နှစ်နိုင်ငံအငြင်းပွားနေရာတွင် တရုတ်အလံစိုက်မှု ရွာသားများကန့်ကွက်




ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲက တရုတ်-မြန်မာနယ်စပ်မျဉ်း တိုင်းတာလို့ မပြီးခင် နယ်စပ် အငြင်းပွားရာနေရာမှာ  တရုတ်ဘက်က အလံလာစိုက်တဲ့ အတွက် ရှမ်းရွာသားတွေ ကန့်ကွက်ခဲ့ ကြပါတယ်။

တရုတ်ဘက်က သူတို့ရောက်လာမယ့်အကြောင်းကို နမ့်ခမ်းမြို့နယ် စဲ့ဟိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးကို ကြိုတင်အကြောင်းကြားလို့ ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း မြို့နယ်ထောက်ကူပြုအဖွဲ့ရော ရွာသားတွေကိုပါ အကြောင်းကြားခဲ့ရာက ရွာသုံးရွာက သွားပြီး ကန့်ကွက်ခဲ့တာလို့ နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး စိုင်းထွန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့မနက် ၈ နာရီလောက်က စဲ့ဟိုင်းကျေးရွာအုပ်ချုပ်ရေးမှူးဆီ သူတို့အကြောင်းကြားလာတယ်။ ဒီဘက်ခြမ်းက ကုန်းဆာရွာနဲ့ သူတို့ ဘက်ခြမ်းက မန့်ကွန်ရွာကြားက ရွှေလီမြစ်မှာ တံတားဆောက်ဖို့ မြေတိုင်းမယ်ပေါ့။ ခွင့်ပြုပြု မပြုပြုလာခဲ့မယ်၊ စစ်သားတွေလည်း ပါမယ်တဲ့။ အဲဒါနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း မြို့နယ်အထောက်အကူပြုအဖွဲ့ကို အကြောင်းကြားတယ်။ ပြီးတော့ ရွာသားတွေကို သွားပြီးကန့်ကွက်ဖို့ပြောတယ်။ အဲဒါ အခု ကုန်းသာ ၊ စဲ့ဟိုင်းနဲ့ မန့်နောင် ရွာ ၃ ရွာက ရွာသားပေါင်း ၅၀၀ လောက် အဲဒီနေရာကို သွားနေကြတယ်။”

တံတားဆောက်မှုကြောင့် စိုက်ပျိုးနေတဲ့ မြေယာဆုံးရှုံမှာ စိုးရိမ်သလို အဲဒီမြေဧရိယာ တရုတ်ပိုင်နက်ထဲ ရောက်သွားမှာကိုလည်း စိုးရိမ်တယ်လို့ ရွာသားတွေက ဆက်ပြောပါတယ်။

နမ့်ခမ်းမြို့နယ် ဖွံ့ဖြိုးရေးထောက်ကူပြု အတွင်းရေးမှူး ဦးစိုင်းအောင်ဝင်းကလည်း ခရိုင်အုပ်ချုပ်ရေးမှူးကပါ ကန့်ကွက်စာထုတ်ပေးတဲ့အတွက် တရုတ်အဖွဲ့တွေ မနက် ၁၀ နာရီကျော်မှာ အကုန်ပြန်သွားရတယ်လို့ ပြောပါတယ်။

“မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးက ၂ နိုင်ငံ နေရာအတိအကျ မသတ်မှတ်ရသေးဘဲ စာချုပ်တွေ မချုပ်ရဘဲနဲ့ အဲဒီနေရာမှာ ဘာမှလုပ်လို့ မရသေးတဲ့အကြောင်း  စာထုတ်ပေးတယ်ခင်ဗျ။ ပြီးတော့ နမ့်ခမ်းမြို့နယ်မှူးနဲ့ ရဲမှူးတွေက အဲဒီစာကိုယူပြီး အကျိုးအကြောင်းပြောပြတယ်။ သူတို့လည်း မနက် ၁၀ နာရီကျော်မှာ အကုန်ပြန်သွားကြပါတယ်။”

ဒီမနက်ရောက်ရှိလာတဲ့ တရုတ်အဖွဲ့ထဲမှာ တဘက်ကမ်းက တိုင်းချိုကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တရုတ်စစ်သားတွေပါ စုစုပေါင်း ၂၀ လောက် ရောက်လာတယ်လို့ ဆိုပါတယ်။

ရွှေလီမြစ် ခြားထားတဲ့ အဲဒီဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၄ မေလကလည်း  ၂ နိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေ မြေတိုင်းတာ ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ် ။

နယ်ခြားမျဉ်းအတိအကျ မသိရဘဲ တရုတ်အာဏာပိုင်တွေက မြန်မာဘက်ခြမ်းမှာရှိတဲ့ ရွာသားပိုင်ခြံမြေတွေထဲ တိုင်လာစိုက်တဲ့အတွက် ရွာသားတွေက ကန့်ကွက်ခဲ့သလို မိမိဘိုးဘွား ပိုင်မြေတွေ မဆုံးရှုံးရေး လွှတ်တော်အထိပါ တင်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရပိုင်သတင်းမှာတော့ နယ်နိမိတ်အသစ်ပြန်တိုင်းတာမဟုတ်ဘဲ ၂ နိုင်ငံအစိုးရရဲ့ ၁၉၆၀ နဲ့ ၁၉၉၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နယ်နိမိတ်ပူးတွဲစစ်ရေးအခြေပြုစာချုပ်နဲ့ မြေပုံပေါ် အခြေခံဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ အရင်က ရွှေလီမြစ်ထဲမှာရှိတဲ့ နယ်နိမိတ်မျဉ်းဟာ အခုကုန်းမြေဖြစ်နေတော့ နှစ်ဘက်ဒေသခံတွေက နယ်နိမိတ်ကို ရှင်းရှင်းလင်းလင်းမသိဘဲ ကျော်လွန်စိုက်ပျိုးနေလို့ အသိပညာပေးပြီး ပြေလည်အောင်ဖြေရှင်းသွားမယ်လို့ ဖော်ပြပါတယ်။

 By နန်းမြနဒီ (ဒီဗွီဘီ)
ဓာတ်ပုံ – Zaai HomMain fb
http://burmese.dvb.no

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment