နှာခေါင်းကို ဆီလီကွန်ထည့်ထားကြောင်း ဖွင့်ဟလိုက်တဲ့ ပိုင်ဖြိုးသုက ဒီလိုလုပ်တာဟာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်သာ ဖြစ်တယ်လို့ဆို


တစ်ဖက်က ဆရာဝန်၊ တစ်ဖက်က အနုပညာ ဒီအလုပ် နှစ်ခုကြားမှာ သူမရဲ့ အချိန်တွေကို ကုန်ုဆုံးရင်း ပျော်မွေ့နေတဲ့ ပိုင်ဖြိုးသုကို သူမရဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ အလှအပနဲ့ပတ်သက်ပြီး နှာခေါင်းပြင်ထားတဲ့ အကြောင်း မေးမြန်းကြည့်မိတဲ့အခါ
-အခုလတ်တလော အနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါဦး။
အခုလောလောဆယ်က ညီမ ကားရိုက်က ခဏနားထားတယ်။ ဒီကြားထဲမှာ ကြော်ငြာရိုက်တွေရှိတယ်။ မဂ္ဂဇင်းရိုက်တွေ ရှိတယ်။ ကားရိုက်က ၈လပိုင်း ၁၀ ရက်နေ့မှာ ရုပ်ရှင်ကားကြီးပေါ့။ ဆရာလင်္ကာရည်ကျော်ရဲ့ ပန်းဒေါင်းဆိုတဲ့ ၀တ္ထုကို အန်ကယ်လေး နဲ့ရိုက်ဖို့ရှိပါတယ်။ အောင်ပန်းမှာပေါ့။ အစက ၈လပိုင်း ၁ ရက်နေ့မှန်းထားတာ ရာသီဥတုကြောင့် ၁၀ ရက်နေ့ကို ရွှေ့လိုက်ရတာပါ။ အဲ့ဒီကားလေးထဲမှာ ညီမက ပရဟိတလုပ်တဲ့ ကောင်မလေးတစ်ယောက်ပေါ့။ မခင်နှင်းကြည်သာတဲ့။ အဲ့ဒီအမကအပြင်မှာလဲ တကယ်ရှိတယ်။ အဲ့ဒီအစ်မကြီးရဲ့ ကာရိုက်တာကို အခြေခံပြီး ဆရာကြီး လင်္ကာရည်ကျော်က ၀တ္ထုပြန်ရေးထားတာပါ။ ပန်းဒေါင်းနဲ့ပတ်သက်ပြီး ညီမသင်္ကြန်တွင်းတုန်းက ဆရာနဲ့ မခင်နှင်းကြည်သာတို့ဆီသွားခဲ့တယ်။ ကားနဲ့တောင်မပေါက်ဘူး။ ဆိုက်ကယ်နဲ့သွားရတယ်။ ရိုက်တာက အဲ့ဒီမှာ မရိုက်ဘူး။ အောင်ပန်းမှာ ရိုက်မှာပါ။ ဘာလို့လဲဆိုတော့ ဒါရိုက်တာက ဦးပွားဆိုတော့ အသက်ကလဲ အရမ်းကြီးတယ်။ လမ်းခရီးက အရမ်းကြမ်းတော့ အောင်ပန်းမှာပဲ ရိုက်ဖြစ်မှာပါ။ ညီမကာရိုက်တာက ၀တ္ထုထဲက မခင်နွယ်စိုး ဆိုတဲ့ ကာရိုက်တာ မ၀င်မှာကိုလဲ ညီမ အရမ်းစိတ်လှုပ်ရှားနေပါတယ်။
-ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီးတော့ရော ညီမဆီလာတဲ့ ကာရိုက်တာတွေ က ဘယ်လိုပုံစံမျိုးလေးတွေများလဲ။
ဟာသနည်းတယ်။ ဒရာမာများတယ်။ နောက်ပြီး ဆိုက်ကို ဆန်တဲ့ ကားလေးတွေ လာကြတာများတယ်။ အရင် အပြင်တိုက်တွေနဲ့ရိုက်တုန်းကတော့ ကာရိုက်တာ တစ်ခုညီမဆီလာရင် ဖတ်ကြည့်ပြီး အမေနဲ့တိုင်ပင်တာမျိုးတွေ ရှိတယ်။ ခုနောက်ပိုင်း ပျိုးခင်းနဲ့ရိုက်တဲ့ အခါကျတော့ ကိုယ့်ဆရာသမားတွေအားလုံးက ကိုယ်နဲ့လိုက်ဖက်မယ် ထင်လို့ ချပေးတဲ့ ကာရိုက်တာတွေဖြစ်တဲ့အတွက် ရွေးချယ်စရာတော့ မလိုတော့ဘူးပေါ့။ ရိုက်လိုက်တာများတယ်။
-အဲ့ဒီလို ဆိုက်ကိုဆန်တဲ့ ကားတွေထဲမှာမှ ခုမထွက်ခင်ကတည်းက စိတ်ဝင်စားနေကြတဲ့ ဓားတစ်ဆင်းနဲ့ချစ်မိခြင်း ဆိုတဲ့ကားလေးနဲ့ပတ်သက်ပြီး ထွေလာမှာကတည်းက ပရိသတ်တွေတော်တော်များများ စိတ်ဝင် စားနေကြတယ်နော်။
အဲ့ဒီကားလေးအတွက် အရမ်းရင်ခုန်တယ်။ ကာရိုက်တာ အားဖြင့်လဲ ဒါထူးခြားမှုရှိတယ်။ နဲနဲလဲ ဗန့်ဆန်တဲ့အတွက် ပရိသတ်ကြိုက်ပါ့မလားဆိုပြီးလဲ စိတ်ပူတယ်။ ပြီးတော့ အဲ့ဒီကားရိုက်တုန်းကလဲ တကယ် အပင်ပန်းခံရတယ်။ အန်ကယ်လေးတို့မခိုင်လေးတို့ကလဲ ညီမကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေပေးထားတယ်။ နောက် မခိုင်လေးနဲ့တွဲလုပ်ရတဲ့အတွက် ပိုပြီးလဲpressure များတယ်။ သူက အရမ်းသရုပ်ဆောင်ကောင်းတဲ့ မင်းသမီးဖြစ်တဲ့ အတွက် ရှိန်နေတာမျိုးတွေ ရှိတယ်။ နောက်သူနဲ့ကိုယ်နဲ့ အပြိုင်ပြောရတဲ့ အခန်းတွေဆိုရင် ရှိန်နေတာမျိုးတွေရှိတယ်။ အဲ့ဒီကားမှာဆို ရေကူးတဲ့ အခန်းတွေမှာဆို ညီမတို့သွားရိုက်တဲ့ကန်က ၁၆ ပေနက်တယ်။ တပြေးညီ ၁၆ ပေ။ အဲ့ဒီထဲကို တကယ် ဆင်းပြီးရိုက်ရတာ။ ညီမရော၊ အန်ကယ်လေးရော ၊ စက်အဖွဲ့တွေရော ရေကန်ကြီးထဲမှာ ဆင်းရိုက်ရတယ်။ ညီမဆို နည်းနည်းတော့ကြိုက်တယ်။ ရေက ၁၆ ပေ အိုက်တင်တွေကလဲ လုပ်နေရတယ်။ ရေနစ်တဲ့အခန်း၊ ပြန်ဆယ်တဲ့အခန်း ၊ ခုန်ချတဲ့အခန်းတွေက အရမ်းပင်ပန်းတယ်။ နောက်ပြီး အပေါ်က တက်ပြီး ဒိုင်ဗင်ထိုးတဲ့ အခန်းမှာဆို ရေကူးကန်နဲ့ ပေ ၅၀ မြင့်တယ်။ အဲ့ဒါညီမက ကိုယ်တိုင် ခုန်မယ်လုပ်တာ။ ညီမကို ညီမအမေက လုံးဝပေး မလုပ်ဘူး။ ပိုင်ဖြိုးသုရယ် ငါတောင်းပန်ပါတယ်။ အန်ကယ်လေးကလဲ ၀င်ပြောတယ်။ သမီးနင်မလုပ်နဲ့နော်။ ငါပြန်လဲ မလျော်နိုင်ဘူးဆိုတော့မှ ခုန်းတဲ့တစ်ဆင်းကို လူစားထိုးတယ်။ ဒါပေမဲ့ ရေကူးတဲ့ဆင်းတွေ အကုန်လုံးကတော့ ညီမပဲလုပ်တာပါ။ အရမ်းလဲ ပင်ပန်းခံခဲ့ရတဲ့ကားလေးဆိုတော့ ပရိသတ်ကြီးကို အားပေးစေချင်တယ်။ နောက် အထက်မြင့်တွေပေါ်မှာတက်ရိုက်တယ်။ မခိုင်လေးဆိုလဲ ရေစည်ကြီးထဲကို တကယ်ဝင်ရတယ်။ အဲ့ဒါကြောင့် ထွက်လာရင် ပရိသတ်ရဲ့ အားပေးမှု၊ အသိအမှတ်ပြုမှုလေးကိုတော့လိုချင်ပါတယ်။
-အိမ်ထောင်သည်ကို လိုက်ကြိုက်ရတဲ့ကာရိုက်တာဆိုတော့ ပရိသတ်ရဲ့ ဝေဖန်မှုတွေအတွက်ရော ဘယ်လိုမျိုးပြင်ဆင်ထားလဲ။
အဲ့ဒါလဲညီမစဉ်းစားမိတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်သည် ယောကျာ်းတစ်ယောက်ကို အတင်းလိုက်ကြိုက်ရတာဖြစ်တဲ့အတွက် ပရိသတ်မုန်းသွားမှာလဲ အရမ်းကြောက်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ခုချိန်မှာ ညီမက ပရိသတ်ချစ်အောင်တောင် မနည်းကြိုးစားနေရတဲ့အချိန်ဆိုတော့ ပရိသတ်မုန်းတဲ့ ကာရိုက်တာကြီးနဲ့များ စ၀င်သလို ဖြစ်သွားမလား။ ဒါပေမဲ့ ညီမမှာ ယုံကြည်ချက် တစ်ခုရှိတယ်။ ညီမပျိုးခင်းကဆရာသမားတွေချပေးတဲ့ ကာရိုက်တာတစ်ခုက ညီမအတွက်အကောင်းပဲဖြစ်စေရမယ်။ ကိုယ့်ဆရာသမားတွေကို ယုံကြည်တဲ့ စိတ်တစ်ခုနဲ့ရိုက်ဖြစ်သွားတာပါ။ အိမ်ထောင်သည်ယောကျာ်းကို လိုက်ကြိုက်တယ်ဆိုပေမဲ့ လိုက်ကြိုက်ရလောက်တဲ့ Reason တွေတော့ ရှိတာပေါ့နော်။ စိတ်အားဖြင့် ပုံမှန် မဟုတ်တာတို့ဘာတို့ပေါ့နော်။ အဓိကကတော့ ကိုယ့်ဆရာသမားတွေကတော့ ကိုယ့်ကို ပရိသတ်အသိအမှတ်ပြုမဲ့ကားမျိုးပဲ ရိုက်ခိုင်းလိမ့်လို့ညီမထင်တယ်။ အဲ့ဒါကြောင့်လဲ ယုံကြည်မှုတစ်ခုနဲ့ညီမရိုက်ခဲ့တာပါ။
-ကားတစ်ကားအောင်မြင်ရင် ဝေဖန်မှုထွက်မယ်။ လူပြောများမယ်။ ဒါတွေအတွက်ရော ဘယ်လိုမျိုးပြင်ဆင်ထားလဲ။
ညီမကကိုယ့်ကိုကိုယ် မင်းသမီးလို့မသတ်မှတ်ထားဘူး။ သရုပ်ဆောင်လို့ပဲသတ်မှတ်တယ်။ မင်းသမီးနဲ့သရုပ်ဆောင်နဲ့ကဘာကွာလဲဆိုတော့ မင်းသမီးဆိုတာ လှရမယ်။ ဘာမယ်။ သတ်မှတ်ချက်တွေ အများကြီးရှိမှာပေါ့နော်။ သရုပ်ဆောင်ဆိုတာကတော့ သူက သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်။ ဒါကြောင့်သူ့ကို ပေးလာတဲ့ ကာရိုက်တာတိုင်းကို ပီပြင်အောင်လုပ်ရမယ်။ ပရိသတ်မုန်းတာတွေ၊ ချစ်တာတွေကို လိုက်တွက်နေလို့မရဘူး။ အဲ့ဒါကြောင့် ကာရိုက်တာအတိုင်းပဲ ၀င်ရောက် စီးမျောတယ်။ ထွက်လာလို့ဝေဖန်ကျရင်လဲ ဒါဟာ ကာရိုက်တာအရ ပါ။ သရုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။ သူသည် ကာရိုက်တာအပေါ်မှာစီးမျောတာ။ ဒါကို ခွင့်လွှတ်နားလည်ပေးမယ်လို့ပဲ ထင်ပါတယ်။
-နှာခေါင်းပြင်ထားတယ်လို့လဲသိရတယ်။ ဘယ်လို စိတ်ကူးနဲ့ပြင်ဖြစ်တာလဲ ဆိုတာကိုလဲ သိချင်ပါတယ်။
ဟုတ်။ ညီမလဲ နှာခေါင်းကို ဆီလီကွန်ထည့်ထားပါတယ်။ လုပ်ထားတာက ၂၀၁၄ နိုဝင်ဘာကပေါ့။ စလုပ်ကာစတုန်းကတော့ နည်းနည်းကြောက်တယ်။ ညီမခွဲနေတုန်းကတော့ နည်းနည်းကြောက်တယ်။ ဒါပေမဲ့ ခွဲပြီး တစ်နာရီနေပြီး ပြန်ထွက်လာရုံပဲ။ အိမ်ကလဲပေးလုပ်တယ်။ ဘာလို့လဲဆိုတော့ ညီမတို့လိုက်လေ့လာပြီးမှ လုပ်လိုက်တာပါ။ ဘန်ကောက်က ရန်ဟီးဆေးရုံမှာ လုပ်ဖြစ်တာပါ။ နှာခေါင်းခွဲပြီးကာစ တုန်းကဆို စောင်းမအိပ်ရဘူး။ နှာခေါင်းပြင်ပြီးကတည်းက တွေးလိုက်တာက ငါဘာမှ ထပ်မပြင်တော့ဘူး။ နာလဲနာတယ်။ အစားအသောက်ဆိုလဲ ညီမက သက်သက်လွတ်သမားဖြစ်တဲ့ အတွက်တော်တော်နဲ့ အသားမတက်ဘူး။ ဆေးတွေဆိုလဲ ပြင်းတာသောက်လို့မရတဲ့အတွက် ဂရုစိုက်ရတာတွေ များတယ်ပေါ့။ စောင်းမအိပ်ရဘူး။ အစာကောင်းကောင်း စားလို့မရဘူး။ လှချင်လို့သာလုပ်ရတာ ဆင်ခြင်ရတာတွေ များတယ်။ အဲ့ဒါကြောင့် အများကြီး လုပ်နိုင်တဲ့သူတွေကို အားကျမိတယ်။ ညီမကတော့ နှာခေါင်းပြင်တာက ပထမဆုံးနဲ့နောက်ဆုံးပါပဲ။ ဘာမှထပ်မပြင်တော့ပါဘူး။ လို့ပြောပြခဲ့ပါတယ်။ 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment