သရုပ်ဆောင်ချစ်သုဝေကို ဝဋ်ကြွေးမကျေချင်ပါ ဆိုတဲ့ ရိုက်ကွင်းပေါ်မှာတွေ့ဆုံခိုက် သူမရဲ့ အိမ်ထောင်ရေးအခြေအနေနဲ့ သူမတွေ့ကြုံဖြတ်သန်းခဲ့တဲ့ အနုပညာအကြောင်းအရာ တစ်ချို့နဲ့ ပတ်သက်ပြီးမေးဖြစ်ခဲ့တာကတော့
အခုရိုက်နေတဲ့ ဇာတ်ကားအကြောင်းလေး ပြောပြပေးပါ။
အခုက ဝဋ်ကြွေးမကျေချင်ပါဆိုတဲ့ ကားလေးပါ။ ကောင်းပြည့်နဲ့ရိုက်နေတာပါ။ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)။ ဒီကားမှာ အစ်မရဲ့ ကာရိုက်တာက လူကြီးဆန်ပြီး ရင့်ကျက်တဲ့ ဇာတ်ရုပ်ပုံစံ သရုပ်ဆောင်ထားပါတယ်။
မီးအိမ်ကဗျာဒီဗီဒီ အခွေက ပရိသတ်ရှေ့ဘယ်တော့လောက်ချပြမလဲ။
အစ်မတို့အနုပညာ ဘက်ကတော့ပြီးသွားပြီ။ ဒီအခွေလေးထဲမှာ အစ်မတို့ရဲ့ wedding ပုံတွေကို ပရိသတ်အတွက် အမှတ်တရ ဖြစ်အောင်လို့ ထည့်ပေးထားတယ်။ အချိန်ကြာနေတာ က အစ်မတစ်ချို့သီချင်းတွေ မကြိုက်ရင် ပြန်ဖြုတ်တယ်။ ပြန်ရိုက်တယ်။ အဲဒီလိုလေးတွေ လုပ်လိုက်ပေါ့။ အခုတော့ အားလုံးပြီးသွားပါပြီ။ ပရိုဂျူဆာဘက်က ဖြန့်ဖို့ပဲ ကျန်တော့တယ်။ ပရိုဂျူဆာဘက်က မဖြန့်သေးတာကလည်း အချိန်တစ်ခု စောင့်နေတာဖြစ်ပါလိမ့်မယ်။
မီးအိမ်ကဗျာ ဒီဗီဒီထွက်ရှိလာခဲ့ရင် ပရိသတ်အားပေးမှုအတိုင်းအတာ ကိုဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ။
ထွက်လာရင် ပရိသတ်တွေကြိုက်ကြမှာပါ။ ဒါပေမယ့် ဒီအခွေထဲမှာ ထူးခြားမှုအနေနဲ့ တစ်ချို့သီချင်းတွေကို documentary လေးတွေရိုက်ထားပါတယ်။ documentary ရိုက်တုန်းကလည်း မကြိုက်မချင်းကို ပြန်ပြန်ရိုက်ခဲ့တာ။ documentary ရိုက်တာကို ပရိသတ်ကြိုက်တာရှိမယ်၊ မကြိုက်တာ ရှိမှာပဲလေ။ အဲဒါကိုတော့ စောင့်နားထောင်ရမှာပေါ့။
မထရီဇာတို့ ဘယ်တော့လောက် ကလေးယူမယ်လို့စဉ်းစားထားလဲ။
လောလောဆယ်မှာတော့ ကလေးယူဖို့ အစီအစဉ်မရှိသေးပါဘူး။ အစ်မတို့နှစ်ယောက်စလုံးဘက်က ကလေးအတွက် ဆိုပြီးအရာရာ အဆင်သင့်ဖြစ်တဲ့ အချိန်ကျမှပဲ ကလေးယူဖို့ကိုစဉ်းစားမယ်။ အခုချိန်မှာ အစ်မတို့လင်မယားနှစ်ယောက်လုံးကလည်း အနုပညာအလုပ်တွေရော၊ ပရဟိတ အလုပ်တွေရော၊ လုပ်ချင်တဲ့အလုပ်တွေ တော်တော်များသေးလို့ပါ။
အိမ်ထောင်သက်တမ်း ခြောက်လကျော်သွားပြီ ဆိုတော့ လင်မယားနှစ်ယောက်က ဘယ်လိုအပေးအယူတွေနဲ့ တိုင်တိုင်ပင်ပင်ရှိကြသလဲ။
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖေးမကြတယ်။ နားလည်ကြပါတယ်။ အစ်မအားလပ်ရက်တွေမှာ အစ်ကို့ကို ထမင်း၊ဟင်းချက်ကျွေးချင်ရင် အစ်ကိုက ကူညီတယ်။ အိမ်သန့်ရှင်းရေး လုပ်ပေးတယ်။ အစ်မလုပ်ပေးတယ်ဆိုတာ အိမ်ထောင်သက်တမ်း ခြောက်လကျော်၊ ၇လကျော်မှာ လက်ချိုးရေလို့ရပါတယ်။ အဓိကကတော့ အပြန်အလှန် နားလည်မှုပါပဲ။
မထရီဇာအတွက် စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံခဲ့ရတဲ့ ဇာတ်ရုပ်တွေရှိရင်ပြောပြပေးပါ။
အစ်မသရုပ်ဆောင် စလုပ်ကတည်းက ကိုယ်လက်ခံနိုင်တဲ့ ကာရိုက်တာ။ ကိုယ်လုပ်နိုင်တယ် လို့ ထင်ရင် လုပ်လိုက်တယ်။ အရင်ကတည်းက ကြောက်ပြီး မရိုက်ရဲခဲ့တဲ့ ကာရိုက်မျိုးဆိုတာမရှိခဲ့ပါဘူး။ အခုလည်းမရှိပါဘူး။ အစ်မအတွက် ဇာတ်ကားတိုင်းက စိန်ခေါ်မှုတွေပါပဲ။ ဒီလောကထဲကိုစတင် ဝင်ရောက်လာပြီဆိုကတည်းက ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုပဲလေ။ အစ်မအတွက်တော့ ဒီလောကထဲကို စရောက်ရှိစဉ်အချိန်က ဆိုစိန်ခေါ်မှုတွေချည်းပါပဲ။ အရာရာသင်ယူလေ့လာရင်းနဲ့ ဖြတ်သန်းခဲ့တာပါ။ အရင်က အစ်မနဲ့ထပ်တူကျမယ့် ဇာတ်ကားတွေရိုက်ခဲ့တာမျိုးမှ မဟုတ်ပဲ ကိုယ်နဲ့ထပ်တူမကျတဲ့ ဇာတ်ကားတွေ ရိုက်ခဲ့ဖူးတာလည်းရှိခဲ့ပါတယ်။
ဒီနှစ်ထဲမှာရော ရုပ်ရှင်ကားကြီး ရိုက်ဖို့လက်ခံထားတာ ရှိပါသလား။
ရုပ်ရှင်ကားကြီးဆိုတာကတော့ ခေါ်မယ့်သူရှိမှ ရိုက်လို့ရတာမျိုးပါ။ အဲဒီ့တော့အစ်မက ရုပ်ရှင်ကားကြီးကို ငယ်သူမို့မသိပါ ရုပ်ရှင်ကားကြီးရိုက်ပြီးကတည်းက ကမ်းလှမ်းတာ မရှိတော့ မရိုက်ဖြစ်ပါဘူး။ ကမ်းလှမ်းတာ ရှိခဲ့တုန်းကလည်း အစ်မမကြိုက်တဲ့ ဇာတ်ရုပ်ပုံစံမျိုးတွေဖြစ်နေတော့ မရိုက်ခဲ့ဘူး။ ဒါပေမယ့် အစ်မကျေနပ်ပါတယ်။ အစ်မက ဘယ်ကားမဆို အစ်မပြန်ကြည့်လိုက်တိုင်း နောင်တရပြီး အကြိမ်ကြိမ်ရှက်နေရတာမျိုး မရှိခဲ့ဘူး။ အဲဒီလိုမျိုးတွေလည်း မလုပ်ချင်ဘူး။ အလုပ်တွေ ဆက်တိုက်ရှိနေဖို့အရေးထက် ကိုယ်လုပ်ခဲ့တဲ့အရာတွေ အကုန်လုံးက အဆင်ပြေပြေလေး ရှိခဲ့တယ်ဆိုရင် ကျေနပ်ပါပြီ။ အစ်မရိုက်ခဲ့တဲ့ကားတွေမှာ ဟာသဆိုလည်း image ကောင်းကောင်း၊ ဒရာမာဆိုလည်း image ကောင်းကောင်းမျိုးတွေပဲရိုက်ခဲ့တာဆိုတော့ အစ်မကဘဝကို ကောင်းမွန်တဲ့ image နဲ့ပဲ ဖြတ်သန်းချင် တဲ့လူမျိုးပါ။
Source:trend.com.mm
0 comments:
Post a Comment