မောင်တင်ဦးပေးတဲ့ ရိုက်ကွင်းပေါ်က သင်ခန်းစာ

သင်္ကြန်မိုးဇာတ်ကားဟာ နှစ် ၃ဝကြာခဲ့ပါပြီ။ ဒါပေမယ့် အကယ်ဒမီဇင်ဝိုင်းတစ်ယောက် သူ့ရဲ့ပထမဆုံး ကင်မရာရှေ့သရုပ်ဆောင်တဲ့နေရာမှာ သင်ခန်းစာအကြီးအကျယ် ရခဲ့ပါတယ်။ ဦးသုခက အံ့ကျော်ကို ဘယ်သူပြိုင်လို့ လှပါတော့နိုင်ဇာတ်ကားမှာ မောင်းခဲ့တဲ့ပုံစံနဲ့တော့မတူဘဲ မောင်တင်ဦးက သူ့ကို မောင်းခဲ့တဲ့ပုံစံက ဘယ်လိုလဲ။
ဘဘဦးသုခက ဦးအံ့ကျော်ကို ဘယ်လိုမောင်းလဲဆိုတော့ အသုံးလုံးသင်တဲ့ ဆရာမလေးတွေအပြန် ထန်းလျက်တောင်းလိုက်ပေးတဲ့အခန်းမှာ အုတ်ခဲတွေတောင်းထဲထည့်ပြီး လယ်ကွင်းထဲ လေးငါးပတ် ပြေးခိုင်းတယ်။ ပြီးမှ Scene ပေါ်ခေါ်ပြီး ရိုက်တယ်။ ဒါမျိုးမောင်းခဲ့လို့လည်း ဦးအံ့ကျော် အကယ်ဒမီရခဲ့တယ်”
ကျနော့်ကို ဆရာမောင်တင်ဦး သင်္ကြန်မိုးမှာ မောင်းခဲ့တာကြတော့ တစ်မျိုးဗျ။ ကျနော့်ကို မင်းသားရွေးပြီးတာနဲ့ သူ့အနားမှာ ရုပ်ရှင်နဲ့ပတ်သက်တာတွေ လေ့လာဖို့ ၇နှစ်လောက် ခေါ်ထားတယ်။ မီးထိုး၊ မှန်ထိုး၊ မှတ်တမ်းရေး၊ ဇာတ်ညွှန်းနဲ့ လက်ထောက်အယ်ဒီတာအထိ သင်တာပေါ့ဗျာ။ ကျနော်လည်း ဒီပညာတွေစုံတော့ ကိုယ့်ကိုကိုယ် အထင်ကြီးနေတယ်။ ကင်မရာရှေ့တော့ မရောက်သေးဖူးပေါ့ဗျာ”
ဒါနဲ့ သင်္ကြန်မိုးဇာတ်ကားကြီးလည်း ရိုက်ရော ပထမဆုံး ကင်မရာရှေ့ရောက်တဲ့အခါ ဦးငြိမ်းမောင်ဆိုတဲ့ အဖေအရက်သမားကြီးစကားပြောတဲ့အခန်းကို ရိုက်တယ်။ ဒါကို ကျနော်က ကိုယ့်ကိုကိုယ် တတ်တယ်ထင်တဲ့စိတ်နဲ့လုပ်တာ လုပ်လို့မရဘူး။ တကယ်တမ်း သင်္ကြန်မိုးမှာ ကျနော်လုပ်ရတဲ့ သက်ထွေးဆိုတဲ့ကောင်လေးက မိဘနဲ့ချစ်သူကြား၊ ချစ်သူနဲ့ဂီတကြား ဗျာများရတဲ့ သက်ထွေးပေါ့ဗျာ။ အဲဒီကြားသုံးကြားမှာ စိတ်နှလုံးပြိုကွဲပြီး အကြီးအကျယ်ခံစားရတဲ့ အခန်းဗျ။ လုပ်ရမှာက အကြီးကြီး။ ဒါကို လွယ်တယ်ထင်ခဲ့တယ်။ တကယ်လုပ်တော့ မလွယ်ဘူး။ မရဘူး”
အဲဒီမှာ ဆရာမောင်တင်ဦးက မီးတွေပိတ်ပြီး သိမ်းလိုက်တော့ကွာလို့ အဖွဲ့သားတွေကို ပြောလိုက်တယ်။ အဲဒီတုန်းက ရဟန်းပျိုကျောင်းထဲမှာ ဆက်တင်တွေ အသေအချာဆင်ပြီး ရိုက်တာ။ သူက ဘာပြောလဲဆိုတော့ … ဒီမှာဇင်ဝိုင်း။ ငါက သူများတွေလို တတ်နိုင်တာမဟုတ်ဘူး။ ငွေပုံပြီး ရိုက်နေတာ မဟုတ်ဘူး။ ၇နှစ်လောက် ကျွန်ခံပြီးမှ ဒီအခွင့်အရေးကို ရခဲ့တာကွ။ ငါ့လက်ထဲမှာ ဒီကျည်တစ်တောင့်ပဲ ရှိတယ်။ သူများတွေလို အတွဲလိုက် ပစ်နိုင်တာမဟုတ်ဘူး။ အတွဲလိုက်ပစ်တာက တစ်ကောင်မဟုတ် တစ်ကောင်ထိမှာ။ ငါ့မှာ တစ်တောင့်တည်းနဲ့ထိအောင်ပစ်ရမှာလို့ ပြောတယ်။ သူက ထမင်းလည်း မစားဘူး။ တော်တော်ကို စိတ်ဒုက္ခရောက်နေတဲ့ပုံပဲ”
ခဏကြာတော့ အေးသိန်း (ချစ်မင်းလူ)ရေ … လာဆိုပြီး ကင်မရာမင်းကို ခေါ်လိုက်တယ်။ ရလိုရငြား ရိုက်ကြည့်တာပေါ့ကွာဆိုပြီး ရိုက်ကွင်းပြန်စတယ်။ အဲဒီမှာ ဆရာမောင်တင်ဦးစိတ်တိုင်းကျ ကတ်တွေရသွားတယ်။ ဒီနည်းတွေဟာ ဆရာမောင်တင်ဦးလုပ်နေကျနည်းနေတွေဆိုတာ ကျနော်သိနေတယ်ဗျ။ ဒါပေမယ့် ဒီတစ်ခါ ကျနော်ကိုယ်တိုင် မသိလိုက်ဘူး။ ဒီလို စိတ်ဓာတ်စစ်ဆင်ရေးနဲ့ သင်္ကြန်မိုးဇာတ်ကားကြီးကို ဆရာမောင်တင်ဦး ကောင်းသထက်ကောင်းအောင် ကြိုးစားရိုက်ကူးခဲ့တာပါ။ ဒါဟာ ဒါရိုက်တာကောင်းတစ်ယောက်ရဲ့ အရည်အချင်းပါပဲ”

(ရွှေညာခိုင်စိုး)

Source :  kamayutmedia.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment