တောင်သမန်းအင်းအတွင်း ငါးသေဆုံးမှုဖြစ်စဉ်မှာ သမားရိုးကျသေဆုံးခြင်းမဟုတ်သဖြင့် စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်


မန္တလေး စက်တင်ဘာ ၂၆

မန္တလေး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ငါးသေဆုံးမှုဖြစ်ပွားခဲ့ရာ သမားရိုးကျသေဆုံးမှုဖြစ်ပွား ခြင်းမဖြစ်နိုင်ကြောင်း ဒေသခံများ၊ တောင်သမန်အင်းရေဝင်ရောက်မှု၊ ငါး သေဆုံးမှုအခြေအနေတို့ကို တိုင်းတာစစ်ဆေးဓာတ်ခွဲသည့် ပညာရှင်များ၏ သုံးသပ်ချက်များအရ သိရသည်။

''တောင်သမန်အင်းအတွင်း ငါးသေဆုံးမှုက လတ်တလောသေဆုံးခြင်း မဟုတ်ဘဲ အချိန်နာရီပိုင်းအတွင်း ပုပ်ပွနေတာတွေ့ရတယ်။ ငါးလုပ်ငန်းဦးစီး ဌာနရဲ့ တာဝန်ရှိသူတွေကလည်း သေဆုံးတဲ့ ငါးတွေမှာ အင်းအတွင်းက ငါးတွေမဖြစ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ အင်းရေပြင် အရည်အသွေးကိုလည်း ချက်ချင်းကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့ရာမှာ ငါးသေဆုံးနိုင်တဲ့အနေအထားမဟုတ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ တောင် သမန်အင်းရေပြင် အင်းရဲ့အရှေ့ခြမ်းတစ်လျှောက် အောက်ဆီဂျင်ပျော်ဝင်မှု နှုန်းအနည်းငယ်သာလျော့နည်းပြီး အင်းအလယ်နဲ့ကျန်အပိုင်းတွေမှာ တော့ အောက်ဆီဂျင် ပျော်ဝင်မှုကောင်းတာ စစ်ဆေးတွေ့ရှိရပါတယ်။ ငါးသေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ဒေသခံ ပြည်သူတွေရဲ့ပြောပြချက် အရ စက်လှေနဲ့အတူ ငါးသေအထုပ်နှစ်ထုပ် ဦးရွှေတောင်တံတား အနီး လာချသွားတာကို မြင်တွေ့ရတယ်။ ဒီငါးတွေက ရေစီးနှင့်အတူ တောင်သမန်အင်းကမ်းခြေကို ရောက်ရှိလာခြင်းသာ ဖြစ်ပါတယ်။ ရေဆိုး ကြောင့်သာ ငါးသေမယ်ဆိုရင် ငါးမျိုးစုံသေရမှာဖြစ်ပါတယ်။ နောက်ပြီး သေဆုံးချိန်ကလည်း စဉ်ဆက်မပြတ်သေရမှာဖြစ်ပြီးတော့ ရက်ခြားအချိန် ခြားပြီးမှ ငါးသေတာကိုစဉ်းစားကြည့်ရင် ပုံမှန်မဟုတ်တာပေါ်လွင်နေပါတယ်'' ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
''ငါးသေတဲ့ရက်က အင်းရေဝင်ရောက်မှု များတာတွေ့ရပါတယ်။ ဒါကြောင့် အင်းအတွင်းက ငါးတွေ သေဆုံးနေတာမဖြစ်နိုင်ဘူး။ အခုသေတဲ့ ငါးတွေက တီလားပီးယားငါးတစ်မျိုးတည်းသာ သေဆုံးတာတွေ့ရပါတယ်။ အင်းနား အနီးတစ်ဝိုက်ကို အထုပ်တွေ ပစ်ချသွားတာမြင်လိုက်ရတယ်။သေပြီးသား ငါးတွေထည့်ထားတဲ့ အထုပ်တွေဖြစ်မယ် ''ဟု ဒေသခံပြည်သူ တစ်ဦးက ပြောသည်။

ငါးသေဆုံးမှုဖြစ်ပွားချိန်တွင် တောင်သမန်အင်း၏ ရေအမြင့်မှာ ၁၆ ပေခန့်ရှိပြီး အောက်ဆီဂျင် ပျော်ဝင်မှုနှုန်း (DO 2.3 မှ DO 7.1 )အထိ ရှိနေသဖြင့် အင်းရေကြောင့် ငါးသေဆုံးမှု လုံးဝမဖြစ်နိုင်ကြောင်း သိရသည်။

ငါးသေဆုံးသည့်နေရာ၌လည်း ငါးအချို့ ကူးခပ်နေသည်ကို တွေ့ရသည့် အတွက် မသမာမှုကြောင့်သာ ငါးသေဆုံးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းသာ ဖြစ်သည်။ လွန်ခဲ့သည့်နှစ်များက တောင်သမန်အင်းအတွင်း ငါးသေဆုံးမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းမရှိခဲ့သဖြင့် သွေးရိုးသားရိုးဖြစ်စဉ်မဟုတ်ဘဲ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီကို တမင်လုပ်ကြံဖန်တီးနေသည်ဟု ယူဆရပါကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိ ရသည်။

''တောင်သမန်အင်းအတွင်း သေဆုံးတဲ့ငါးတွေကို ဓာတ်ခွဲစစ်ဆေးမှု တွေ ဆောင်ရွက်ခဲ့ပါတယ်။ ဓာတ်ခွဲစစ်ဆေးတွေ့ရှိချက်ရလဒ်များအရ ရေရဲ့ ချဉ်ဖန်နှုန်း(Water PH) ရေနမူနာအားလုံးကောင်းမွန်ပြီးတော့ အောက်ဆီ ဂျင်ပျော်ဝင်မှု ရေအရည်အသွေးကောင်းမွန်တာ တွေ့ရပါတယ်။ တောင် သမန်အင်းအတွင်း သဘာဝအရင်းအမြစ်များကောင်းမွန်ပြီး ကန်ရေဝင် ရောက်မှုများပြားနေတာတွေ့ရပါတယ်။ ငါးသေများကိုစစ်ဆေးရာတွင် လည်း အူလမ်းကြောင်းတစ်လျှောက် အမည်းရောင် အနှစ်တွေတွေ့ရှိရပါ တယ်။ ဒါ့အပြင် ငါးပါးဟက်အတွင်း သွေးကြောများရောင်ရမ်းနေတာတွေ့ ရပါတယ်''ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်သမန်အင်းအတွင်း ငါးမွေးမြူခြင်းလုပ်ငန်းကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် လေလံမပေးဘဲ သဘာဝအတိုင်း ရေဝင်ရောက်မှု၊ သဘာဝအတိုင်း ရောက်ရှိလာမည့်ငါးများနှင့်အတူ သဘာဝအင်းအဖြစ် ထားရှိမည်ဖြစ်သည်။ ထို့အပြင် တောင်သမန်အင်းအတွင်း ရေဆိုးဝင်ရောက် မှုမရှိစေရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက စီမံဆောင်ရွက်လျက်ရှိသည်။ ငါးသေဆုံးမှုဖြစ်စဉ်များသည်လည်း သမား ရိုးကျသေဆုံးခြင်းမဟုတ်သည့်အတွက် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်း ကာ စစ်ဆေးဖော်ထုတ်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment