ဘတ်စ်ကားပေါ်မှာ စိတ်ညစ်စရာ

ကျွန်မ သိတတ်စ အရွယ် ကတည်းက အိမ်အတွက် တစ်ပတ်စာ ကုန်ကြမ်း ပစ္စည်းတွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ် စသဖြင့် ဥပုသ် တစ်ပတ်စာကို ဒီမြို့မှာ နေတဲ့သူတွေ အားလုံး လိုလိုပါပဲ မန္တလေး ဈေးချိုတော်ကြီး ကိုသွားပြီး ဈေးဝယ်ထွက် ကြပါတယ်။ ဒါ့ပြင် အဝတ်အစား၊ ဆေးရုံ ဆေးတိုက် ကစပြီး သွားလာကြ ရပါတယ်။ မန္တလေး - အမရပူရ ကလဲ ခုနစ်မိုင်သာ ဆိုတယ် သိပ်မဝေးပါဘူး။ အခု တိုးတက်တဲ့ ခေတ်ကြီးမှာ လမ်းဘေးဝဲ၊ ယာ လူနေအိမ်တွေ အပြည့်ပါပဲ၊ မြေလွတ်နေရာ ဆိုတာ မရှိပါဘူး။ ကား၊ ဆိုင်ကယ် ဆိုတာ အချိန်ပြည့် သွားလာ နေကြတာပါ။ မြို့အင်္ဂါရပ် နဲ့အညီ လိုင်းကား တွေဆိုတာလဲ အမြဲတမ်း လိုလို မပြတ်ပါဘူး။

ကျွန်မတို့ ကတော့ ကား၊ ဆိုင်ကယ် မရှိတော့ ဘာ အကြောင်းပဲ ဖြစ်ဖြစ် ဘတ်စ်ကားနဲ့ပဲ သွားရ ပါတယ်။ ကျွန်မတို့လို သွားကြတဲ့ သူတွေလဲ အများကြီးပါ။ မိမိ သွားချင်တဲ့ နေရာကို အသာလေး ထိုင်လိုက် သွားရုံပါပဲ။ ကိုယ် ဆင်းချင်တဲ့ နေရာ ရောက်တော့ ဆင်းလိုက်ရော ဘယ်လောက် အဆင်ပြေ သလဲ။ ကျွန်မတို့ ဒီလိုနဲ့ပဲ သွားလာ နေတာအတော်ကြာ ပါပြီ။ ကျွန်မတို့ ကြားဖူးတာ ခါးပိုက်နှိုက် ဆိုတာ ရန်ကုန်မြို့ကြီး မှာသာ ရှိတယ် လို့ ကြားဖူး ပါတယ်။ အမရပူရ - မန္တလေး လောက်ကတော့ မရှိလောက် ဘူးလို့ ထင်ပါတယ်။ အခု ကြားနေ ရပါတယ်။ ကျွန်မတို့ မြို့က ကုန်သည်တွေ ဈေးချိုတော်ကို သွားပြီး ကုန်ရောင်းကြ၊ ဝယ်ကြတဲ့ သူတွေ ခါးပိုက် အနှိုက်ခံကြ ရပါတယ်။ သတိရလို့ ကြည့်လိုက်ရင် မိမိ ပိုက်ဆံက မရှိတော့ဘူး။ ကိုယ်က ဆင်ခြင် ရမှာပေါ့။ ကိုယ့်အိတ်ထဲက နှိုက်တာပဲ အနှိုက်မခံ ရအောင် မိမိက လုံခြုံအောင် သိုဝှက် ထားရမှာက မိမိ တာဝန်ပဲ မဟုတ်လား။

ဒီကိစ္စက အသာထားပါအုံး၊ ကျွန်မ ပြောချင်တာက တစ်နေ့က မွန်းလွဲ ၂ နာရီ လောက်မှာ တူမလေးနဲ့ လိုင်းကားစီးပြီး တိုင်းရင်း ဆေးခန်းကို သွားပါတယ်။ ဆေးခန်းက အပြန် ဘတ်စ်ကား ပေါ်မှာ အလွန် ဆိုးရွားတဲ့ သူတစ်ယောက် နဲ့ တွေ့ခဲ့ရ ပါတယ်။ ကျွန်မတို့ တူဝရီး နှစ်ယောက် ကတော့ မန္တလေးကနေ စပြီး စီးလာခဲ့ တာပါ။ ကားကလဲ ခပ်ကျပ်ကျပ်ပါ ကျွန်မကတော့ ကားရဲ့ အလယ်တန်း ကနေ ထိုင်ရပါတယ်။ တူမလေး ကတော့ ဘေးတန်း ကနေ ကျွန်မနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက် ခဲ့ရပါတယ်။ တစ်ယောက်ဆင်း တစ်ယောက်တက် ဘတ်စ်ကား ဆိုတော့ အဆင်ပြေ သလို လိုက်ပါစီးနင်း ကြရပါတယ်။ ခဏ အကြာမှာ လူငယ် တစ်ယောက် လမ်းကနေ တက်လာ ပါတယ်။ ကားပေါ်ကို တက်လာပြီး အလယ်တန်းက ကျွန်မ ထိုင်နေတဲ့ ဘေးကို အတင်းတိုးပြီး ထိုင်ပါတယ်။ လူကတော့ ခပ်ငယ်ငယ် လူတစ်ယောက်ပါ၊ အသားက ခပ်ဖြူဖြူနဲ့၊ နှုတ်ခမ်းမွေး ခပ်ရေးရေးနဲ့၊ ဆံပင်က အခုခေတ် လူငယ်တွေ ပြုလုပ် နေကြတဲ့ တစ်ခေါင်းလုံး ကျစ်ဆံမြီးကို စက်နဲ့ကျစ် ထားပါတယ်။ လက်တွေကလဲ တက်တူးတွေ ထိုးထား သေးတယ်။ ရုပ်ရည်ကတော့ သနားကမားနဲ့။

ကျွန်မ အသာလေး တိမ်းပေး လိုက်ပါတယ်။ ကျွန်မတို့ ဘတ်စ်ကား စီးရင် အလယ်တန်း နဲ့ ဘေးတန်း ကတော့ အဆင်ပြေ သလို ဒူးချင်းတေ့ တာက တစ်မျိုး၊ သူ့ဒူး ကိုယ့်ဒူး ညှပ်ပြီး ထိုင်တာက တစ်မျိုး၊ အဆင်ပြေ သလို စီးကြ ရပါတယ်။ ကျွန်မကတော့ တူမလေးနဲ့ ဒူးချင်းညှပ်ပြီး စီးလာ ကြပါတယ်။ လူငယ်ကတော့ ကျွန်မကို ခဏခဏ အတင်း တိုးပါတယ်။ ကျွန်မကတော့ ငါ့လို အဘွားကြီးနား ကပ်တာ ကတော့ ခါးပိုက်နှိုက်လား ဘာလား၊ မိမိပါလာတဲ့ ဆေးအိတ်လေး နဲ့ ပိုက်ဆံအိတ် လေးကို အသာလေး ဆုပ်ထား လိုက်ပါတယ်။ ခဏလေး တင်ပဲ တူမလေးဒူး ကိုအတင်းခွတော့ တာပါပဲ။ တူမလေး ကတော့ မျက်လုံးဝိုင်းဝိုင်း နဲ့ ကျွန်မကို အားကိုးတဲ့ မျက်နှာနဲ့ ကြည့်လိုက် လမ်းဘက်ကို ကြည့်လိုက်နဲ့ လုပ်နေပါတယ်။ ဒါနဲ့ ကျွန်မက တစ်ချက်လေးပဲ လူငယ်ရဲ့ မျက်နှာကို မတည်မပြုံးနဲ့ ခပ်ဆတ်ဆတ် ခပ်ကြာကြာလေး ကြည့်ပေးလိုက်ပါတယ်။ လူငယ်က ကားကျပ်တဲ့ အခွင့်အရေးကို အရယူ နေပါတယ်။ ကျွန်မတို့ နောက်ကျောက တစ်ယောက် ဆင်းသွား ပါတယ်။ တစ်မှတ်တိုင် တစ်ယောက် ဆင်းလိုက် တက်လိုက်နဲ့ ဘတ်စ်ကား စီးလာခဲ့တာ လူငယ် ကျွန်မ နောက်ကျောက ခုံကို ပြောင်းထိုင် လိုက်ပါတယ်။

ကျွန်မ အတော်လေး စိတ်အေး သွားပါတယ်။ ဒါပေမဲ့ ဒီလူငယ် ကတော့ သူလုပ်ရမယ့် လုပ်ငန်းကို ဆက်လုပ် နေသလားတော့ မသိဘူး။ သူပြောင်းထိုင် သွားတဲ့ အလယ်တန်းခုံကို ခြေထောက် တစ်ဖက်တင် သူ့ပေါင် တစ်ခြမ်းကို ကားထားပြီး မဖွယ်မရာ လုပ်ကြံ နေပါတယ်။ မျက်နှာချင်း ဆိုင်မှာလဲ သီလရှင် လေးတွေလဲ ရှိကြပါတယ်။ ကျွန်မ ကတော့ သူ့ကို ကျောခိုင်း ထားတော့ သေချာ မမြင်မိ ပါဘူး။ မျက်နှာချင်း ဆိုင်က တူမလေး အပါအဝင် တခြား အမျိုးသမီးလေး တွေကလဲ မျက်စိ မျက်နှာပျက် နေကြပါတယ်။ ကျွန်မကတော့ ထင်ပါတယ်။ ဒီအကောင် တစ်ခုခု လုပ်ပြနေပြီ လို့။ ကျွန်မ မသိမသာ စောင်းကြည့် လိုက်တော့မှ ကျွန်မ ထင်ထားတဲ့ အတိုင်းဖြစ်နေ ပါတယ်။ သူဒီလို လုပ်ပြနေတာ သူ့အတွက် ဘာအကျိုးများ ရသလဲ မသိပါ။ ဘယ်လို အဆင့်အတန်း ဘယ်လို အတွေးနဲ့များ လုပ်ပြ ရတာလဲ။ တော်တော် လေးကို အောက်တန်းကျတဲ့ လူငယ် တစ်ယောက် ပါလားလို့ မှတ်ချက်ချ မိပါတယ်။

ဒီလိုနဲ့ ဘတ်စ်ကား စီးလာ ခဲ့ကြတာ ကျွန်မတို့ တူဝရီး ဆင်းရမယ့် နေရာ ရောက်လာ တော့မှ ကျွန်မရဲ့ တူမလေး လက်ကို ဆွဲပြီး မြန်မြန်လေး ဆင်းလာ ခဲ့ကြပါတယ်။ ကျွန်မ သက်ပြင်းများ ပင် ချလိုက်ရ ပါတယ်။ အမြဲတမ်း ဒီလိုကိစ္စမျိုး တွေကြုံတွေ့ နေကြရ ပါတယ်။ တစ်ယောက် တစ်မျိုး အမျိုးမျိုး ပြောနေကြ ပါတယ်။ ဘတ်စ်ကား ပေါ်မှာ စိတ်ညစ် စရာတွေ အမျိုးမျိုး ကြုံတွေ့ နေကြ ရပါတယ်။ ကားပေါ်မှာ ဒီလိုလူမျိုး ပါလာတော့လဲ ကျွန်မတို့လို မိန်းမသား တွေလဲ မတတ်နိုင်ပါ။ ဘယ်သူ့ကို အကူအညီ တောင်းရမှန်း မသိပါ။ ရှက်စိတ် တစ်မျိုး၊ ကြောက်စိတ်က တစ်မျိုးနဲ့ မိမိ ဆင်းရမယ့် နေရာ ရောက်မှသာ ဆင်းလာခဲ့ကြ ရပါတယ်။

ဒီလို မကောင်းတဲ့ အကျင့်စရိုက် တွေကို နိုင်ငံခြားသားတွေ မြင်တွေ့ သွားလို့ကတော့ အလွန်ပင် ရှက်စရာ ကောင်းလှ ပါတယ်။ ကျွန်မတို့လို ဘတ်စ်ကား စီးပြီး ခရီးသွား ကြတဲ့ ဝန်ထမ်း အမျိုးသမီးတွေ၊ ဈေးဝယ် ဈေးသွားတွေ အကြောင်း အမျိုးမျိုးကြောင့် သွားလာ ကြရတဲ့ သူတွေအားလုံး ကို အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် သတိထားပြီး သွားကြဖို့ ကျွန်မရဲ့ အတွေ့အကြုံ လေးကို ရေးသား တင်ပြ လိုက်ရ ပါတယ်။

ညို (အမရပူရ)
#Yadanarpondaily
http://themyawadydaily.blogspot.com/2014/09/blog-post_47.html?spref=tw
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment