လွှတ်တော်သက်တမ်း ၅ နှစ်အတွက် ကျေနပ်မိကြောင်း သူရဦးရွှေမန်း ပြောကြား


ဇန်နဝါရီလ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း လွှတ်တော်တက်ရောက်စဉ် Photo: Myo Thant Khaing/RFA
ပြီးခဲ့တဲ့လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း မိမိအနေနဲ့ လွှတ်တော်အောင်မြင်မှုရအောင် ကြိုးစားခဲ့ကြောင်းနဲ့ ဒဏ်ရာဒဏ်ချက်တွေရခဲ့ပေမယ့် ကျေနပ်အားရမိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော် နောက်ဆုံးနေ့ကျင်းပရာမှာ လွှတ်တော်မှာရှိတဲ့ပါတီ ၁၈ ပါတီကို ကိုယ်စားပြုပြီး ကိုယ်စားလှယ်တစ်ဦးချင်းစီက နှုတ်ခွန်းဆက်စကားပြောခဲ့တာဖြစ်ပါတယ်။ အားလုံးပြောအပြီးမှာ သူရဦးရွှေမန်းက လွှတ်တော်နဲ့ပတ်သက်ပြီး ရင်ဆိုင်ကြုံတွေ့ရတာကို ပြောရမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"ကြိုးစားရင်း ကြိုးစားရင်နဲ့ ကျနော့်မှာလည်း ဒဏ်ရာဒဏ်ချက်တွေ အများကြီးရပါတယ်၊ အဲ့ဒီလိုပဲ ကျနော်နဲ့ နီးစပ်တဲ့လူလည်း ဒဏ်ရာဒဏ်ချက်တွေ အများကြီးရပါတယ်၊ ဒါပေမဲ့ ကျနော်ကျေနပ်တယ်၊ ဘာကြောင့်လဲ၊ ကျနော်မှန်ကန်စွာကြိုးစားတယ်၊ စေတနာထားတယ်၊ အဲ့ဒါကြောင့်မို့ ခုနကတင်ပြဆွေးနွေးသွားတဲ့နေရာ မှာ ကျနော့်နာမည်တွေ အများကြီးသုံးပါတယ်၊ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီလိုအောင်မြင်မှုတွေရခြင်းဟာ အားလုံးရဲ့ပူးပေါင်းပါဝင်မှုဆိုတာပဲ ကျနော်ပြောချင်ပါတယ်"

လွှတ်တော်က ဥပဒေတွေ ပြဌာန်းခဲ့ပေမယ့် အဲ့ဒီဥပဒေတွေကို အကောင်အထည်ဖေါ်ရမယ့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းပြီးပြီလား၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက လိုက်နာကြရဲ့လားဆိုတာဟာ အမြဲတမ်းလွှတ်တော်ဘက်က စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ အဲ့ဒီလိုမလုပ်နိုင်ခဲ့ဘူးဆိုရင် လွှတ်တော်ရဲ့ အားနည်းချက်ဖြစ်ကြောင်း၊ စိန်ခေါ်မှုတွေဖြစ်ကြောင်း ပြောပါတယ်။

လာမယ့် အစိုးရသစ်လက်ထက် လွှတ်တော်တွေဟာ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်တွေထက် ပိုကောင်းလာ မှာဖြစ်ကြောင်း အနိုင်ရပါတီအနေနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အောင်မြင်အောင် ဆောင်ရွက်သွားရ မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ၅နှစ်သက်တမ်း လွှတ်တော်ရဲ့ ထူးခြားချက်တွေကို ပြောရာမှာ လွှတ်တော်ကိုယ်စားလှယ် သေဆုံးသူ ၉ ဦးရှိခဲ့ကြောင်းနဲ့ လွှတ်တော်နောက်ဆုံးနေ့မှာ ခွင့်ယူတဲ့ ကိုယ်စားလှယ် ၂၇ ဦးသာရှိကြောင်း၊ အိပ်ငိုက်တဲ့ ကိုယ်စားလှယ် မရှိဘဲ စိတ်ဝင်တစားရှိကြကြောင်း ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် အဟောင်းတွေအနေနဲ့ လာမယ့်လွှတ်တော်တွေကို ပိုအားကောင်းအောင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြဖို့ကိုလည်း သူရဦးရွှေမန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment