မြေးဦးလေးရဲ့ နာမည်ကို လည်ပင်းမှာ ဆွဲကြိုးဒီဇိုင်း တက်တူးထိုးလိုက်တဲ့ ခင်လှိုင် က နောက်ပိုင်း အဓိပ္ပါယ်ရှိတဲ့ တက်တူးတွေကိုသာ ပိုထိုးဖြစ်လာတယ်လို့ ဖွင့်ဟ


ခန္ဓာကိုယ်ပေါ် ကိုယ်မြတ်နိုးတဲ့အရာတွေ ပန်းချီကားသဖွယ် ရေးထိုးအရုပ်တင်ရတာ သဘောကျတဲ့ ခင်လှိုင်က ခုအခါမှာလည်း သူ့ရဲ့ မြေးဦးလေးနာမည်ကို လည်ပင်းမှာ ဆွဲကြိုး ဒီဇိုင်းလေး ပုံဖော်ပြီး တက်တူးထိုးဖြစ်တယ်လို့ သိရတာကြောင့် အဲ့ဒါနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါ "ကိုယ့်မြေးမလေးရဲ့နာမည်ပေါ့။ ဒီကားမရိုက်ခင် ၄ ရက်အလိုမှာ ထိုးခဲ့တာပါ။ ကိုယ်က ဒီကားထဲမှာ နည်းနည်းလဲ ထူးခြားချင်တယ်။ မြေးမလေးရဲ့နာမည်ကို ဆွဲကြိုးလုပ်ပြီး ထိုးမယ်ဆိုတာကတော့ ကိုယ်ဝန်ရှိတာကို သိကတည်းက ဆုံးဖြတ်ထားတာပေါ့နော်။ မိန်းကလေးမွေးမလား။ ယောကျာ်းလေးမွေးမလားလဲ မသိသေးဘူး။ နာမည်လဲ မပေးရသေးတော့ ထိုးမယ်လို့ပဲ ဆုံးဖြတ်ထားတယ်။ သူမွေးလာတော့ မိန်းကလေးလဲဖြစ်နေတယ်။ နာမည်လေးကိုလဲ ရွှေပိုးဝတ်မှုန်လှိုင် ဆိုပြီး ကိုယ်တိုင်ပေးထားတယ်။ တက်တူးဆရာ ကကြီးဆီမှာ ထိုးဖြစ်တယ်။ ကိုယ့်လည်ပင်းမှာ ရွှေပိုးဝတ်မှုန်လှိုင်ဆိုတဲ့ နာမည်ကို အင်္ဂလိပ် စာလုံးလေးတွေနဲ့ကြားထဲမှာ ဆွဲကြိုးပုံစံ အတိုင်း သံကွင်းဆက်ကလေးတွေ ထည့်ထားတယ်။ လော့ကပ်ကိုတော့ အိမ်မှာခေါ်တဲ့ မြေးမလေးရဲ့နာမည် ရွှေပိုးဆိုတာကို မြန်မာ ဆန်ဆန် ကနုတ် ကလေးနဲ့မြန်မာစာလုံးနဲ့ပဲ ထိုးဖြစ်ခဲ့တယ်။ ဒီကားထဲမှာ ဆွဲကြိုးလဲ မဆွဲချင်တော့ ဒီဟာလေးနဲ့ပိုပြီး တင့်တယ်မယ်ထင်လို့အမြန်ထိုးဖြစ်ခဲ့တာပါ။ မြေးဦးလေးအတွက် အမှတ်တရပေါ့။ မြေးမလေးကိုတော့ အရမ်းချစ်တယ်။ တစ်အိမ်လုံးရဲ့ သည်းသည်းလှုပ်ပေါ့။"လို့ သူက ပြောပြပေးခဲ့ပါတယ်။
ဒါ့အပြင် တက်တူးကို ဘယ်လောက် ခရေဇီဖြစ်တယ်ဆိုတာကိုလည်း သူက"တက်တူးကို ကိုယ်အရမ်းကြိုက်တယ်။ ငယ်ငယ်တုန်းကတော့ မိဘတွေနဲ့နေတော့ ထိုးခွင့်မရခဲ့ဘူး။ အခုအိမ်ထောင် ကျပြီးကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်က စပြီးတောက်လျှောက် ထိုးဖြစ်တာက ခုချိန်ထိပေါ့။ အရင်က တက်တူးထိုးတာ ကိုယ်ကြိုက်တဲ့ ပုံလေးတွေ ကိုယ်ထိုးတာပေါ့။ ခုနောက်ပိုင်းတော့ အဓိပ္ပါယ်ရှိတဲ့ ဟာတွေကို ပိုထိုးဖြစ်လာတယ်။ ကိုယ့်မိသားစုအတွက် အမှတ်တရဖြစ်မယ့် ဟာမျိုးတွေကို ပိုပြီးရွေးထိုးဖြစ်တယ်။ တခြားထိုးဖြစ်တဲ့ ပုံကတော့ အရိုးခေါင်းပုံတွေ များတယ်။ ပထမဦးဆုံး ကိုယ့်အရေပြားပေါ်မှာ စုတ်နဲ့ စတင်တာက ကိုစိုင်း၊ ပြီးတော့ ကိုထွန်း၊ ကြားထဲမှာ လဲ ပွဲဈေးတွေ ဘာတွေသွားလို့လက်ရာကောင်းရင် ထိုးလိုက်တာပဲ။ ဆရာစွဲမထားဘူး။ ဖိုးကျော်နဲ့ကတော့ ပုံအများဆုံး ထိုးဖြစ်တယ်။ နောက် အခုကကြီးဆိုတဲ့ ကလေးလေးနဲ့ထိုးဖြစ်နေတယ်။ အရမ်းသဘောကျပါတယ်"တဲ့။
လက်ရှိမှာ ခင်လှိုင်ဟာ ခိုးဆိုးလုနှိုက် ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေပြီး ရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားကြီးများနဲ့ပတ်သက်တဲ့ အမှတ်တရများကိုတော့ "ကိုယ်က ကံလဲ ကောင်းပြီးကြိုးစားခဲ့တာကြောင့်လဲ ပါမှာပေါ့နော်။ ကားကြီး စရိုက်ကတည်းက ဝေလေလေ ပါခဲ့ရတာ သိပ်မရှိဘူး။ ဇာတ်ကားတွေ တော်တော် များများပါပဲ။ ရုပ်ရှင်ကားကြီးတွေထဲမှာ အနည်းဆုံး လုပ်ခဲ့ရတဲ့ကားက ဧည့်သည်ဆိုတဲ့ ကား အဲ့ဒီကားမှာလဲ တစ်ခန်းဆို ဆိုသလောက်ပဲ နေရာရတယ်။ ဒါရိုက်တာတော်တော်များများကလဲ ကိုယ့်ကို နေရာပေးပြီးလုပ်ရတဲ့ ဟာမျိုးမှပဲ ကိုယ့်ကိုခေါ်ကြတာများတယ်။ ကိုယ်လုပ်နိုင်တာတွေကိုလဲ သူတို့သိတယ်လေ။ ကိုလွင်မိုးတို့ခေတ် ထဲကပဲ။ အပြင်းစားရိုက်ချက် လိုကားမျိုးမှာလဲ ကိုလွင်မိုးနဲ့အပြိုင် ဇာတ်ရုပ်မျိုး လုပ်ရတယ်။ ကိုသားကြီးနဲ့တုန်းက ကမ်းလွန်ပင်လယ်ပြင်ကိုဗဟိုပြု၍ ဆိုရင်လဲ တကယ့်ကို Main Supporting နေရာကပေါ့။ အဲ့ဒါကြောင့် ကားကြီးတော်တော်များများ ကတော့ ကိုယ့်အတွက် အမှတ်တရတွေများခဲ့ပါတယ်။" လို့ သူ က ပြောပြခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment