တရားသူကြီး စာမေးပွဲရှိ၍ ကျောင်းသား (၂)ဦးအား အမှုမစစ်


တရားသူကြီး စာမေးပွဲ ဖြေဆိုရန် ရှိသောကြောင့် ဖမ်းဆီးခံထားရသော တကသ ကျောင်းသားနှစ်ဦး၏ ရုံးထုတ်တွင် အမှုမစစ် ဖြစ်ကြောင်း အကျိုးတော်ဆောင် ရှေ့နေ ဦးကျော်ဟိုးက The Messenger Media သို့ ပြောသည်။
      ယမန်နေ့က ပန်းဘဲတန်း တရားရုံး၌ ဖမ်းဆီးခံ တကသ ကျောင်းသား ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား ရုံးထုတ်ခဲ့ရာတွင် အမှုစစ်ဆေးမှု မပြုခဲ့ခြင်းနှင့် ပတ်သက်ပြီး အကျိုးတော်ဆောင် ရှေ့နေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
      “အရင်တစ်ပတ် ကတည်းက တရားသူကြီးက စာမေးပွဲရှိလို့ ရုံးချိန်းခွာချိန်းဖို့ ပြောပြီးသားပါ။ ဒါပေမဲ့ ကျောင်းသားတွေ အနေနဲ့ အကျဉ်းထောင်ထဲမှာ ဆိုရင် နေထိုင်ရတာ အဆင်မပြေလို့ ပုံမှန်အတိုင်းပဲ ချိန်းပေးဖို့ တောင်းဆိုထားလို့ ပြန်ချိန်းလိုက်တာပါ။ ရုံးချိန်းသက်သက်ပါ။ အမှု မစစ်ဖြစ်ပါဘူး”ဟု အကျိုးတော်ဆောင် ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
      ကျောင်းသားနှစ်ဦး၏ ရုံးထုတ်အား ပန်းဘဲတန်း တရားရုံးမှ အောက်တိုဘာလ (၂၀)ရက်နေ့သို့ ပြန်လည် ချိန်းဆိုလိုက်သည်။ လာမည့် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ကျောက်တံတား တရားရုံး၌ ရုံးထုတ်မည် ဖြစ်သည်။
      ကျောင်းသားနှစ်ဦးအား ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် တရားလိုဘက်မှ သက်သေနှစ်ဦးကို စစ်ဆေးနေပြီ ဖြစ်သော်လည်း ပြစ်မှုကျူးလွန်သည့် ထွက်ဆိုချက်များကို တိတိကျကျ ထွက်ဆိုနိုင်ခြင်း မရှိသေးကြောင်း အကျိုးတော်ဆောင် ရှေ့နေက ပြောသည်။
      “သူတို့စွဲဆိုထားတဲ့ အမှုအတိုင်းပဲ အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို ထိခိုက်တယ်။ အများပြည်သူ အနှောင့်အယှက် ဖြစ်တယ် ဆိုတော့ အထောက်အထား ခိုင်ခိုင်လုံလုံ ဘာပြနိုင်လဲဆိုတော့ ဘာမှ မပြနိုင်သေးပါဘူး”ဟု ၎င်းကပြောသည်။
      ရန်ကုန်မြို့၊ သိမ်ကြီးဈေးရှေ့တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် တပ်မတော်သား (၂၅)ရာခိုင်နှုန်း ထွက်သွားပေးရေး အတွက် ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် တကသ ကျောင်းသား ခေါင်းဆောင်နှစ်ဦး ဖြစ်သည့် ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင်နှင့် ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ကိုပိုင်ရဲသူတို့ကို ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆို ဖမ်းဆီးထားခြင်း ဖြစ်သည်။
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment