
နေလောင်ကာ လိမ်းဆေးတွေထဲတွင် ပါဝင်သော ဓာတုပစ္စည်း တစ်မျိုးသည် သန္တာကျောက်တန်းများကို ပျက်စီးစေနိုင်သည့် အာနိသင် ရှိနေကြောင်း သိပ္ပံပညာရှင်များက သတိပေးသည်။
နေလောင်ကာ လိမ်းဆေးများထဲတွင် ပါဝင်သော Oxybenzone (BP-3) ဓာတ်ပစ္စည်းသည် သန္တာကျောက်တန်းများကို ပျက်စီးစေနိုင်စွမ်းရှိကြောင်း လေ့လာ တွေ့ရှိထားသည်။ လေ့လာမှုစစ်တမ်းကို Environmantal Contamination and Toxicology ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။ ကမ္ဘာတစ်ဝန်း နေလောင်ဒဏ်ခံ လိမ်းဆေး အမျိုးအစား (၃၅၀၀) နီးပါးတွင် Oxybenzone ပါဝင်နေသည်။ ကမ်းခြေ ရေဆင်းကူးသူများ၊ ကမ်းခြေတစ်ဝိုက် ရေဆိုးများထဲမှတစ်ဆင့် Oxybenzone သည် ပင်လယ်ထဲသို့ ရောက်ရှိကာ သန္တာကျောက်တန်းများကို ဒုက္ခပေးနိုင်သည်။ ကမ္ဘာကြီး ပူနွေးမှုကြောင့် ပူနွေးလာသော ပင်လယ်ရေသည် သန္တာကျောက်တန်းများကို အရောင်ကျွတ်ကာ မြန်မြန်ပျက်စီးစေနိုင်စွမ်း ရှိကြောင်းလည်း ရှေ့ပိုင်းသုတေသနများက ဆိုထားကြပြီး ဖြစ်သည်။
လေထုညစ်ညမ်းမှု၊ ရာသီဥတု ပြောင်းလဲမှု၊ မုန်တိုင်းနှင့် အခြားသော ၀န်းကျင် အနှောင့်အယှက်များကြောင့်လည်း သန္တာကျောက်တန်းများ ပျက်စီးနေရသည်။ Oxybenzone သည် နေရောင်ခြည်ထဲတွင် ပါသော ခရမ်းလွန်ရောင်ခြည်ကို ပြန်ကန်ထုတ်နိုင်စွမ်း ရှိသည်။ သို့သော် ပင်လယ်ထဲကျပြီး သန္တာကျောက်တန်းများဆီ ရောက်သွားပါက ပေါက်ဖွားစ သန္တာကျောက်များထဲ ၀င်ရောက်ကာ သန္တာကျောက်များ၏ မျိုးဗီဇကို ဖျက်ဆီးပစ်နိုင်စွမ်းရှိကြောင်း လေ့လာတွေ့ရှိထားသည်။
ကမ္ဘာတစ်ဝန်း သန္တာကျောက်တန်း ဒေသများတစ်ဝိုက် ရေပြင်များထဲသို့ တစ်နှစ်လျှင် နေလောင်ဒဏ်ခံ လိမ်းဆေး တန် (၆၀၀၀) မှ (၁၄၀၀၀) ကြားထိ ၀င်ရောက်လျက် ရှိကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။ ထိုလိမ်းဆေးများထဲတွင် Oxybenzone သည် (၁) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းဝန်းကျင် ပါဝင်သည်။ Oxybenzone ကို နေလောင်ဒဏ်ခံ လိမ်းဆေးများထဲတွင် သာမက နှုတ်ခမ်းနီ၊ မိတ်ကပ်၊ ရှမ်ပူများထဲတွင်လည်း တွေ့နိုင်သည်။
ဥရောပသမဂ္ဂက လက်အောက်ခံ နိုင်ငံတကာ ဓာတုပစ္စည်းများ အဖွဲ့ကလည်း Oxybenzone ကို လူသားများအတွက် အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်းအဖြစ် သတ်မှတ်ထားပြီး အန္တရာယ်ကင်းသော အခြားအမယ် တစ်မျိုးမျိုးဖြင့် အစားထိုး သုံးစွဲရန် လမ်းညွှန်ထားသည်။
Source: Reuters
The Messenger
messengernewsjournal.com
0 comments:
Post a Comment