ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေဆေးရုံကြီးတွင် စက်တင်ဘာလ ၂၃ ရက်က သူနာပြုဆရာမ ၂၀၀ ခန့် ဂျုတီမဆင်း ဘဲ ဆေးရုံအတွင်း ကော်ရစ်တာပေါ်တွင်ထိုင်လျက် ဆန္ဒပြခဲ့ကြောင်းသိရသည်။
စက်တင်လ ၁၈ ရက်က စစ်တွေဆေးရုံကြီးကလေးအဆောင်တွင် တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာမ နှစ်ဦး အား လက်ထောက်ဆရာဝန်တဦးက ကိုယ်ထိလက်ရောက်စော်ကားခဲ့ပြီး ယင်းစော်ကားမှုအပေါ် ဆေးရုံအုပ်ကြီးထံ သူနာပြုဆရာမများက အကျိုးအကြောင်းဝိုင်းဝန်းတင်ပြခဲ့သော်လည်း ဆေးရုံအုပ်ကြီးမှ အဖြစ်မှန်ကို သေချာမစီစစ်ဘဲ ဆရာဝန်ဘက်မှ ဘက်လိုက်ကာ သူနာပြုဆရာမများကိုပင် ကြိမ်းမောင်းခဲ့ကြောင်း ဆန္ဒပြသည့်ဆရာများက ပြော သည်။
“ကျွန်မတို့ အခုလိုလုပ်ရတာက ကျွန်မတို့အချင်းချင်း ဂျုတီချိန်းတဲ့အခါမှာ လူနာတွေအတွက် handover (လက်လွှဲ) ပေးတယ်ဆိုတာရှိတယ်။ ဒီလူနာကို ဘာဆေးတွေတိုက်ထားပြီး။ နောက်ထပ် ဘယ်ချိန်ဘာလုပ်ဖို့ ကျန်သေးတယ် ဆိုတာပေါ့။ အဲဒါမျိုးက ဆရာဝန်အချင်းချင်းလည်း လုပ်ရပါတယ်။ အဲဒါ ဆရာဝန်တွေမှာလည်း ရှိရမယ်။ သူတို့က ကိုယ့်ဟာကိုယ်မလုပ်ဘဲ ကျွန်မတို့သူနာပြုတွေဆီကပဲ တောင်းပြီးကူးတယ်။ အဲဒီနေ့က လက်ထောက်ဆရာဝန်က တောင်းတော့ မပြီးသေးဘူးဆိုတာကိုပြောတော့ သူ့ကို မလေးမစားလုပ်ရသလားဆိုပြီး ကိုယ်ထိလက်ရောက်စော်ကား တယ်။ ဆေးရုံအုပ်ကြီးကိုတိုင်တော့လည်း နင်တို့ရာထူးမတက်ချင်ကြဘူးလား။ မှင်နီတန်းခံချင်လားဆိုပြီး ဆရာမတွေ ကိုတောင် ပြန်ကြိမ်းမောင်းပါတယ်။ အဲဒီအတွက် ကျွန်မတို့လည်း မခံစားနိုင်တော့လို့ အခုလိုလုပ်ရတာပါ” ဟု ဆန္ဒ ပြရာတွင် ပါဝင်သူ သူနာပြုဆရာမတဦးက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ် ခတ္တ၀န်ကြီးချုပ်ဦးမြအောင်သည် ယင်းနေ့ နံနက် ၁၁ နာရီအချိန်တွင် ဆေးရုံအုပ်ကြီးအပါဝင် သူနာပြုအုပ်ဆရာမကြီးများနှင့် တွေဆုံခဲ့သည်။ ယင်းတွေဆုံမှုအပါအ၀င် ဆန္ဒပြမှုဖြစ်ပွားရ သည့် အကြောင်းအရာကို စစ်တွေမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးထွန်းအောင်အား ဆက်သွယ်မေးမြန်းခဲ့ရာ ၀န်ထမ်းအချင်းချင်းဖြစ်သည့်ကိစ္စသာဖြစ်ကြောင်း၊ အားလုံးအဆင်ပြေသွားပြီး ဖြစ်ကြောင်း ပြောသည်။
သို့သော်လည်း သူနာပြုဆရာမများနှင့် ဆေးရုံအုပ်ကြီးတို့အကြား မကျေလည်သည့်အတွက် ယင်းနေ့ မွန်းလွဲ ၃ နာရီ အချိန်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးများနှင့် ဆေးရုံးအုပ်ကြီး အပါအ၀င် ဆန္ဒပြသည့် သူနာပြုဆရာများနှင့် ထပ်မံတွေ့ဆုံရာ ကိုယ်ထိလက်ရောက်စော်ကားသောဆရာဝန်အား ထိရောက်စွာအရေးယူပေးရန်၊ ဆေးရုံးမှအထက် ဆရာဝန်ကြီးများအနေဖြင့် ဆရာဝန်နှင့် သူနာပြုဆိုပြီး ခွဲခြားဆက်ဆံမှုမပြုရန်၊ သူနာပြုနှင့်သက်ဆိုင်သည့် အလုပ်များ ကိုသာ လုပ်ကိုင်စေရန်နှင့် မသက်ဆိုင်သည့်အလုပ်များကို ခိုင်းဖတ်သဖွယ်စေခိုင်းခြင်းမပြုရန် စသည့် အချက်လေး ချက်ကို သူနာပြုများက ငိုကြွေးလျက် တောင်းဆိုခဲ့ကြောင်း သိရသည်။
မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
0 comments:
Post a Comment