော့ဘူးပေါ့၊ မနိုင်တော့ ကြိုပြီးထွက်ပြေးတာ။ တပ်မတော်တော့ မနိုင်တော့ဘူးလေ။ ညတွင်းချင်း ထွက်ပြေးတာ။”

မေး။ ။ အဲဒီတော့ အခု အဲဒီမှာရှိတဲ့ဒုက္ခသည်တွေကရော ဘယ်လို အခြေအနေရှိပါလဲရှင်။

“အခုဆိုရင်တော့ တချို့ ပြန်လာကြပြီ။ အခု ကြံလည်းခုတ်နေပြီ။ နန်စန်ဘက်က သကြားစက်ကိုလည်း ပုံမှန်လည်နေပြီ။”

မေး။ ။ နယ်စပ်မှာရှိတဲ့ သကြားစက်ရုံတွေ ဘာတွေလည်း ပုံမှန်ပြန်လည်နေပြီပေါ့။ အဲလိုပြောတာလားရှင့်။

“လည်နေပြီ၊ လည်နေပြီ။ …ဆိုလည်း စက်ရုံကလည်း လည်နေပြီ။ နောက် လောက်ကိုင်ဘက်က နန့်စန်ဘက်လည်း လည်နေပြီနော်။”

မေး။ ။ ဟုတ်ကဲ့၊ အဲဒီမှာလည်း နယ်မြေထဲမှာရော ပုံမှန်အနေအထား ပြန်ဖြစ်သွားပြီလားရှင်။

“ပုံမှန်တော့ မဖြစ်ပါဘူး။ အခြေအနေတော့ကောင်းသွားပြီ။ ဒါပေမယ့် လူထုကတော့ မလာကြသေးဘူး၊ ကြောက်လန့်နေတယ်။ တချို့တဝက်ပဲ ပြန်ရသေးတယ်။ အုပ်ချုပ်ရေးဒေသ၊ အုပ်ချုပ်ရေးဥက္ကဋ္ဌလည်း ပြန်ပြီးတော့ …လုပ်တော့မယ်လေ။ အခု ကျနော်တို့က အုပ်ချုပ်ရေးဥက္ကဋ္ဌလည်း ပြန်တော့မယ်။ ပြန်ပြီးတော့ ကိုးကန့်ဒေသအုပ်ချုပ်ရေးကိစ္စကို သူက လုပ်တော့မယ်လေ။ လုပ်တော့မယ်။ အဲဒီတော့ ကျနော်တို့က အားလုံးပေါ့- အဲဒီနေရာမှာ အေးအေးချမ်းချမ်း၊ ဒါတောင် အနောက်ခြမ်း နည်းနည်းကျန်သေးတယ်။ အနောက်ခြမ်းက နည်းနည်းကျန်သေးလို့ မလာနိုင်သေးဘူး။ ပြည်သူလူထုက။ အရှေ့ဘက်က ပြန်လို့ရပြီ။ အနောက်ဘက်ကို ပြန်လာလို့ မရသေးဘူး။”

သင်္ကြန်မတိုင်ခင်ကာလမှာတော့ နှစ်လတာကာလအတွင်း အဲ့ဒီ့ရက်ပိုင်းတွေမှာ ကိုးကန့်တပ်နဲ့ မြန်မာတပ်ကြား တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၉) ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုးကန့်တိုက်ပွဲတွေကြောင့် သောင်းချီတဲ့ ဒေသခံပြည်သူတွေဟာ တရုတ်မြန်မာ နယ်စပ်ဘက်နဲ့ ရှမ်းပြည်နယ် ဘက်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုးကန့်ဒေသတွင်း ကိုးကန့်လက်နက်ကိုင် အဖွဲ့လည်းတွေ ခြေကုပ်ယူထားတဲ့ ရှင်ခုတ်ထန်ဒေသနဲ့ ရှန်တအိုက်ရှန် ဒေသကို မြန်မာ့တပ်မတော်စစ်ကြောင်းတွေက ထိန်းချုပ်သိမ်းပိုက်နိုင်လိုက်ပြီ ဖြစ်ကြောင်း မြန်မာအစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ကိုးကန့်ဒေသတွင်း လက်ရှိစစ်ရေးအခြေအနေ သိရှိနိုင်အောင်လို့ ကိုးကန့်တပ်ဘက်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment