လေယာဉ်ပေါ်တွင် ဗုံးပါသည်ဟု စနောက်သူ လူငယ် အရေးယူခံရ


ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ဟတ်ယိုင်ကိုသွားမယ့် လေယာဉ်တစီးပေါ်မှာ ဗုံးပါတယ်လို့ လူရွယ်တဦးက စနောက်လိုက်တဲ့အတွက် လေယာဉ်ဝန်ထမ်းနဲ့ ခရီးသည်တွေကြား ထိတ်လန့်လှုပ်ရှားသွားပြီး အဲဒီလူရွယ်ကိုလည်း အာကာသ လေကြောင်းဥပဒေအရ အရေးယူလိုက်တယ်လို့ ချန်နယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဖိချစ် ဘွန်းဒိုင် အမည်ရှိ လူရွယ်ဟာ နိုဝင်ဘာ ၁ ရက်နေ့က ဟတ်ယိုင်မြို့ကိုသွားဖို့ Lion Airline ရဲ့ HL-8536 လေယာဉ်ပျံပေါ်တက်စဉ် သူ့ပစ္စည်းကို ကူညီ နေရာချထားပေးနေတဲ့ လေယာဉ်မယ်တဦးကို “သတိထား အထဲမှာဗုံးပါတယ်” လို့ ပြောဆိုလိုက်တဲ့အတွက် ထွက်ခွါစပြုနေတဲ့ လေယာဉ်ကို ရပ်နားပြီး ခရီးသည်အားလုံးနဲ့ အထုပ်အပိုးတွေ အားလုံးကို တဦးချင်း တခုချင်း ပြန်လည်စစ်ဆေး ရှာဖွေခဲ့ကြပါတယ်။

စစ်ဆေးမှုမှာ ဗုံးနဲ့ ပေါက်ကွဲစေတဲ့ပစ္စည်း တစုံတရာ မတွေ့ရပေမယ့်လည်း ဒီဖြစ်ရပ်ကြောင့် လေယာဉ်ခရီးစဉ် ၆ နာရီကြာ နှောင့်နှေးခဲ့ရပြီး တခြားခရီးစဉ်တွေပါ နောက်ဆုတ် ပျက်ပြားသွားခဲ့ရတဲ့အတွက် တန်ဖိုးသိန်းနဲ့ချီ ဆုံးရှုံးခဲ့ရတယ်လို့ လေကြောင်းတာဝန်ရှိသူက ပြောပါတယ်။

အခုလို လေယာဉ်စီးခရီးသည်တွေ အထိတ်တလန့်ဖြစ်အောင်၊ ခရီးစဉ်ပျက်ပြားအောင် ဆောင်ရွက်သူအနေနဲ့ ထိုင်းလေကြောင်းဆိုင်ရာ အက်ဥပဒေပုဒ်မ ၂၂ နဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။

အဲဒီဥပဒေအရ လေယာဉ်ပေါ်မှာ လေယာဉ်မတက်ခင် နှောင့်ယှက်ရင် ထောင်ဒဏ် ၅ နှစ်ထိ ဒါမှမဟုတ် ဘတ်ငွေ ၂ သိန်းထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရမှာဖြစ်ပြီး လေယာဉ်ပျံသန်းစဉ် နှောင့်ယှက်ရင်တော့ ထောင်ဒဏ် ၅ နှစ်မှ ၁၅ နှစ်ထိ ဒါမှမဟုတ် ဘတ်ငွေ ၂ သိန်းမှ ၆ သိန်းထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဒီလိုဖြစ်ရပ်မျိုး အရင်က မရှိခဲ့ဘူးတဲ့အတွက် ဒီလူငယ်ဟာ ဒီဥပဒေပုဒ်မမှာ ပထမဆုံးအကြိမ် အပြစ်ပေး အရေးယူခံရသူလည်း ဖြစ်ပါတယ်။

ကျူးလွန်သူ နိုင်းဖိချစ် ဘွန်းဒိုင်ကလည်း သူဟာ လစာ ၁၀၅၀၀ သာရတဲ့ မီးရထားဝန်ထမ်းတဦးဖြစ်ကြောင်း၊ အရင်က လေယာဉ်ပျံ တကြိမ်တခါမှ မစီးဘူးခဲ့ဘဲ အဲဒီနေ့က သူငယ်ချင်းတယောက်ရဲ့ မင်္ဂလာဆောင်ကို လေယာဉ်နဲ့ သွားဖို့ပြင်နေစဉ် လေယာဉ်မယ် ချောချောလေးကို တွေ့တာနဲ့ စနောက်လိုက်တာဖြစ်ကြောင်း၊ အခုလို ပြဿ နာရှိမယ်၊ ဥပဒေနဲ့ ငြိစွန်းမယ် ဆိုတာလည်း မသိခဲ့ကြောင်း၊ သူ့ကြောင့် အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့ လေယာဉ်ဝန်ထမ်းတွေ၊ ခရီးသည်တွေ အားလုံးကိုလည်း တောင်းပန်ကြောင်း၊ နောက်နောင် ဒီလိုမလုပ်တော့ပါဘူးဆိုတဲ့ ကတိကိုလည်း ပေးခဲ့ပြီး ထိုင်းနိုင်ငံမှာ ဒီဖြစ်ရပ်မျိုး ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်စေဖို့ သူ့ကို နမူနာယူကြပါလို့ တာဝန်ရှိ ရဲတပ်ဖွဲ့ရှေ့မှာ ၀န်ချတောင်းပန်ခဲ့ပါတယ်။

Source:Dvb Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment