ကားစီးမည်ဆိုပါက ကားပါကင်တန်ဖိုး ထည့်တွက်ရန် လိုလာ

ရန်ကုန်၊ စက်တင်ဘာ ၇

မော်တော်ယာဉ် တင်သွင်းခွင့် ယခင်ကထက် ပိုမိုဖြေလျှော့ပေး လာခြင်းကြောင့် ရန်ကုန်၌ ယခု လက်ရှိ တွင် နေ့စဉ်နှင့်အမျှ ယာဉ်ကြော ပိတ်ဆို့မှု ကြုံတွေ့နေရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာမှလည်း လမ်းဘေး ပခုံးသားများအား ချဲ့ထွင်၍ ယာဉ်ရပ်နား ရန် နေရာများ ဖော်ထုတ်ကာ ကားပါကင် နေရာသစ် များ ပြုလုပ် လျက် ရှိသော်လည်း တင်သွင်းသည့် ကားပမာဏနှင့် ဖော်ထုတ် နိုင် သည့် မြေနေရာမှာ မလုံလောက်မြဲ ဖြစ်နေသည်။ ““လမ်းချဲ့တယ်၊ လမ်းချဲ့ရင် မြေသားနေရာကို ချဲ့တယ်။ အဲဒီမြေသားနေရာက ကားရပ် တဲ့နေရာ ဖြစ်သွားတယ်။ အမှန်တကယ် သူတို့က ကားလမ်းအတွက် ချဲ့ရမှာ။ အဲဒီမှာလွဲတာ””ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဖေက သုံးသပ်သည်။…

ယင်းကဲ့သို့ ယာဉ်ရပ်နားရန် အခက်အခဲရှိခြင်းနှင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ရခြင်းမှာ ကားပါမစ် များအား ချထားပေးရာတွင် ကြုံတွေ့ လာရနိုင်သည့် အခက်အခဲများ ကြိုတင် တွက်ချက်မှု နည်းပါးခြင်း၊ အချို့သော သူများမှာ အထွေထွေ လိုအပ်ချက်ထက် ပိုမိုသည့် ကားအစီးရေ တင်သွင်းခြင်း၊ ၀ယ်ယူခြင်း စသည့် အချက် များကြောင့်လည်း ယာဉ်ရပ်နားရန် နေရာ အခက်အခဲ ဖြစ်ပေါ်နေရသည်။

ထို့ပြင် လမ်းဘေး တစ်ဖက်တစ်ချက်စီ၌ အချိန်ကြာမြင့်စွာ ရပ်နားထားသည့် ကိုယ်ပိုင်ယာဉ်များ ကိုလည်း ယခု ကောက်ယူနေသည့် တစ်နာရီ ယာဉ်ရပ်နားခ၂၀၀ ထက် ပိုမိုမြင့်မားသည့် ဈေးနှုန်း ကောက်ယူခြင်းဖြင့် မလိုအပ်ဘဲ ယာဉ်အစီးရေ အများအပြား ၀ယ်ယူတင်သွင်းခြင်းများ အား လျော့နည်း စေနိုင်ကြောင်း သုံးသပ်မှု များလည်း ရှိသည်။ ရန်ကုန်မြို့တွင် ယာဉ်အစီးရေ ငါးသိန်းကျော်ရှိကာ ယင်းတို့အနက် ၆၀၀၀ ကျော်မှာ ခရီးသည်တင် ယာဉ်လိုင်းများ ဖြစ်သည်။ သို့သော် ၎င်းယာဉ်စီးရေနှင့် ကိုက်ညီသည့် ယာဉ်ရပ်နား စခန်းများ၊ ကျယ်ဝန်းသည့် ကားမှတ်တိုင်များ မရှိခြင်းမှာလည်း ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်စေရန် အားပေးနေသည့် အကြောင်းအရာ တစ်ခုဖြစ်ကာ သွားလာရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် မြန်မာနိုင်ငံတွင် ယာဉ်ကြော ပိတ်ဆို့မှုဒဏ် ခံစားနေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ပြည်တွင်း ထုတ် သတင်းဂျာနယ် တစ်စောင်သို့ ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

ယင်းကဲ့သို့ ကားနေရာ အခက်အခဲများ ဖြစ်ပေါ်နေချိန်၌ ““ကားပါကင်ရန် မဖြစ်ရမည့် 25’ x 50’ စမ်းချောင်း သိန်း ၂၀၀၀ တိုက်ခန်း ၀ယ်မလား၊ (၁)ခန်းဝယ်လျှင် သိန်း (၆၀၀) တန် ကားပါကင် (၁)စီး စာနေရာ အခမဲ့ ပေးမည်”” ဆိုသည့် စမ်းချောင်းမြို့နယ်ရှိ Sanchang Garden Residence ကွန်ဒိုတိုက်ခန်း အရောင်း ကြော်ငြာ စာအား အစိုးရပိုင် သတင်းစာများ၌ ကြေညာထားသည်ကို တွေ့ရသည်။

ယင်းကားပါကင် တန်ကြေးမှာ ရန်ကုန်မြို့၏ ဒုတိယမြို့လယ်ဟု ခေါ်ဆိုရမည့် စမ်းချောင်း၊ တာမွေ၊ ဗဟန်း စသည့် မြို့နယ်များမှ အထပ်မြင့်တိုက် ခန်း ဈေးနှုန်းများထက်ပင် များပြားလျက်ရှိပြီး ရန်ကုန် အစွန် အဖျား နေရာများရှိ ပေ၄၀ x ပေ၆၀ မြေကွက် သုံးကွက်မက တန်ကြေး ရှိသည်။

““ရန်ကုန်မြို့မှာက ကားပါကင်က အရမ်းရှားတယ်လေ။ 1 square feet (တစ်ပေပတ်လည်)ကို ၂ သိန်းနဲ့ပဲ တွက်ဦး။

ကားပါကင်တစ်နေရာကို သိန်း ၆၀၀ လောက်ကျတယ်။ ကားပါကင် တစ်စီးစာက ၁၈ ပေ x ၈ ပေ။ ကားပါကင်ချည်းပဲ သိန်း ၆၀၀ လောက် တန်တယ်။ ကားတစ်စီးစာနေရာ ရမှာပေါ့””ဟု Sanchang Garden Residence ကွန်ဒိုတိုက်ခန်း အရောင်းဌာနမှ မဆွိက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရန်ကုန်မြို့ရှိ ကားပါကင် အခက်အခဲများနှင့် ပတ်သက်၍ စတုရန်းပေ ၂၅၀၀ ထက် ကျော်သည့် အဆောက် အအုံများ ဆောက်လုပ်မည် ဆိုပါက ကားပါကင် ထည့်သွင်းရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ က ကြေညာထားသည်။ သို့သော် ယင်းပေအကျယ်ရှိ ကွန်ဒိုတိုက်ခန်း များ ဆောက် လုပ်ခြင်းထက် သာမန် အထပ်မြင့် အဆောက်အအုံ များ ဆောက်လုပ်မှု ပိုများခြင်းနှင့် လူနေ ထူထပ်လာခြင်း ကြောင့် ကားရပ်နားရန် နေရာအခက်အခဲများ ပိုမို တိုးလာခဲ့သည်။

ရန်ကုန်မြို့တွင် မော်တော်ယာဉ်များ တိုးပွားလာခြင်းနှင့်အတူ ယာဉ်ရပ်နားစခန်းများ နည်းပါးနေခြင်းကလည်း ကားရပ်နားရန် နေရာ ရှားပါးမှုအတွက် လိုအပ်နေသည့် ကွက်လပ်တစ်ခု ဖြစ်သည်။

ပြည်လမ်းရှိ မြေနီကုန်း ကားရပ်နားစခန်း အပါအ၀င် ရန်ကုန်မြို့၌ ယာဉ်ရပ်နားရန် စခန်းအရေအတွက် ငါးခု အောက်သာရှိပြီး လိုအပ်ချက်နှင့်အညီ ထပ်မံ တည်ဆောက်ရန် လိုအပ်လျက် ရှိကြောင်း သုံးသပ်သူများလည်း ရှိသည်။

““တကယ်ဖြစ်သင့်တာက အဆောက်အအုံ ဆောက်မယ်ဆိုရင် အဲဒီဆောက်လုပ်မယ့် ပမာဏနဲ့ ပါကင် ယူသင့်တာပေါ့။ ရှိပြီးသား နေရာတွေအပြင် ပါကင်အဆောက်အအုံ ထားပေးရမှာပေါ့။ အိမ်ရှင်ကတော့ ကိုယ့်ကား ကိုယ့်အိမ်ရှေ့မှာ ထားချင်မှာပေါ့။ အခု အချိန်မှာတော့ ပါကင်ဧရိယာ တစ်ခု သတ်သတ်မှတ်မှတ် ရှိမှပဲရမယ်။ သူများ နိုင်ငံမှာတော့ ပါကင်က အထပ်လိုက် ထားတာ။ ပါကင် ဧရိယာတွေကို ဆောက်ပြီးတော့ အဲဒီ့လုပ်ငန်းကို အားပေးဖို့ သင့်တယ်။ စင်ကာပူမှာဆိုရင် ပါကင်ဧရိယာ ထားထားပေးတယ်။ ကားလာထားရင် ပိုက်ဆံကောက်တယ်။ အခုလက်ရှိ ဖြစ်နေတာက အဲဒီနေရာကို မဖြေရှင်းဘဲနဲ့ အခြားပါကင် နေရာတွေ လုပ်သလို ဖြစ်နေတာ””ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဖေက သုံးသပ်သည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment