တရားမ၀င် သိုလှောင်ထားသည့် လက်နက်ခဲယမ်းများ မော်လမြိုင်၌ ဖမ်းဆီးရမိ


မော်လမြိုင်၊ ဖေဖော်ဝါရီ ၁

မော်လမြိုင်မြို့၊ ဇေယျာမြိုင် ရပ်ကွက်တွင်းရှိ နေအိမ်တစ်အိမ်၏ မြေအောက်ခန်း ရေအနက် (၂) ပေ အောက်တွင် တရားမဝင် ဝှက်၍ သိုလှောင် ထားသော လက်နက် အတို၊ အရှည် မျိုးစုံ (၈) လက်နက် ဆက်စပ် ခဲယမ်း မီးကျောက်များကို ဇန်နဝါရီလ (၂၉) ရက်နေ့က ညက ဖမ်းဆီး ရမိခဲ့ကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
“ဒီဖမ်းဆီး ရမိမှုဟာ မော်လမြိုင်ရဲ့ တရားမဝင် လက်နက် ဖမ်းဆီးမှု ထဲမှာ အရေ အတွက် အများကြီးထဲက တခုပေါ့” ဟု ၎င်း ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

မွန်ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့မှ ဗိုလ်မှူး မင်းမြင့်နိုင် (ခ) နိုင်ကိုနိုင်၏ နေအိမ်သို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ ၊ အရှေ့တောင်တိုင်း စစ်ဌာန လက်အောက်ခံ စရဖ တပ်ဖွဲ့ဝင်များ အပါအဝင် ပူးပေါင်း အင်အား (၂၀) ဝန်းကျင် ခန့်ဖြင့် ဖမ်းဝရမ်းဖြင့် သွားရောက် ဖမ်းဆီးစဉ် ယခုကဲ့သို့ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

မင်းမြင့်နိုင်အား ဝင်ရောက် ဖမ်းဆီးစဉ် ခုခံ ခဲ့ခြင်း မရှိပဲ အသာတကြည်ပင် အဖမ်းခံခဲ့ကြောင်း ဖြစ်ရပ်တွင် ပါဝင် ခဲ့သည့် အမည်မဖော်လိုသူ တာဝန်ရှိသူ တဦးက ပြောသည်။
“ကျွှန်တော်တို့ ဝင်ဖမ်းတယ်၊ သူ့ကို မေးတော့ အဖွဲ့တခုကို ရောင်းဖို့ အတွက်လို့ ထွက်ဆိုတယ်၊ အသာတကြည်ပဲ အဖမ်းခံတယ်၊ ခုခံတာ မရှိဘူး၊ ဒါပေမယ့် ကျွှန်တော်တို့ အိမ်ကို ဝိုင်းပြီး (၁၀) မိနစ်လောက် တံခါး ခေါက်ပြီးမှ သူ့မိန်းမက လာဖွင့်ပေးတယ်” ဟု အမည်လိုသူ တာဝန်ရှိသူက ဆိုပါသည်။

အိမ်ရှေ့တွင် ရပ်ထားသော မော်တော်ယာဉ်၏ ယာဉ်မောင်း ထိုင်ခုံပေါ်မှ ၉ မမ ပစ္စတိုတစ်လက် ကျည် ၅တောင့်၊ ပွိုင့် ၃၂ ပစ္စတို တစ်လက် ကျည် ၇ တောင့်နှင့် ကားနောက်ခန်းအတွင်းမှ အမ် ၁၆ တစ်လက်ကျည် ၂၁ တောင့်ပါ ကျည်အိမ်တို့ကို ကားတွင်းမှ တွေ့ရှိ ခဲ့ရသည်။

ဆက်လက်၍ နေအိမ် အတွင်းသို့ ဆက်လက်ရှာဖွေရာ နေအိမ်ဘယ်ဘက်ခန်းရှိ မြေအောက်ခန်းအတွင်းမှ ရေအနက် ၂ ပေခန့်တွင် နှစ်မြုပ်ဝှက်ထားသော အေကေ ၄၇ အမျိုးအစားသေနတ်တစ်လက် (ကျည်အိမ်ပါ)၊ အမ်၁၆ အမျိုးအစားသေနတ်တစ်လက် (ကျည်အိမ်ပါ)၊ ၉လုံးကျည် (၀င်ချက်စတာအမျိုးအစား) သေနတ် ၂ လက် (ကျည်အိမ်ပါ)၊ စတီဗင် အမျိုးအစား စနိုက်ပါတပ်လျက် လေသေနတ် တစ်လက်နှင့်
ယင်းသေနတ် များ၏ ဆက်စပ် ခဲယမ်း မီးကျောက်များကို ဖမ်းဆီး ရမိခဲ့သည်။

ဇန်န၀ါရီ ၃၀ ရက်နေ့တွင် မင်းမြင့်နိုင် (ခ) နိုင်ကိုနိုင်အား ဇေယျာသီရိနယ်မြေရဲစခန်းမှ (ပ) ၆/၂၀၁၆၊ လက်နက် (ယာယီ) ပြင်ဆင်ချက်အက်ဥပဒေ ပုဒ်မ ၁၉-က အရ အရေးယူထားကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများမှ သိရှိရသည်။

(ဓါတ်ပုံ အညွှန်း – မင်းမြင့်နိုင်၏ နေအိမ် အတွင်းမှ ဖမ်းဆီး  ရမိသည့် တရားမဝင် လက်နက်ခဲယမ်း များအား တွေ့ရစဉ်)

Written by – သားကြီး
Hinthar Media Corporation
http://www.hintharmedia.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment