မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်စံပြကျေးရွာ ကျိုက်ထီးဆောင်းဆံတော်ရှင် ဘုရားကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဒီပ ပျံလွန်တော်မူ


နေပြည်တော် ဇူလိုင် ၂၅

 မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်စံပြကျေးရွာ ကျိုက်ထီးဆောင်းဆံတော်ရှင် ဘုရားကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် (Mahachulalongkornrajavidyalaya University, Thailand) မှ (Honorary Doctorate Degree of Ph.D) အပ်နှင်းခြင်းခံရသော (အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက) ဘဒ္ဒန္တပညာဒီပ သက်တော် ၈၇ နှစ် ၊ သိက္ခာတော် ၄၄ ဝါ သည် ၁၃၇၇ ခုနှစ် ဒုတိယဝါဆိုလဆန်း ၉ ရက် (၂၅-၇-၂ဝ၁၅ ) စနေနေ့ မွန်းလွဲ ၃ နာရီခွဲတွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်စံပြကျေးရွာ ကျိုက်ထီးဆောင်းဆံတော်ရှင် ဘုရားကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဒီပ၏ ထေရုပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း

ဆရာတော်လောင်းလျာကို မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်စံပြကျေးရွာ၌ အဖ ဦးစံဖေ၊ အမိ ဒေါ်စောကျင်တို့မှ ၁၂၉ဝ ခုနှစ် ကဆုန်လဆန်း ၁ ရက် ကြာသပတေးနေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။
ရှင်ရဟန်းအဖြစ်သို့ ရောက်တော်မူခြင်း
၁၃ဝ၂ ခုနှစ်တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကော့ကဒွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တပဏ္ဏဝကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၃၃ ခုနှစ် ကဆုန်လဆန်း ၁ ရက်နေ့တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်စံပြကျေးရွာ နောင်တော် ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း

ဆရာတော်သည် တောင်စွန်းတိုက်နယ် တောင်စွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဝဏ္ဏ စသော ဆရာတော်များထံတွင် ပရိယတ္တိစာပေများ သင်ယူဆည်းပူးခဲ့ပါသည်။

သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း

ဆရာတော်သည် ၁၉၆၅ ခုနှစ်တွင် ရသေ့အသွင်ဖြင့် တောထွက်၍ မြန်မာနိုင်ငံအတွင်းရှိ ဘုရားစေတီပုထိုးများနှင့် မိမိမွေးရပ်ဇာတိဖြစ်သော ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီ တော်မြတ်ကြီး၏ ထီးတော်တင်ခြင်း၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို ရည်စူး၍ စေတီပုထိုးများ တည်ထားကိုးကွယ်ခြင်း၊ အသံမစဲမဟာပဋ္ဌာန်းပွဲများ ကျင်းပပေးခြင်း၊ သာသနိက အဆောက်အအုံများ တည်ဆောက်ပြုပြင်မွမ်းမံခြင်း၊ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဝိပဿနာတရားစခန်းပွဲများ ကျင်းပပေးခြင်းစသော သာသနာပြုလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။

ဘွဲ့တံဆိပ်အလှူခံရရှိတော်မူခြင်း

ဤသို့လျှင် ဗုဒ္ဓသာသနာတော်အကျိုးကို ထက်သန်သော လုံ့လဝီရိယတို့ဖြင့် သယ်ပိုး ဆောင်ရွက်တော်မူခြင်းကြောင့် သာသနဓုရဝဟဂုဏ် လဇ္ဇီပေသလ သိက္ခာကာမဂုဏ် စသည်တို့ နှင့် ပြည့်စုံတော်မူသော ဆရာတော်သည် ၂ဝဝ၄ ခုနှစ်တွင် နိုင်ငံတော်အစိုးရက ဆက်ကပ် သော အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း

ဆရာတော်ကြီးသည် သာသနာတော်အကျိုးသယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် ၈၇ နှစ် ၊ သိက္ခာတော် ၄၄ ဝါ သည် ၁၃၇၇ ခုနှစ် ဒုတိယဝါဆိုလဆန်း ၉ ရက် (၂၅-၇-၂ဝ၁၅) စနေနေ့ မွန်းလွဲ ၃ နာရီခွဲတွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိသည်။

(မြန်မာ့အလင်း)
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment