အန်စီစီတီမှနုတ်ထွက်ရန် လက်နက်ကိုင် ၃ ဖွဲ့ တင်သွင်း


တအာင်းပလောင်လွတ်မြောက်ရေးတပ်
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ကနေ နုတ်ထွက်ခွင့်ပြုဖို့ အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်တပ်ဖွဲ့တွေ ဇွန် ၃ ရက်နေ့က တရားဝင် တောင်းဆိုလိုက်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ)ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေး ဒုတိယနေ့မှာ သက်ဆိုင်ရာတပ်ဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေက တင်ပြခဲ့ကြတာပါ။

အန်စီစီတီရဲ့ငြိမ်းချမ်းရေးဆောင်ရွက်ချက်ကိစ္စတချို့ကို အားမရတဲ့အတွက် ကိုးကန့်အဖွဲ့ ဟာ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း တရားဝင်တင်ပြခဲ့သလို ရခိုင်တပ်မတော် ကိုယ်စားလှယ်တွေကလည်း အန်စီစီတီရဲ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက်ရလဒ်တွေဟာ စုစည်းမှုမရှိသလို ခံစားရတာကြောင့် အန်စီစီတီအဖွဲ့ဝင်အဖြစ်ကနေ တရားဝင်နုတ်ထွက်မ ယ်လို့ ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)ကတော့ ငြိမ်းချမ်းရေးကြိုးပမ်းမှုနဲ့အတူ စစ်ရေးအရ တင်းမာမှုတွေ ရှိလာတဲ့အတွက် ကိုးကန့်၊ ရခိုင်အဖွဲ့တွေနဲ့အတူ အန်စီစီတီအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ဖို့ တင်ပြခဲ့ပါတယ်။

ကိုးကန့်တပ်ဖွဲ့ဝင် ၂ ဦး
ထိပ်သီးခေါင်းဆောင်ဆွေးနွေးပွဲ ဒုတိယနေ့အပြီး ညနေမှာတော့ တိုင်းရင်းသား ထိပ်သီးခေါင်း ဆောင်တွေက နုတ်ထွက်ခွင့်တင်ထားတဲ့ အဖွဲ့ဝင် ၃ ဖွဲ့ကိစ္စနဲ့ ပတ်သက်တဲ့ သဘောထားတွေနဲ့ စပ်လျဉ်းပြီး အလွတ်သဘော ဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲ တတိယနေ့ ဒီကနေ့မှာတော့ ဒီကိစ္စကိုလည်း  ဆုံးဖြတ်ဖွယ်ရှိပါတယ်။

အစိုးရတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားဆဲဖြစ်တဲ့ ကိုးကန့်တပ်မတော် (အမ်အန်ဒီအေအေ)၊ တအာင်းပလောင်လွတ်မြောက်ရေးတပ်(တီအန်အယ်လ်အေ)နဲ့ ရခိုင်တပ်မတော်(အေအေ) အဖွဲ့တွေအနေနဲ့ အန်စီအေလက်မှတ်ထိုးပွဲမှာ ပါ၊မပါ အစိုးရဘက်က သဘောထားကို လွန်ခဲ့တဲ့ သီတင်းပတ်က ယူပီဒလျူစီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ ချင်းမိုင်ခရီးစဉ် အတွင်း သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

ဓာတ်ပုံ – ရက္ခိုင့်တပ်မတော်
ဒါနဲ့ ပတ်သက်လို့ ဦးအောင်မင်းက ဒီ ၃ ဖွဲ့ဟာ အစိုးရနဲ့ ဒေသဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆွေးနွေးတဲ့ အဖွဲ့တွေထဲမှာ မပါတဲ့အတွက် အန်စီအေအတွင်းမှာ အကျုံးမ၀င်ဘူးလို့ ပြောထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ကိုတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီး ဖြစ်တယ်လို့ သူက ညွှန်းဆိုပြောကြားခဲ့ပြီး တီအန်အယ်လ်အေနဲ့ ပတ်သက်လို့ အစိုးရနဲ့ နှစ်ဦးနှစ်ဘက် အပစ်ရပ်လက်မှတ်မထိုးရသေးလို့ အဲဒီအဆင့်ကို ဖြတ်သန်းဖို့ လိုတယ်လို့ ၀န်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့ပါတယ်။

 By မျိုးဇော်လင်း (ဒီဗွီဘီ)
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment