နည်းပညာကျောင်းသူအား လည်ပင်းညှစ် သတ်ဖြတ်ကာ အလောင်း ဖျောက်ဖျက်ထားခဲ့သည်ဟု သူ၏ရည်စားက ၀န်ခံထွက်ဆို


မှော်ဘီနည်းပညာ တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်းသူနှင့် သူ၏ ရည်းစားဖြစ်သူတို့ လက်ထပ်ရန်ကိစ္စနှင့် ပတ်သက်ပြီး အချင်းများ ရန်ဖြစ်ရာမှ လည်ပင်းညှစ် သတ်မှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့မ ရဲစခန်းမှ သတင်းရရှိသည်။

သေဆုံးသူသည် ဇန်နဝါရီလ ၂၆ ရက်နေ့က ဖုန်းပြောရင်း နေအိမ်မှ အပြင်သွားရာ ပြန်မလာသဖြင့် ၄င်း၏မိဘများက သက်ဆိုင်ရာ ရဲစခန်းသို့ လူပျောက်တိုင်ကြားခဲ့ရာ သေဆုံးသူ ကျောင်းသူ၏ ရုပ်အလောင်းအား အင်းစိန်မြို့နယ်နှင့် မရမ်းကုန်မြို့နယ် ကြားရှိ လေကြောင်း ကာကွယ်ရေးတပ် ခြံစည်းရိုးအနီးတွင် ပြန်လည်တွေ့ရှိခဲ့သည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူအား ယမန်နေ့က ဖမ်းဆီးရမိခဲ့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ပြစ်မှုကျူးလွန်သူ သူထက်နိုင်က ၄င်းတို့နှစ်ဦးမှာ သမီးရည်းစား ဖြစ်ကြောင်း၊ လက်ထပ်ရန်ကိစ္စမှ စတင်ကာ စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ၄င်းက မိန်းကလေးအား လည်ပင်းညှစ်ရာမှ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း စခန်းတွင် ထွက်ဆိုထားသည်ဟု သိရသည်။

"အဲဒီနေ့ (ဇန်နဝါရီ ၂၆) ညနေက စကားများပြီး ရန်ဖြစ်တယ်။ ကောင်မလေးကို လည်ပင်းညှစ် သတ်တယ် ၊ အလောင်းကို လေကြောင်းကာကွယ်ရေး တပ်နားမှာ ညနေ ၆ နာရီလောက် လာပစ်တယ်လို့ ထွက်ဆိုထားပါတယ်" ဟု ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူ ကျောင်းသူမှာ အသက် ၂၂ အရွယ်ရှိကာ နည်းပညာ တက္ကသိုလ်(မှော်ဘီ)တွင် တတိယနှစ် စက်မှုပညာရပ်အား အထူးပြုသင်ကြားနေသူ မမြတ်သင်းကြူဖြစ်ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့က ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူ သူထက်နိုင် ( ခ ) သူရအောင် အသက် ၂၁ နှစ်မှာ မော်ဒယ်လ် အနုပညာအဖြစ် ရပ်တည်သွားရန် အစီအစဉ်ရှိသူ တစ်ဦးဖြစ်ပြီး မမြတ်သင်းကြူနှင့် ၂၀၁၅ ခုနှစ်အတွင်း လူမှုကွန်ရက်မှတစ်ဆင့် ရင်းနှီးချစ်ကြိုက် ကြခြင်းဖြစ်ကာ မိန်းကလေးက လက်ထပ်ရန် တောင်းဆိုရာမှ စကားများရန်ဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းထွက်ဆိုချက်များအရ သိရသည်။

ပြစ်မှုကျူးလွန်သူအား အင်းစိန်မြို့မ ရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်း - မျိုးမင်းပိုင်
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment